ဖေဖော်ဝါရီ၂၈ရက် ရဲတပ်ဖွဲ့ဝင်များကို ဆန္ဒပြစုဝေးရပ်အနီး မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဆန္ဒပြပွဲများကြားက သတင်းထောက်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း

ဖေဖော်ဝါရီ၁ရက်၊ အာဏာသိမ်းပြီးနောက် နေ့မှာစစ်မြေပြင်၊ ညမှာတစပြင်ဖြစ်နေတဲ့ ရန်ကုန်မြို့တွင်းက ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်နှိမ်နင်းခံခဲ့ရတဲ့ အခြေအနေတွေကို သတင်းယူခဲ့တဲ့ ဖရွန်တီးယားမြန်မာ သတင်းထောက်က သူ့ရဲ့ မျက်မြင်အတွေ့အကြုံတွေကို ရေးသားထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရန်ကုန်မြို့က လမ်းမတွေဟာ စစ်မြေပြင်အလား အသွင်ပြောင်းလဲသွားပြီး မတ်၁၀ရက်အထိ (ရန်ကုန်တစ်ခုတည်းမှာ) အနည်းဆုံး၁၇ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဖရွန်းတီးယားမြန်မာ

ဖေဖော်ဝါရီ၂၅ရက်ညမှာ အင်အားအပြည့်နဲ့ ရဲတပ်သားတွေဟာ တာမွေမြို့နယ်ထဲက လမ်းသွယ်လေးထဲကို ဝင်ရောက်စီးနင်းနေတာကို ထိတ်လန့်ဖွယ်စောင့်ကြည့်ခဲ့မိပါတယ်။

ညဘက် ရုတ်တရက် ဝင်ရောက်စီးနင်းရတဲ့ အကြောင်းအရင်းက အာဏာသိမ်းစစ်ကောင်စီက အစားထိုးခန့်အပ်လိုက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက အသိအမှတ်မပြုဘဲ ဆန္ဒပြခဲ့လို့ ဖြစ်ပါတယ်။ တာမွေမြို့နယ်မှာ နေထိုင်သူတွေ မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်တွေမှာဆိုရင် ရဲတွေက ဒိုင်းတွေကို တုတ်တွေနဲ့ အဆက်မပြတ်ရိုက်၊ ရှေ့ကိုချီတက်နေပြီး မျက်ရည်ယိုဗုံးတွေကိုလည်း ရပ်ကွက်နေလူထုထံ ပစ်ထည့်ခဲ့ပါတယ်။

ဒီအခြေအနေတွေ ဖြစ်ပေါ်နေချိန်မှာ ဖရွန်တီးယားမြန်မာရဲ့ ဓာတ်ပုံသတင်းထောက်ကလည်း တာမွေမြို့နယ်မှာရောက်ရှိနေပြီး အခြေအနေအသေးစိတ်ကိုသိခဲ့ရပါတယ်။ သူ့အတွေ့အကြုံအရ ရန်ကုန်မြို့က အဲ့ဒီရပ်ကွက်လေးဟာ စစ်မြေပြင်အလား အခြေအနေဆိုးဝါးခဲ့တယ်လို့ ပြောပါတယ်။ သူပြောနေတာတွေကို မျက်စိထဲမြင်ယောင်ကြည့်ဖို့ ကြိုးစားပေမဲ့ ကိုယ်တိုင်တစ်ခါမှ မကြုံဖူးခဲ့တာကြောင့် ထပ်တူမြင်ယောင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမဲ့ ကျမသဘောပေါက်လိုက်တာက နောက်ပိုင်းရက်တွေမှာ ကျမတို့ကိုယ်တိုင်လည်း သူ့လိုမျိုးကြုံတွေ့လာရတော့မယ်ဆိုတာကိုပါပဲ။ ရန်ကုန်မှာရှိတဲ့ ရဲတွေဟာ အကြမ်းဖက်လူစုခွဲတဲ့ အပြုအမူတွေကို စတင်လုပ်လာပြီး ယခင်အစောပိုင်းရက်တွေနဲ့ မတူဘဲ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ၆ရက်ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်တဲ့ ရန်ကုန်မြို့က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နေ့တိုင်းမပျက်မကွက်သတင်းယူခဲ့ပါတယ်။ လှည်းတန်းလို နေရာမျိုးမှာ ပုံစံအမျိုးမျိုး ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေနဲ့ ကျောင်းသားထုအင်အားက အမြဲလိုလိုများပြားခဲ့ပါတယ်။

ဆန္ဒပြသူတွေ လမ်းပေါ်မထွက်လာခင် ‌အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ၁ရက်ကစပြီး ရဲအင်အားအများအပြားဟာ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ နေရာယူစောင့်ကြည့်ခဲ့ကြတာပါ။ ဆန္ဒပြပွဲတွေစတင်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ဆို့၊ ဆန္ဒပြသူတွေဘက်ကို ရေကားတွေနဲ့ ချိန်ရွယ်ပြီး လူစုခွဲဖို့ ရဲတွေက ဖိအားပေးတာမျိုးတွေလုပ်ခဲ့ပါတယ်။ နောက်ပိုင်းရက်တွေမှာတော့ ရဲတွေက ဆန္ဒပြသူတွေကို စတင်ပြီး အကြမ်းဖက်ဖြိုခွင်းတော့တာပါပဲ။

ဖေဖော်ဝါရီ၂၆ရက်မှာ ကျမတို့ ဓာတ်ပုံသတင်းထောက်ကြုံခဲ့သလို ပုံစံနဲ့ ကြုံတွေ့ရဖို့ အကြောင်းဖန် လာပါတယ်။ လူဦးရေ ၁,၀၀၀လောက်ရှိတဲ့ ဆန္ဒပြသူတွေက လှည်းတန်းလမ်းမကြီးပေါ်မှာ နေရာယူရင်း အာဏာရှင်ဆန့်ကျင်ရေးသီချင်းတွေ အော်ဟစ်သီဆို ဆန္ဒထုတ်ဖော်နေပါတယ်။ သူတို့နဲ့ မျက်နှာချင်းဆိုင် မလှမ်းမကမ်းမှာတော့ ရဲတပ်ဖွဲ့က အသင့်အနေအထားနဲ့ နေရာယူပြီး စောင့်ကြည့်နေပါတယ်။

နေ့လယ်၃နာရီလောက်မှာတော့ ဆန္ဒပြသူတွေက လူစုခွဲရင်းအိမ်ပြန်ဖို့ လုပ်နေကြပါပြီ။ အဲဒီအချိန်မှာ ရုတ်တရက် ဆန္ဒပြသူတွေရဲ့ အရှေ့နဲ့အနောက်ကို ရဲတပ်ဖွဲ့ဝင်တွေက ခပ်မြန်မြန်နေရာယူလိုက်ပါတယ် ။ နှစ်ဖက်ညှပ်ဖမ်းတဲ့ပုံစံမျိုးပါပဲ။ ရဲတွေစတင်ချီတက်လာတာနဲ့ သတင်းထောက်တွေနဲ့ ဆန္ဒပြသူတွေဟာ သူတို့တွေနဲ့ အနီးဆုံးဖြစ်တဲ့ လှည်းတန်းစျေးနဲ့ ကပ်လျက် လမ်းသွယ်တစ်ခုထဲကို အလုအယက် ပြေးဝင်လိုက်ကြပါတယ်။

စျေးလမ်းဖြစ်တာကြောင့် ဆိုင်လေးတွေနဲ့ ပြည့်ကျပ်နေပြီး တိုက်ခန်းတွေကလည်း အတော်လေး ပူးပူးကပ်ကပ်ရှိတဲ့ လမ်းသွယ်လေးဖြစ်ပါတယ်။ သို့ပေမဲ့ ရဲတွေက အဲဒီလမ်းသွယ်လေးထဲအထိ ပြေးဝင်လာပြီး ရာဘာကျည်တွေနဲ့ ပစ်ခတ်တာ၊ အသံဗုံးတွေ ပစ်ဖောက်တာမျိုးအထိ လုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကို တိုက်ခိုက်ဖို့သာ အဓိကအာရုံထားနေပြီး ရပ်ကွက်နေပြည်သူတွေ၊ လမ်းသူလမ်းသားတွေ ထိခိုက်မှာကို နည်းနည်းလေးမှ ထည့်မတွက်တဲ့ပုံပါပဲ။

ဒါ့ပြင် သူတို့လုပ်ရပ်တွေကို ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ခံရမှာစိုးတဲ့အတွက် ရဲတွေဟာ အထပ်မြင့်တိုက်တွေအထိ သေနတ်ကို ထောင်ပြီး ပစ်ခတ်ခဲ့ပါတယ်။ လုံခြုံတဲ့ တစ်နေရာမှာပုန်းရင်း ကျမကိုယ်တိုင်တွေ့လိုက်ရတာက လူ ၁၁ယောက်လောက်ကို ဖမ်းသွားတာပါ။ အဖမ်းခံရသူတွေမှာ ဆန္ဒပြတဲ့လူငယ်တွေအပြင် သူတို့ပြေးဝင်ပုန်းတာကို လက်ခံပေးခဲ့တဲ့ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးလည်း ပါပါသေးတယ်။ သူ့ဘာသာအိမ်မှာနေရင်း ကလေးတွေကိုကာကွယ်ပေးလို့ အဖမ်းခံလိုက်တာပါ။ ရဲတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်မှုကြောင့် ဖမ်းခံထားရတဲ့သူတွေက သွေးသံတရဲရဲဖြစ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဖေဖော်ဝါရီ၂၆ရက်က ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းမပေါ်က ဆန္ဒပြသူများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)
လှည်းတန်းဈေးနောက်ရှိ ကျဉ်းမြောင်းသော လမ်းကြားလေးအတွင်းထိပင် ရဲတပ်ဖွဲ့က ပိတ်ဆို့ပြီး ဆန္ဒပြသူများကို ဖြိုခွင်း၍​ လိုက်လံဖမ်းဆီးခဲ့သည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)
ဖေဖော်ဝါရီ၂၆ရက်က လှည်းတန်းမီးပွိုင့်အနီး အင်းစိန်လမ်းမကြီးပေါ်တွင် ဆန္ဒပြသူများကို ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် အချို့ပြေးလွှားနေစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

နောက်တစ်နေ့ ဖေဖော်ဝါရီ၂၇ရက်၊ မနက်အစောပိုင်းမှာတော့ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမီးပွိုင့်အနီးမှာ လူပေါင်း ၂,ဝဝဝကျော်က ဆန္ဒပြဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ တိုင်းရင်းသားပေါင်းစုံအထွေထွေသပိတ်အဖွဲ့ဝင်တွေက သူတို့ရဲ့တိုင်းရင်းသားရိုးရာဝတ်စုံတွေနဲ့ စီတန်းလှည့်လည် ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သပိတ်စစ်ကြောင်း မစခင်မှာပဲ ရဲတွေက စတင်ဖြိုခွင်းခဲ့ပါတယ်။ ရဲတွေဟာ သူတို့ကိုင်ဆောင်ထားတဲ့ ဒိုင်းတွေကို တုတ်တွေနဲ့တီးခတ်၊ ဆန္ဒပြလူအုပ်ဘက်ကို ချီတက်ပြီး မျက်ရည်ယိုဗုံးတွေပစ်၊ ရာဘာကျည်တွေနဲ့ တရစပ်ပစ်ခတ်ဖြိုခွင်းပါတော့တယ်။

ကျမတို့ သတင်းထောက်တွေလည်း အလျင်အမြန်ရှောင်တိမ်းခဲ့ရပါတယ်။ ကျမရောက်ရှိနေခဲ့တဲ့ ခြောက်လွှာကနေ အောက်မြင်ကွင်းကို အတိအကျမြင်နေရတာကြောင့် ရဲတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းရယူနိုင်ခဲ့ပါတယ်။ အဲဒီနေရာမှာတင် ကံမကောင်းစွာနဲ့ အဖမ်းခံလိုက်ရတဲ့ လူ၂၁ဦးရှိပြီး Myanmar Nowသတင်းဌာနက အမျိုးသမီးသတင်းထောက်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ သူက ရဲတွေရဲ့ ဆန္ဒပြပွဲအကြမ်းဖက်လူစုခွဲပုံတွေကို ဖေ့စ်ဘွတ်ခ်မှာ တိုက်ရိုက်ရုပ်သံလွှင့် တင်ဆက်နေတုန်းမှာ မထင်မှတ်ဘဲ ရုတ်တရက် အဖမ်းခံခဲ့ရတာပါ။

အဲဒီနောက်မှာတော့ ရဲတွေက ဖမ်းမိထားတဲ့ ဆန္ဒပြသူတစ်ချို့ကို ဒူးထောက်ခိုင်းပြီး အုပ်စုလိုက် ရိုက်နှက်တာ၊ ခေါင်းနဲ့ ကျောကုန်းကို ခြေထောက်နဲ့ ကန်ကျောက်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ လုပ်ရပ်ကြောင့် အဖမ်းခံရသူတချို့ သွေးထွက်သံယိုဖြစ်တဲ့အထိ ဒဏ်ရာရခဲ့ကြပါတယ်။ သူတို့ကို မြင်နေပေမဲ့ မကယ်တင်နိုင်၊ ဘာအကူအညီမှ မပေးနိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုလည်း ခံစားခဲ့မိတယ်။ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက သူတို့လိုအဖမ်းမခံရသေးခင်မှာ ဒီလိုမတရားဖမ်းဆီးခံရမှုတွေကို မြန်မာအပါအဝင် ကမ္ဘာတစ်ဝှမ်းက လူတွေသိအောင် သတင်းထုတ်ပြန်နိုင်ဖို့နဲ့ မှတ်တမ်းတင်ထားဖို့ပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ၂၈ရက်ကတော့ အဆိုးဝါးဆုံးသောနေ့ရက်တွေ စတင်ခဲ့ရာလို့ ပြောရမှာပါ။ ရဲတွေဟာ ကျည်ဆံအစစ်အသုံးပြုပြီး ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် မနက်ပိုင်းမှာပဲ ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့ရပါတယ်။ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေကို အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး လူပေါင်းများစွာလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်ဖြိုခွင်းခံရတဲ့အခါ ဆန္ဒပြတဲ့ ပြည်သူတွေဟာ နီးစပ်ရာ အဆောက်အဦးတွေ၊ အိမ်တွေမှာ ရှောင်တိမ်းခဲ့ရပါတယ်။ ဒါပေမဲ့ ရဲတွေဆုတ်ခွာသွားတာနဲ့ တစ်ပြိုင်နက် လမ်းမကြီးတွေထက် ပြန်လည်စုဝေးခဲ့ကြပြီး အတားအဆီး၊ အကာအရံတွေကို ပြန်လည်တည်ဆောက်၊ ဆန္ဒပြန်ပြခဲ့ကြပါတယ်။ “ဖိရင်ကြွမယ်၊ ထိရင်ချမယ်”လို့ ရဲရဲတောက်အော်ဟစ်ရင်း ကြံ့ကြံ့ခိုင် ဆန္ဒပြခဲ့ကြပါတယ်။

ရဲတွေအင်အားသုံးအကြမ်းဖက်ဖြိုခွင်းပြီး ဆန္ဒပြမှုတွေကို ဟန့်တားဖို့ကြိုးစားခဲ့ပေမဲ့ လူငယ်တွေက နည်းလမ်းမျိုးစုံသုံးပြီး ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ရဲ့ အင်အားကလည်း အရင်ကထက် ပိုတိုးလာပါတယ်။ လူငယ်ထုရဲ့ ရဲရင့်မှု၊ နည်းပညာအသုံးပြုမှု၊ ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေကို ဆန္ဒပြပွဲသတင်းယူတဲ့ အချိန်တစ်လျှောက် အတော်လေး လေ့လာသတိထားမိခဲ့ပါတယ်။ သူတို့ကို ရဲတွေဖြိုခွင်းခါနီးဆို လူစုခွဲပြီး တခြားတစ်နေရာကို ရှောင်တိမ်းကြပါတယ်။ ရဲတွေပြန်ဆုတ်သွားရင်တော့ သူတို့လည်း လူပြန်စုပြီး ဆန္ဒဆက်ပြကြပါတယ်။ ရဲတွေအများအပြားရှိတဲ့ နေရာတွေကို ရှောင်တိမ်းရင်း ဆန္ဒပြကြသလို လူစုရပ် တည်နေရာတွေကိုလည်း လူမှုကွန်ရက်ကနေ အချင်းချင်းအသိပေးပြီး သတ်မှတ်ကြလေ့ရှိပါတယ်။

လူထုရဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းတာနဲ့ပတ်သက်ပြီး ရဲတွေကို အထက်က ဖိအားပေးခဲ့သလားဆိုတာကိုတော့ အသေအချာ မသိနိုင်ပါဘူး။ ဒါပေမဲ့ အင်မတန် အရုပ်ဆိုး၊ အကျည်းတန်တဲ့ ဖြစ်စဉ်တစ်ခုကိုတော့ ကျမကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။

တစ်ရက် အဆောက်အဦးတစ်ခုရဲ့ ဝရန်တာပေါ်ကနေ သတင်းယူနေတုန်း လမ်းပေါ်မှာ ဆန္ဒပြသူတွေကို ရာဘာကျည်တွေနဲ့ ပစ်ခတ်ရင်း ရဲတပ်ဖွဲ့က လူစုခွဲနေပါတယ်။ အဲဒီအချိန်မှာပဲ ရဲတစ်ဖွဲ့ဝင်တစ်ဦးက “ငါတို့က တာဝန်အရ ပစ်နေတာမဟုတ်ဘူး၊ ငါတို့ကိုယ်တိုင်လုပ်ချင်လို့ကို လုပ်နေတာ။ အပြင်မှာနေတဲ့လူတွေ အကုန်လုံး အသတ်ခံရမယ်”လို့ အော်ဟစ်ရင်း ပစ်ခတ်နေတာကို ကျမ မျက်စိရှေ့မှာပဲ တွေ့လိုက်ရပါတယ်။ တခြားရဲတွေကလည်း ညစ်ညစ်ညမ်းညမ်း ဆဲဆိုကြိမ်းမောင်းရင်း ပစ်ခတ်နေတာပါ။

အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းမပေါ်ကလူတွေကို ပစ်ခတ်ရုံမက အထပ်မြင့်တိုက်ခန်းတွေပေါ်က ကြည့်နေတဲ့ သူတွေကိုပါ လှမ်းပစ်ပါတော့တယ်။ ကျမ ဗွီဒီယိုရိုက်နေတာကို ရဲတစ်ယောက်ကမြင်လိုက်ချိန်မှာတော့ ကျမရှိရာကို လှည့်ပြီး ပစ်ခတ်ပါတော့တယ်။ ရာဘာကျည်တချို့က တိုက်နံရံကိုလာမှန်ပြီး ကျမကိုတော့ ရာဘာကျည်တစ်ချက် ထိမှန်ခဲ့ပါတယ်။ သိပ်ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါဘူး။

ဖေဖော်ဝါရီ၂၇ရက်က စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမကြီးပေါ်တွင် ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ ပစ်ခတ်၍ လူစုခွဲနေသည့် ရဲတပ်ဖွဲ့ဝင်များကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)
Protesters pay tribute at a makeshift memorial for man killed by police in Hledan this morning. (Frontier)
ဖေဖော်ဝါရီ၂၈ရက်၊​ နံနက်အစောပိုင်းက ကမာရွတ်မြို့၊​ လှည်းတန်းလမ်းမပေါ်တွင် ကျည်အစစ်ဖြင့် ပစ်ခတ်ခံရ၍ ဆန္ဒပြသူတစ်ဦး သေဆုံးသွားသောနေရာတွင် ပန်းပွင့်များမြေပေါ်ချ၍ ဝမ်းနည်းမှုကို ပြသခဲ့ကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဖေဖော်ဝါရီ၂၈ရက်စာရင်းအရ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေအတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၈ဦးရှိခဲ့ပြီးရန်ကုန်မှာ လေးဦးရှိခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ မတ်၁၀ရက်အထိ ဆန္ဒပြပွဲတွေနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခံရသူဦးရေ ၂,၀၀၀ကျော်ရှိနေပါပြီ။ သေဆုံးသူဦးရေကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မတ်၁၀ရက်အထိ ၅၈ဦးရှိနေပါပြီ။

ပြည်သူတွေက နေ့ဘက်မှာ အာဏာရှင်စနစ်ကို ဆန္ဒပြကြပြီး ညဘက်မှာတော့ ၈နာရီရောက်တိုင်း မပျက်မကွက် တစ်အိမ်မကျန် သံပုံးတွေ၊ အိုးတွေ တီးခတ်ကြပြီး စစ်အာဏာသိမ်းမှုကို မနှစ်မြို့ကြောင်း ထုတ်ဖော်ပြသနေဆဲဖြစ်ပါတယ်။ ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့အတွက် ည၈နာရီနောက်ပိုင်းမှာတော့ ရန်ကုန်မြို့ရဲ့ လမ်းမတွေဟာ သုသာန်တစပြင်အလား တိတ်ဆိတ်ခြောက်ကပ်သွားပြန်ပါတယ်။

မတ်၁ရက်၊ ညပိုင်းမှာ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)သတင်းဌာနကနေ မိုဘိုင်းဖုန်းနဲ့ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှုတစ်ခု ပြသနေတာကို ကျမသတိထားမိလိုက်ပါတယ်။ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် ဒီဗွီဘီ သတင်းထောက်ကိုယ်တိုင် တင်ပြနေတာပါ။ အဲဒီတိုက်ရိုက်တင်ဆက်နေသူ သတင်းထောက်ကိုအောင်ကျော်ဟာ သူ့အိမ်ကို ရာဘာကျည်တွေ၊ ကျောက်ခဲတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့ရဲတွေကို အဲဒီလိုဆက်မလုပ်ဖို့ ကင်မရာကိုင်ရင်း အမှောင်ထဲကနေ အော်ဟစ်ပြောဆိုနေတာပါ။

ပစ်ခတ်မှုကြောင့် ဦးခေါင်းထိမှန်သွားကြောင်းနဲ့ သူ့ကိုကယ်ပေးဖို့ ဘေးပတ်ဝန်းကျင်ကို ကိုအောင်ကျော်က အော်ဟစ်ပြီး အကူအညီတောင်းခံခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ​ ဝရန်တာပေါ်ကို မျက်ရည်ယိုဗုံးတစ်လုံး ကျရောက်လာပြီး အငွေ့တွေထွက်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာ တံခါးဖျက်သံလည်း ကြားလိုက်ရပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု ပြတ်တောက်သွားပါတယ်။

ကိုအောင်ကျော်ဟာ အရင်ရက်တွေမှာ မြိတ်မြို့ပေါ်မှာ ရဲနဲ့စစ်သားတွေက ဒေသခံတွေအိမ်ကို ဝင်ရောက်စီးနင်းပြီး ပစ္စည်းတစ်ချို့ဖျက်ဆီးသွားတဲ့အကြောင်း စုံစမ်းဖော်ထုတ်ပြီး သတင်းတင်ဆက်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့်ပဲ ရဲနဲ့ စစ်သားတွေက ညအချိန်မတော် သူ့အိမ်ရှေ့ကို ရောက်လာကြဟန်တူပါတယ်။ 

တကယ်တော့ မြန်မာနိုင်ငံမှာရှိတဲ့သတင်းထောက်တွေရဲ့ဘဝဟာ ဘယ်တော့မဆို လုံခြုံမှုမရှိခဲ့ပါဘူး။ ၂၀၁၀မတိုင်ခင် စစ်အစိုးရအုပ်ချုပ်ခဲ့စဉ်ကစလို့ ဦးသိန်းစိန်အစိုးရအပါအဝင် အစိုးရအဆက်ဆက် လက်ထက်တိုင်းမှာ အမြဲလိုလို ဖမ်းဆီးခံ၊ ထောင်ချခံကြရပါတယ်။

အခုစစ်ကောင်စီလက်ထက်မှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ဖို့ ဆန္ဒထုတ်ဖော်မှုတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ပြုကျင့်မှု၊ ဖမ်းဆီးမှုတွေနဲ့ ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှုတွေအကြောင်း သတင်းတင်ပြရင်း အန္တရာယ်ပေါင်းစုံနဲ့ ရင်ဆိုင်နေကြတာပါ။ ဘယ်လောက်ပဲအန္တရာယ်တွေရှိပါစေ သတင်းထောက်တစ်ဦးအတွက် သတင်းမှန်တွေကို ပြည်သူလူထုဆီ အရောက်ပို့နိုင်ဖို့ထက် အရေးကြီးတာ ဘာမှမရှိဘူးလို့ပဲ ဆိုချင်ပါတယ်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar