မြန်မာနိုင်ငံရဲ့ မိုဘိုင်းတယ်လီကွန်းဈေးကွက်ထဲကို နောက်ဆုံးမှ ဝင်ရောက်လာတဲ့ Mytel က မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်တဲ့ eSIM ဝန်ဆောင်မှုကို စတင်မိတ်ဆက်လိုက်ပါတယ်။
ဒီဝန်ဆောင်မှုဟာ မိုဘိုင်းဆက်သွယ်မှုတွေအတွက် ပုံမှန်ဆင်းကတ်မလိုအပ်ဘဲ eSIM ဝန်ဆောင်မှုကို ထောက်ပံ့ပေးနိုင်တဲ့ နောက်ဆုံးပေါ် မိုဘိုင်းဟန်းဆက်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
“Mytel သုံးစွဲသူတွေကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ eSIM ဝန်ဆောင်မှု မိတ်ဆက်ပေးနိုင်တဲ့အတွက်လည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ eSIM ဝန်ဆောင်မှုကို မိုဘိုင်း စက်ပစ္စည်းများစွာနဲ့ စမ်းသပ်မှုတွေ အောင်မြင်ခဲ့ပြီးတော့ အခုဆိုရင် eSIM ဝန်ဆောင်မှုကို ထောက်ပံ့တဲ့ မိုဘိုင်းလ်ဖုန်းအသုံးပြုနေတဲ့ Mytel သုံးစွဲသူတွေအားလုံး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” လို့ Mytel မှ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။
eSIM ဝန်ဆောင်မှုအတွက် Mytel ကနေ ဝယ်ယူထားတဲ့ ပလပ်စတစ်ဘောင်ချာကဒ်မှာ ပါရှိတဲ့ QR ကုဒ်ကို စကင်ဖက်ပြီး setting ထဲမှာ ချိန်၍ အသုံးပြုနိုင်မှာဖြစ်သလို MNO (Mobile Network Operator) အပ်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲ၍ အကြောင်းအရာများကို setting ထဲမှာ ချိန်ညှိအသုံးပြုနိုင်မယ်လို့ Mytel ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကမှ ဈေးကွက်ထဲ တရားဝင် စတင်ဝင်ရောက်လာတဲ့ Mytel က VoLTE ဝန်ဆောင်မှုကို မြန်မာတစ်နိုင်ငံလုံးမှာ အသုံးပြုနိုင်ပြီလို့လည်း ယခုလအစောပိုင်းက ကြေညာခဲ့ပါတယ်။
“Mytel က မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်ရဲ့ ပထမဦးဆုံးအနေနဲ့ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သုံးစွဲသူတွေအတွက် VoLTE ဝန်ဆောင်မှုရရှိအောင် လုပ်ဆောင်ပေးနိုင်တဲ့ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ VoLTE ကအကောင်းဆုံး အသံဝန်ဆောင်မှု ဆိုတာထက် ပိုပါတယ်” လို့ ဦးဇော်မင်းဦးက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက် စတုတ္ထမြောက ်မိုဘိုင်းဖုန်း အော်ပရေတာဖြစ်တဲ့ Mytel ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Telecom International Myanmar Company Limited ဟာ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ကိုင်ဖို့ Nationwide Telecommunication License ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့က ရရှိခဲ့ပါတယ်။
ဒီလိုလုပ်ကိုင်ဖို့အတွက် ဗီယက်နမ် တပ်မတော်ပိုင် ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Viettel Global Investment Joint Stock Company Limited နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင် Star High Company နှင့် Myanmar National Telecom Holding Public တို့က ဖက်စပ်လုပ်ငန်း သဘောတူညီချက်ကို ၂၀၁၆ ခုနှစ်ကတည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီ သဘောတူညီချက်အရ Viettel က ၄၉ ရာခိုင်နှုန်း ထည့်ဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း ၁၁ ခု ပူးပေါင်းထားတဲ့ Myanmar National Telecom Holding Public နဲ့ Star High Public Co တို့က ၂၃ ရာခိုင်နှုန်းနဲ့ ၂၈ ရာခိုင်နှုန်းစီ ထည့်ဝင်ကြတာ ဖြစ်ပါတယ်။