ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ရန် ပြည်သူ့လွှတ်တော်၌ အစီအစဉ်မရှိသေး

အပြစ်ရှိမရှိ မပေါ်ပေါက်သေးချိန်တွင် အများအားဖြင့် အာမခံမရဘဲ အချုပ်ထဲမှ တရားရင်ဆိုင်ရမှုကြောင့် ဝေဖန်မှုများရှိနေသည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကို လတ်တလော၌ ပြင်ဆင်ရန် စီစဉ်နေခြင်း မရှိသေးကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

“ယနေ့အချိန်ထိတော့ ကိုယ်စားလှယ်တစ်ဦးတစ်ယောက်ကမျှ ယနေ့အချိန်အထိ မေးခွန်းတင်လာတာ၊ အဆို တင်လာတာ ဥပဒေကြမ်းတင်လာတာ မရှိသေးပါဘူး” ဟု နေပြည်တော်၊ ပြည်သူ့လွှတ်တော်ဝန်းအတွင်းရှိ ဇဗ္ဗူသီရိခန်းမတွင် ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ်သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

ယင်းပုဒ်မနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ မှတ်ချက်ကို သတင်းထောက်တစ်ဦးက မေးမြန်းသော်လည်း အဆိုပါပုဒ်မအကြောင်း လွှတ်တော်တွင်း ဆွေးနွေးဖြစ်ပါက ၎င်း၏ မှတ်ချက်ကြောင့် အမတ်တို့၏ လွတ်လပ်စွာဆွေးနွေးမှုအပေါ် လွှမ်းမိုးသလို ဖြစ်မည်စိုးရိမ်၍ မပြောလိုကြောင်း ဦးဝင်းမြင့်က ဖြေကြားသည်။

သို့သော် “လွတ်လပ်စွာဆိုတဲ့နေရာမှာ မှန်ကန်တဲ့ အကြောင်းတရားဖြစ်ရမယ်။ တိကျတဲ့ အထောက်အထားရှိရမယ်။ အဲဒါမရှိဘဲနဲ့ လူတစ်ဖက်သားကို ဂုဏ်သိက္ခာကျအောင် ပြောချင်သလို ပြောမယ်။ အသရေပျက်အောင် ဆိုချင်သလိုဆိုမယ်။ ကလော်မယ်ဆိုရင် ကျွန်တော်တို့က အဲဒီလူအတွက် သူ့မှာ တာဝန်ယူမှုလည်းရှိရမယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ ပုဒ်မအား ပြင်ဆင်သင့်မသင့်နှင့် မည်သို့ပြင်ဆင်သင့်သည်ကို ဆွေးနွေးရန် လွန်ခဲ့သော နှစ်လက စီစဉ်ခဲ့ဖူးသည့် ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ထိုစဉ်က အစိုးရဌာနများနှင့် အစည်းအဝေး တစ်ကြိမ်လုပ်ရန် စီစဉ်ခဲ့ဖူးသော်လည်း ပျက်သွားခဲ့ကြောင်း ပြောကြားသည်။

ဆက်သွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည့် ၂၀၁၁-၂၀၁၅ ပြည်ထောင်စုလွှတ်တော်သက်တမ်းအတွင်း သင်္ကန်းကျွန်းမြို့နယ်အမတ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်ကမူ “ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ကောက်နိုင်အောင် ဖွင့်ပေးထားတဲ့အတွက် ဥပဒေရဲ့ မူလရည်ရွယ်ချက်နဲ့ လက်တွေ့ကျင့်သုံးတဲ့နေရာမှာ နိုင်ငံရေးအရ အခုအချိန်မှာ တစ်ဖက်နဲ့တစ်ဖက် အရေးယူတဲ့ ပုဒ်မဖြစ်လာတာပေါ့။ ဥပဒေပြဋ္ဌာန်းတဲ့ ရည်ရွယ်ချက်နဲ့ ကင်းကွာလာတာပေ့ါ” ဟု Frontier ကို ပြောသည်။

“နိုင်ငံရေးအရ သုံးတယ်ဆိုတဲ့ အခြေအနေမျိုးရောက်လာအောင် ဘာကြောင့်ဆောင်ရွက်နေသလဲဆိုတဲ့ အခြေအနေကို ကျွန်တော်နားမလည်ဘူး။ အကြမ်းဖျဉ်းပြောရရင် အာဏာရလာတဲ့အခါမှာ မရခင်တုန်းက ပြောဆိုထားတဲ့ အချက်တွေနဲ့ လမ်းကြောင်းလွဲနေတာက မဖြစ်သင့်ဘူးလို့ ထင်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်က သမ္မတကို သရော်သည့် ကဗျာရေးမှုကြောင့် အသရေဖျက်မှုဖြင့် ထောင်ဒဏ်ခြောက်လ အပြစ်ပေးခံခဲ့ရဖူးသည့် ကဗျာဆရာ မောင်ဆောင်းခကမူ အဆိုပါဥပဒေကို ပြင်ဆင်ရန် အစိုးရတွင်ရော လွှတ်တော်၌ပါ တာဝန်ရှိကြောင်း ပြောကြားသည်။

“ပြည်သူ့မျက်နှာကြည့်ပြီး လက်တလောမှာ ပြည်သူတွေကို ဒုက္ခအပေးဆုံးဖြစ်နေတဲ့ ဒီဥပဒေကို အမြန်ဆုံးပြင်ဖို့ မဖြစ်မနေလုပ်ပေးဖို့ လွှတ်တော်အမတ်တွေမှာ တာဝန်ရှိပါတယ်” ဟု လက်ရှိအချိန်တွင် ဆက်သွယ်ရေးဆိုင်ရာဥပဒေ သုတေသနအဖွဲ့ကို ဦးဆောင်နေသည့် မောင်ဆောင်းခက ဆိုသည်။

အဆိုပါ သုတေသနအဖွဲ့၏ စာရင်းများအရ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာမှ ယနေ့အထိ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုပေါင်း ၄၅ မှုတွင် တရားစွဲဆိုခံရသူ ၂၄ ဦးရှိပြီး ယနေ့အချိန်တွင် အာမခံမရပဲ အချုပ်တွင်းမှ အမှုရင်ဆိုင်နေရသူ ၁၆ ဦးရှိသည်။

ထိုအထဲတွင် Eleven Media Group ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက်တာသန်းထွဋ္ဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့လည်း ပါဝင်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar