ဘရပ်ဆဲလ်၊ မေ ၃
မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက မွတ်ဆလင် ရိုဟင်ဂျာလူနည်းစုများအပေါ် ကျူးလွန်ခဲ့သည်ဟုဆိုသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပယ်ချလိုက်သည်။
ရခိုင်ပြည်နယ်တွင် လူသတ်မှု၊ မုဒိန်းမှုနှင့် နှိပ်စက်ညှင်းပမ်းများကို ကျူးလွန်ခဲ့သည်ဟူသည့် စွပ်စွဲများကြောင့် မြန်မာနိုင်ငံသို့ အချက်အလက်ရှာဖွေရေးအဖွဲ့အား စေလွှတ်ရန် ကုလသမဂ္ဂက ပြီးခဲ့သည့်မတ်လတွင် သဘောတူညီခဲ့သည်။
“ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့ သဘောမတူပါဘူး” ဟု မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ဥရောပသမဂ္ဂ၏ သံတမန်အကြီးအကဲ Federica Mogherini နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပစဉ် မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကျွန်မတို့အနေနဲ့ သဘောတူ လက်ခံပါဝင်ခြင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆုံးဖြတ်ချက်က မြေပြင်မှာ တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ ကိုက်ညီတယ်လို့ ကျွန်မတို့ မယူဆလို့ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
ရခိုင်ပြည်နယ်၏ အမှန်တကယ်လိုအပ်ချက်များနှင့် ကိုက်ညီသည့် အကြံပြုချက်များကို ပေးပါက မြန်မာနိုင်ငံအနေဖြင့် “ကျေနပ်စွာလက်ခံသွားမည်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
“ရခိုင်ပြည်နယ်က လူအဖွဲ့အစည်းနှစ်ခုကို ပိုမိုဝေးကွာသွားစေမယ့် အကြံပြုချက်တွေကို ကျွန်မတို့လက်ခံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်လုံး ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒါက အကူအညီဖြစ်စေမှာ မဟုတ်လို့ပါ” ဟု ၎င်းကပြောကြားသည်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရပြီးချိန်မှ စတင်ကာ လပေါင်းများစွာကြာမြင့်ခဲ့သည့် စစ်တပ်၏ စစ်ဆင်ရေးများအတွင်း လူရာပေါင်းများစွာ အသတ်ခံခဲ့ရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားကြသည်။ အိမ်နီးချင်းဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည့် ရိုဟင်ဂျာ ၇၅,၀၀၀ ခန့်က စစ်တပ်၏ အဓမ္မပြုကျင့်မှုများကို ပြန်လည်ပြောကြားခဲ့ကြသည်။
သို့သော် အဆိုပါကြမ်းကြုပ်ရက်စက်မှုများကို မြန်မာအာဏာပိုင်များက တမင်သက်သက် ခွင့်လွှတ်ထားသည်ဟူသည့် ပြောဆိုချက်များကို ဒေါ်အောင်ဆန်းစုကြည်က ပယ်ချခဲ့သည်။
“ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရက်စက်ကြမ်းကြုပ်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့က စိုးရိမ်ပူပန်မှုမရှိမရှိဘူးလို့ ရှင်တို့ပြောနေတာက ဘာကို ဆိုလိုတာလည်းဆိုတာတော့ ကျွန်မလည်း မသိဘူး။
“ဒါပေမယ့် ကျွန်မတို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်။ အရေးယူမှုတွေလဲ ရှိတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဥရောပသမဂ္ဂသံတမန်အကြီးအကဲ Mogherini ကမူ ကုလသမဂ္ဂ၏ စုံစမ်းမှုကို မြန်မာနိုင်ငံအနေဖြင့် လက်ခံရန် တိုက်တွန်းခဲ့သည်။
“ကျွန်မတို့ သဘောမတူကြတဲ့ ကိစ္စအနည်းငယ်ထဲမှာ အချက်အလက်ရှာဖွေရေးအဖွဲ့ ဖွဲ့စည်းရေးကလည်း တစ်ချက်ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားသည်။
စုံစစ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခြင်းအားဖြင့် အတိတ်ကာလက ဖြစ်ပျက်ခဲ့မှုများကို သိရှိနိုင်ကာ အနာဂတ်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတွင် အထောက်အကူဖြစ်စေမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
သတင်း-အေအက်ဖ်ပီ