လာမည့် မြန်မာနှစ်သစ်ကူးကာလတွင် “စုပေါင်းအင်အား”ကို အလေးထားပြီး နိုင်ငံ၏ စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ရန် သန္နိဋ္ဌာန်ချလိုက်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁ ရက်နေ့တွင် ပြောကြားသည်။
“ကျွန်မတို့နိုင်ငံအတွက် အလိုအပ်ဆုံး ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တည်ဆောက်ရာမှာ စုပေါင်းအင်အားဟာ အဓိကပါ။ တိုင်းရင်းသားများအကြား နှစ်ရှည်လများစွာ ဖြစ်ပွားလာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများ ငြိမ်းအေးစေဖို့ အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှုက အခြေခံအုတ်မြစ်ပါ။ ဒီအုတ်မြစ်ကို စုပေါင်းအင်အားနဲ့ ခိုင်မာအောင် ဆောက်တည်နိုင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တာဝန်ယူမှု နှစ်နှစ်ပြည့်မြောက်သည့် မိန့်ခွန်းတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ပြည်သူများကလည်း အစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီပေးစေချင်သည်ဟု ၎င်းက တိုက်တွန်းခဲ့သည်။
“အထူးသဖြင့် ကျွန်မတို့ အနာဂတ်အကျိုး မျှော်ကိုးပြီး လူငယ်များ ပါဝင်စေချင်ပါတယ်။ ပါဝင်နေကြတာကိုလည်း တွေ့ရလို့ အင်မတန်မှ ဝမ်းသာပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်စေရန် စတင် ရုန်းကန်နေရသည့်အချိန်၌ ပြည်တွင်း၊ ပြည်ပမှ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်နေရသည်ဟု ၎င်းက ပြောကြားသည်။
“ကမ္ဘာ့အသိုင်းအဝိုင်းအတွင်းမှာ တာဝန်သိစွာဖြင့် ရပ်တည်နိုင်ရန် အရေးကြီးကြောင်းကို နားလည် အသိအမှတ်ပြုတဲ့အလျောက်၊ ကျွန်မတို့တစ်တွေဟာ ကိုယ့်နိုင်ငံရဲ့ အခြေအနေ၊ လိုအပ်ချက်များနဲ့ ကိုက်ညီစွာ လျှောက်လှမ်းရင်းနဲ့ပဲ၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အမြင်၊ သဘောထားတွေကိုလည်း အလေးပေး ဆောင်ရွက်ရပါတယ်။ အတိတ်ကကျန်ခဲ့တဲ့ အမွေဆိုးတွေကို ဖယ်ရှားကျော်လွှားဖို့၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းတဲ့နေရာမှာ ကျွန်မတို့တွေ သင်ခန်းစာယူနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရခဲ့ရပါတယ်။
“သစ္စာ၊ မေတ္တာ၊ သတ္တိ၊ မုဒိတာ ဘယ်လောက်လိုအပ်တယ်၊ လောဘ၊ ဒေါသ၊ မောဟတွေ ဘယ်လောက် များပြားဆိုးဝါးတယ်၊ မိတ်ဆွေကောင်းတွေရဲ့ ကျေးဇူး ဘယ်လောက် ကြီးမားတယ်ဆိုတာကို ပိုမိုလို့ သိနားလည်လာရပါတယ်။ အားလုံးအထက်မှာ ကျွန်မတို့အတွက် အရေးအကြီးဆုံး သင်ခန်းစာကတော့ ပြည်သူရဲ့ နားလည်ထောက်ခံမှု၊ အားပေးမှုများရဲ့ အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဒါကြောင့် ယခုလာမယ့် မြန်မာ သက္ကရာဇ် ၁၃၈၀ ခုနှစ်အတွက် ကျွန်မတို့အစိုးရအနေနဲ့ “စုပေါင်းအင်အား” ကို အလေးထားပြီး နိုင်ငံရဲ့စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန် ချလိုက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ကျွန်မတို့ လွတ်လပ်ရေးဖခင်ကြီးများ မျှော်မှန်းခဲ့တဲ့ တရားမျှတမှုနဲ့ လွတ်လပ်တဲ့ နိုင်ငံ၊ လူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှမှု အာမခံမယ့် ဖြူစင်တဲ့ဝါဒ ကျင့်သုံးတဲ့နိုင်ငံ အမှန်တကယ်ဖြစ်စေဖို့ စုပေါင်းအင်အားနဲ့ လုပ်ဆောင်ကြပါစို့” ဟုလည်း ၎င်းက ပြောကြားသွားသည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ မိန့်ခွန်းတွင် သမ္မတအပြောင်းအလဲကိစ္စကိုလည်း ထည့်သွင်းပြောကြားခဲ့ကာ သမ္မတသစ် ဦးဝင်းမြင့်သည် ဒီမိုကရေစီလှုပ်ရှားမှု၏ ဒုတိယမျိုးဆက်တစ်ဦးဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
“သမ္မတကြီးဦးဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်စအချိန်မှာပဲ ပါတီဝင်ဖြစ်လာပြီး၊ ကိုယ်ရောစိတ်ပါ၊ ကျွန်မတို့နိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားများ အကျိုးဖြစ်စေမယ့် ပါတီလုပ်ငန်းတာဝန်များကို အကြီးအသေး၊ အမြင့်အနိမ့် မရွေးဘဲ ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
“ဦးဆောင်ဦးရွက်ပြုသူတို့ရဲ့ ဂုဏ်ရောင်ဟာ အရည်အချင်းပြည့်ဝ၊ ယုံကြည်စိတ်ချရတဲ့ မျိုးဆက်သစ်တွေ မွေးထုတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ယခု ကျွန်မတို့ဒီမိုကရေစီ လှုပ်ရှားမှုအတွင်းက ပေါ်ပေါက်လာတဲ့ နိုင်ငံ့တာဝန်များကို သီလ၊ သမာဓိ၊ ပညာနဲ့ ထမ်းဆောင်နိုင်မယ့် နိုင်ငံတော်သမ္မတတစ်ဦးကို ဒုတိယမျိုးဆက်လို့ ခေါ်ဆိုရမယ့် သူများအတွင်းက ခန့်အပ်နိုင်ခြင်းဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့တဲ့ ခေါင်းဆောင်များသာမက၊ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပထမမျိုးဆက်များ အားလုံးရဲ့ ဂုဏ်ရောင်ပဲဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် သမ္မတတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး အနားယူသွားသည့် ဦးထင်ကျော်ကိုလည်း ကျေးဇူးတင်ရှိသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။