စီးပွားရေးလုပ်ငန်းရှင်များကို အားပေးမြှင့်တင်ခြင်း

မြန်မာနိုင်ငံတွင် ကုမ္ပဏီများ စတင်တည်ထောင်နိုင်မည့် အလားအလာ များစွာရှိနေသော်လည်း စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ တောက်ပသော စိတ်ကူးအကြံအစည်များအား အောင်မြင်သော စီးပွားရေးလုပ်ငန်းများအဖြစ်သို့ ပြောင်းလဲနိုင်ရန်အတွက် စိတ်အားထက်သန် ပြင်းပြမှုနှင့် ဘဏ္ဍာရေးအရ ကျောထောက်နောက်ခံပြုမှုတို့ လိုအပ်နေသည်။ အစိုးရက ယခုထက်ပို၍ ပံ့ပိုးပေးခြင်းကလည်း အကူအညီဖြစ်စေမည်ဖြစ်သည်။

အိုလီဗာ ဆလိုး ရေးသားသည်။

ပညာသင်ကြားရန်အတွက် ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည့် မမေမွန်သူက အော်ဒါချုပ် အဝတ်အထည်ကုမ္ပဏီတစ်ခုအား ထိုင်းနိုင်ငံတွင် ဦးစွာ တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် ဘန်ကောက်မြို့တော်ရှိ တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။

“ဒါပေမယ့် ပြိုင်ဆိုင်မှုက အရမ်းများလွန်းပြီး ကုမ္ပဏီကြီးထွားလာဖို့အတွက် ကျွန်မတို့တွေ အခက်အခဲ တွေ့ခဲ့ရတယ်။ [မြန်မာနိုင်ငံထဲမှာ] အခြေအနေတွေ ပြောင်းလဲလာပုံကို ကျွန်မတို့ တွေ့မြင်ခဲ့ရတော့ ဘာကြောင့် အဲဒီကို မသွားရမှာလဲလို့ ကျွန်မစဉ်းစားမိခဲ့တယ်” ဟု ရန်ကုန်မြို့ မြောက်ပိုင်းတွင် တည်ရှိသည့် သူမ၏ ကုမ္ပဏီရုံးခန်းတွင် Frontier ကို ပြောကြားသည်။

၂၀၁၅ ခုနှစ်၊ မတ်လတွင် သူငယ်ချင်းနှစ်ဦးနှင့် အတူ တည်ထောင်ခဲ့သော Mumper ကုမ္ပဏီက ကုမ္ပဏီများအတွက် တံဆိပ်တပ် ထုတ်ကုန်များနှင့် ဈေးကွက်ဆိုင်ရာ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ၎င်းတို့၏ထုတ်ကုန်များတွင် တီရှပ်များ၊ ကော်ဖီခွက်များ၊ သော့ကြိုးများနှင့် “သင်စဉ်းစားမိသမျှ အရာတိုင်းဖြစ်နိုင်သည့် အရာများ” ပါဝင်ပြီး ၎င်းကုမ္ပဏီ၏ လိုဂိုအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ပေးသည်။

လုပ်ငန်းသစ်တစ်ခုဖြစ်သောကြောင့် ဘဏ္ဍာငွေရရှိရေးအပါအဝင် ဝန်ထမ်း အလုံအလောက်ရရှိစေရန် ခန့်ထားခြင်းကဲ့သို့သော စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရသော်လည်း အကြီးမားဆုံး စိန်ခေါ်ချက်တစ်ခုမှာ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များအတွက် ငွေကြေး ပိုမိုသုံးစွဲကြရန်အတွက် ဈေးဝယ်သူများကို သိမ်းသွင်းစည်းရုံးခြင်းပင်ဖြစ်သည်ဟု မမေမွန်သူက ပြောသည်။

“လူတွေက ဒါမျိုးနဲ့ အသားမကျသေးပါဘူး။ သူတို့က အရာရာတိုင်းကို တတ်နိုင်သမျှ ဈေးသက်သက်သာသာနဲ့ လိုချင်ကြပါတယ်။ ဒါပေမယ့် အချိန်ကြာလာရင် ဒီအနေအထားက ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်နေပါတယ်” ဟု သူမက ဆိုသည်။

စွန့်ဦးတီထွင် စီးပွားရေးသမားများအတွက် ခေတ်သစ်တစ်ခု

အမူအကျင့်များနှင့် အရသာများ ပြောင်းလဲလာမှုများက လူငယ်စွန့်ဦးတီထွင် စီးပွားရေးသမားများအား မြန်မာ့စီးပွားရေး အသွင်ကူးပြောင်းမှုတစ်ရပ်ဆီသို့ ဦးတည်ရေးတွင် အထောက်အကူဖြစ်စေမည့် လုပ်ငန်းများ စတင်လုပ်ကိုင်လာရန် စိတ်ပါဝင်စားလာစေသည်။

စစ်အစိုးရအဖွဲ့ဝင်များနှင့် နီးကပ်သော ဆက်ဆံရေးကြောင့် အကျိုးခံစားခွင့်များ ရရှိခဲ့သည့် အနည်းငယ်မျှသော ရေပေါ်ဆီလူတန်းစားများက မြန်မာ့စီးပွားရေးအား ဆယ်စုနှစ်များစွာကြာ လွှမ်းမိုးထားခဲ့ကြသည်။ စစ်အစိုးရက ၎င်းတို့အား စီမံကိန်းကြီးများ လုပ်ကိုင်ခွင့်ကို မကြာခဏ ခွင့်ပြုပေးလေ့ရှိသည်။ ထိုအခြေအနေက အသေးစား စီးပွားရေးလုပ်ငန်းများ ကြီးပွားတိုးတက်ရန် အခွင့်အလမ်းများစွာရှိနေသော အနေအထားမျိုး မဟုတ်ပေ။

သို့သော် လွန်ခဲ့သောနှစ်များအတွင်း စွန့်ဦးတီထွင် စီးပွားရေးသမားများအတွက် နေရာလွတ်များ ပိုမို ကျယ်ပြန့်လာခဲ့သည်။ ကုမ္ပဏီငယ်များအတွက် အဟန့်အတားများစွာ ရှိနေသေးသော်လည်း ဤကဏ္ဍတွင် အောင်မြင် ဖြစ်ထွန်းလာလိမ့်မည်ဟူသော အကောင်းမြင်မှုများစွာ ရှိနေသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် အားလုံးပါဝင်နိုင်သည့် ရေရှည်တည်တံ့သည့် တိုးတက်မှုကို အာရုံပြုသွားမည်ဟု ဖော်ပြထားသည့် အချက် ၁၂ ချက်ပါ စီးပွားရေးမူဝါဒအား အစိုးရက ထုတ်ပြန်ခဲ့သည်။ အသေးစိတ်ဖော်ပြမှု အနည်းငယ်သာပါဝင်သည့် ဤမူဝါဒတွင် “လူငယ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးရန်” နှင့် “တီထွင်ဆန်းသစ်မှုနှင့် ကြိုးပမ်းအားထုတ်မှုများအားဖြင့် ကောင်းမွန်သော ရလဒ်များကို အစဉ်သဖြင့် ရရှိစေရေးအတွက် နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်နိုင်မည့်” စနစ်တစ်ခု ဖန်တီးတည်ထောင်ရန်တို့အတွက် အခွင့်အလမ်းများ ဖန်တီးပေးမည့် စီးပွားရေးတစ်ရပ် ဖွံ့ဖြိုးတိုးတက်လာစေရေးလည်း ပါဝင်သည်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို အားပေးမည့် စီးပွားရပ်ဝန်းတစ်ခုက အစိုးရ၏ ရည်မှန်းချက်များကို အောင်မြင်စေရန်အတွက် အကူအညီ ဖြစ်စေလိမ့်မည်ဖြစ်သည်။

အထူးသဖြင့် ရန်ကုန်မြို့တွင် အင်တာနက်ဆက်သွယ်မှု ပိုမို ကောင်းမွန်တိုးတက်လာခြင်းက နည်းပညာကဏ္ဍတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင် အုပ်စုသစ်တစ်ခုကို ပြုစုပျိုးထောင်ရန် အထောက်အကူပြုခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံ၏ အင်တာနက်မြန်နှုန်းက အိမ်နီးချင်းနိုင်ငံများထက် နှေးကွေးနေသေးသော်လည်း နည်းပညာစွန့်ဦးတီထွင် စီးပွားရေးသမားများအတွက် ရွှေရောင်ခေတ်တစ်ခေတ်က တစ်ထောင့်တစ်နေရာတွင် ရောက်ရှိနေပြီးဖြစ်သည်ဟု အများစုက ယုံကြည်လျက်ရှိသည်။

ဥပမာတစ်ခုမှာ ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံ အနှံ့အပြားရှိ ကုန်ပစ္စည်းများအား ကားသမားများဖြင့် သယ်ယူ ပို့ဆောင်ပေးရန် စားသုံးသူများဖြင့် ချိတ်ဆက်ထားသည့် အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်သော Kargo ပင်ဖြစ်သည်။ ဤလုပ်ငန်းအား ကိုထွန်းခိုင်လင်းနှင့် သြစတြေးလျနိုင်ငံမှ မစ္စတာ အဲလက် ဝစ်ခ်တို့ အကျိုးတူပူးပေါင်းကာ စက်တင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်သည်။

အိမ်ရွှေ့ရန်အတွက် ၎င်း၏ ပရိဘောဂများအား ရွှေ့ပြောင်းရန် ယဉ်မောင်းတစ်ဦး၊ သို့မဟုတ် ကားတစ်စီးအား ရှာဖွေမရခဲ့ရာမှ ထိုလုပ်ငန်းကို စတင်ရန် ကိုထွန်းခိုင်လင်းတွင် စိတ်ကူးပေါ်လာခြင်း ဖြစ်သည်။

“ဒါက နိုင်ငံခြားသားတွေနဲ့ ဒေသခံတွေအပါအဝင် လူတော်တော်များများအတွက် ပြဿနာတစ်ရပ် ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အလျင်အမြန် နားလည်ခဲ့တယ်” ဟု ကိုထွန်းခိုင်လင်းက Frontier ကို ပြောကြားသည်။

“မြို့အနှံ့အပြားမှာရှိနေတဲ့ ကုန်ကားအများစုကိုလည်း သေသေချာချာ မသုံးနိုင်သေးဘဲ ဖြစ်နေတာကို သတိပြုမိခဲ့တယ်။ ဒါကြောင့် ဒီကားသမားတွေနဲ့ လူတွေအကြား ချိတ်ဆက်ပေးခြင်းက တော်တော်လေး ယုတ္တိရှိပါတယ်” ဟု ၎င်းကဆိုသည်။

ဝစ်ခ်အဆိုအရ နည်းပညာလုပ်ငန်းတစ်ခုအဖြစ် ဤကုမ္ပဏီ ရင်ဆိုင်ခဲ့ရသည့် အကြီးမားဆုံးသော စိန်ခေါ်ချက်မှာ လိုက်ဖက်သော အရည်အချင်းရှိ ဝန်ထမ်းများကို ရှာဖွေခြင်းပင် ဖြစ်သည်။

“ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့သူတွေ ရှိနေပါတယ်။ ဒါပေမယ့် ခုအချိန်ထိတော့ အရေအတွက်က အရမ်းနည်းပါတယ်။ ဒီနေရာမှာရှိနေတဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ အယူအဆတစ်ခုလုံးက အသစ်စက်စက်တစ်ခုဖြစ်နေပေမယ့် အလျင်အမြန် ကြီးထွားလာနေပါပြီ။ ဒီကဏ္ဍမှာ တစ်ဟုန်ထိုး ကြီးထွားလာတာကို မြင်တွေ့ရဖို့ အသင့်ဖြစ်နေပြီလို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဝစ်ခ်ကလည်း မြန်မာ့စီးပွားရေး၏ အလားအလာအတွက် ယုံကြည်မှုရှိနေသည်ဟု ထုတ်ဖော်ပြောကြားသည်။

“[အမေရိကန်က] အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခြင်းက ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ဆိုတာ ထင်ရှားသလို ယခုလို ပိုမိုသေးငယ်တဲ့ လုပ်ငန်းအချို့အပေါ်မှာ တစ်နည်းတစ်ဖုံ သက်ရောက်နိုင်မယ့် အလားအလာတွေရှိနေပြီး ကုန်စည်ပံ့ပိုးမှု ကွင်းဆက်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်လာမယ့် အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးပါတယ်” ဟုလည်း ၎င်းကဆိုသည်။

“အဲဒါက ပြည်တွင်း၊ ပြည်ပနှစ်ဘက်စလုံးက ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်မှု ပိုမိုရှိလာမှုအတွက် အကျိုးကျေးဇူးတွေ ထပ်မံ ရှိစေပါတယ်” ဟု ၎င်းကပြောသည်။

အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့သော တိုးတက်မှုကို ရရှိရန်အတွက် အစိုးရက အရေးတကြီး ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ဇောင်းပေးဖော်ပြထားသည့် အစီအရင်ခံစာတစ်ခုအား မြန်မာနိုင်ငံ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များအသင်း (MYEA) က ပြီးခဲ့သည့် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည်။

စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း ဦးဆောင်နိုင်ငံတစ်ခုအဖြစ် ၂၀၂၅ ခုနှစ်၌ ဖြစ်လာစေသည်ဟု MYEA က ဖော်ပြထားသည်။

ဤရည်မှန်းချက် အောင်မြင်စေရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ကဏ္ဍစုံတွင် အရည်အသွေးမြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဖော်ဆောင်ပေးမည့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်စားလိုပြီး နိုင်ငံရေး တည်ငြိမ်မှုနှင့် ခိုင်မာသော တရားရေးစနစ်နှင့် မူဝါဒရေးရာ ဖွဲ့စည်းပုံတို့မှ အကျိုးခံစားရသောသူများ၊ မိမိကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများကို စတင်ရန် စိတ်အားထက်သန်သော လူငယ်များ၊ မြန်မာနှင့် အခြားနိုင်ငံများအကြားတွင် လုပ်ငန်းများ လုပ်ကိုင်ရန် လွယ်လင့်တကူရှိစေသော အခြေအနေတို့ လိုအပ်သည်ဟုလည်း MYEA အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဤအစီအရင်ခံစာတွင် မြန်မာနိုင်ငံအား ထိုင်း၊ ဗီယက်နမ်၊ စကာၤပူနှင့် ကမ္ဘောဒီးယားတို့ အပါအဝင် အခြားသော အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာထားပြီး ရလဒ်များအရ မြန်မာနိုင်ငံ၏ ဈေးကွက်နှင့် ငွေကြေး ရယူသုံးစွဲနိုင်မှု၊ လူ့စွမ်းအားအရင်းအမြစ်၊ စွန့်ဦးတီထွင်လိုသော ယဉ်ကျေးမှုနှင့် စွန့်ဦးတီထွင် စီးပွားရေးမူဝါဒတို့မှာ အနိမ့်ပါးဆုံး ဖြစ်နေသည်ကို တွေ့ရသည်။

နိုင်ငံနှင့် နယ်မြေပေါင်း ၁၃၈ ခုအပေါ် ဆန်းစစ်အကဲဖြတ်ထားသည့် ၂၀၁၇ ခုနှစ် ကမ္ဘာ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ အညွှန်းကိန်းတွင် မြန်မာနိုင်ငံက ယခင်နှစ်ကထက် အဆင့်သုံးဆင့် ထပ်မံကျဆင်းခဲ့ကာ အဆင့် ၁၂၀ ၌ ရှိနေသည်။ ကမ္ဘောဒီးယားက အဆင့် (၁၁၄)၊ ဗီယက်နမ် (၈၇)၊ ထိုင်း (၆၅)၊ မလေးရှား (၅၄) နှင့် စင်ကာပူ (၂၄) တို့ထက် နောက်ကောက်ကျနေသည်။

Mumper ကုမ္ပဏီကို တည်ထောင်ခဲ့ကြသည့် ကိုကျော်ထက်နိုင်၊ မမေမွန်သူနှင့် ကိုဆက်ဒရစ် ပြည်စိုးသိမ်းတို့အား ရန်ကုန်မြို့ရှိ ၎င်းတို့၏ ရုံးခန်း၌ တွေ့ရစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

Mumper ကုမ္ပဏီကို တည်ထောင်ခဲ့ကြသည့် ကိုကျော်ထက်နိုင်၊ မမေမွန်သူနှင့် ကိုဆက်ဒရစ် ပြည်စိုးသိမ်းတို့အား ရန်ကုန်မြို့ရှိ ၎င်းတို့၏ ရုံးခန်း၌ တွေ့ရစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် အဓိကကျသော အဟန့်အတားများတွင် ငွေကြေးဖောင်းပွမှုနှင့် ငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်ခြင်းတို့ ပါဝင်နေသည်။ အတိတ်ကာလက နိုင်ငံရေး မတည်ငြိမ်မှုကြောင့် “ရင်းနှီးမြုပ်နှံမှုနှင့် ဆန်းသစ်တီထွင်မှုတို့အတွက် ဆွဲဆောင်မှုများ သိသိသာသာ လျော့ကျခဲ့ပြီး” အစိုးရနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ အသိုင်းအဝိုင်းအကြားတွင် ပြောဆိုဆွေးနွေးမှု မရှိသလောက် နည်းပါးသည်ဟုလည်း ဤအစီခံစာတွင် ရေးသားဖော်ပြထားသည်။

ထို့ကြောင့် အစိုးရနှင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းအကြား ချိတ်ဆက်ပေးမည့် ကော်မတီတစ်ခုကို အစိုးရက ဖန်တီးပေးသင့်သည်ဟု Mamper ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ကိုဆက်ဒရစ် ပြည်စိုးသိန်းက ပြောကြားသည်။

“စတင်ခါစ လုပ်ငန်းငယ်တွေဖြစ်တဲ့ ကျွန်တော်တို့ ကုမ္ပဏီတွေက သက်သေခံ အထောက်အထား စာရွက်စာတမ်းတွေ၊ ဒါမှမဟုတ် အခွန်ဥပဒေတွေလို ကိစ္စရပ်များစွာမှာ အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့က ကုမ္ပဏီကြီးတွေလိုမျိုး ရှေ့နေတွေ၊ ဒါမှမဟုတ် ကိုယ်စားလှယ်တွေ ငှားရမ်းဖို့အတွက် ငွေကြေးအများကြီး မသုံးနိုင်ပါဘူး။ အစိုးရဌာနတွေက အခွန်အခလို အရေးကြီးကိစ္စတွေကို ပိုမိုကောင်းမွန်စွာ နားလည်စေဖို့ ဒါမှမဟုတ် အခြား စိတ်တူကိုယ်တူ လူတွေနဲ့ ချိတ်ဆက်ဖို့အတွက် ကျွန်တော်တို့ကို အကူအညီပေးနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ဈေးကွက်များနှင့် ထိတွေ့နိုင်စွမ်းကို တိုးချဲ့ခြင်း၊ ပိုမိုကောင်းမွန်သော ငွေကြေးသုံးစွဲရယူနိုင်မှုကို ဖော်ဆောင်ပေးခြင်း၊ လူ့စွမ်းအားကို အဆင့်မြှင့်တင်ပေးခြင်း၊ အထောက်အကူပြု ကွန်ယက်များ တည်ဆောက်ခြင်း၊ စွန့်ဦးတီထွင် ယဉ်ကျေးမှုတစ်ရပ် ဖန်တီးခြင်းနှင့် ပြည့်စုံရှင်းလင်းသော စွန့်ဦးတီထွင် စီးပွားရေးမူဝါဒတစ်ရပ်ကို လက်တွေ့ဖော်ဆောင်ခြင်းစသည့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများ တိုးတက်ကြီးထွားရေးကို အားပေးမြှင့်တင်မည့် မဏ္ဍိုင်ခြောက်ရပ်အပေါ်တွင် အာရုံပြုရန် လိုအပ်သည်ဟု MYEA ၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အတူ ဒေဝါလီခံယူခြင်းဆိုင်ရာ ဥပဒေများကို စတင်ပြဌာန်းပေးရန်နှင့် စီးပွားရေးလုပ်ငန်းများ စွန့်စားမှုရယူစေရေး အားပေးရန်အတွက် ချေးငွေရယူရာတွင် ပစ္စည်းအပေါင်ယူနေမှုများကို အဆုံးသတ်ရန်တို့ကိုလည်း ဤအစီရင်ခံစာက တိုက်တွန်းထားသည်။

“အောင်မြင်တဲ့ စွန့်ဦးတီထွင် စီးပွားရေးသမားများစွာရဲ့ ဗဟိုချက်မဖြစ်တဲ့ ဆီလီကွန်တောင်ကြား (Silicon Valley) မှာဆိုရင် လုပ်ငန်းသစ်တစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ကျရှုံးသွားခြင်းက တကယ်တမ်းမှာ အတွေ့အကြုံနဲ့ ထိုးထွင်းသိမြင်နိုင်တဲ့ ဉာဏ်စွမ်းတွေ ဖော်ဆောင်ပေးခြင်းအဖြစ်လို့ ရှုမြင်ပေးပါတယ်။ ကျရှုံးမှုတစ်ခုကို တင်ကြို တွေ့ကြုံထားခြင်းက ယုံကြည်စိတ်ချမှုတွေ ပေးနိုင်စေပြီး နောက်ပိုင်းလုပ်ငန်းတွေမှာ အားပေးထောက်ခံသူတွေနဲ့ ငွေကြေးပံ့ပိုးသူတွေ ရရှိရေးအတွက် အားသာချက်တစ်ရပ်အဖြစ် ရှုမြင်သင့်ပါတယ်။ ဒါကြောင့် ကျရှုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ အမည်းစက်နဲ့ သူ့ရဲ့ အကျိုးဆက်တွေကို လျော့ချပေးခြင်းက အရေးကြီးပါတယ်” ဟုလည်း အစီရင်ခံက ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများကို ဆန်းစစ်အကဲဖြတ်ရမည့် အဓိကသော့ချက်မှာ ဒူပေနာပေခံပြီး စိတ်ပိုင်းဖြတ်မှုလည်းရှိသော စီးပွားရေးသမားများကို ရှာဖွေခြင်းပင် ဖြစ်သည်ဟု ရင်းနှီးမြုပ်နှံမှုနှင့် အကြံပေးအဖွဲ့တစ်ဖွဲ့ဖြစ်သော Anthem Asia ၏ မန်နေးဂျင်းဒါရိုက်တာနှင့် ပူးတွဲတည်ထာင်သူ မစ္စဂျိုုးဆက်ဖင်း ပရိုက်စ်က ဆိုသည်။

“ဒီကိစ္စက အမှန်တကယ် ခက်ခဲကြမ်းတမ်းသလို ခင်ဗျားဘက်က စွမ်းစွမ်းတမံ ‘စည်းရုံးဆွဲဆောင်မှု’ ပြုဖို့လည်း လိုပါတယ်။ ခင်ဗျားလုပ်နေတဲ့ အလုပ်အပေါ်မှာ အမှန်တကယ် ယုံကြည်မှုရှိရမယ်။ အနည်းငယ် နာကျဉ်တာကို လက်ခံဖို့အတွက်လည်း ပြင်ဆင်ထားရမယ်။ ကျွန်မတို့က အနည်းငယ် တောင့်ခံနိုင်တဲ့သူ၊ ကိုယ့်ဆုံးဖြတ်ချက်အပေါ် ချင့်တွက် စဉ်းစားနိုင်တဲ့သူကို ရှာဖွေပါတယ်။ ပြီးရင် သူတို့မှာ အရမ်းကောင်းတဲ့ စိတ်ကူးတွေလည်း ရှိနေဖို့ လိုအပ်ပါတယ်” ဟု Frontier ကို မစ္စပရိုက်စ်က ပြောကြားသည်။

ငွေကြေးပိုင်းဆိုင်ရာ ရွေးချယ်မှုများ

မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အကြီးမားဆုံးသော စိန်ခေါ်ချက် တစ်ရပ်မှာ ငွေပင်ငွေရင်း ရရှိသုံးစွဲနိုင်မှုပင် ဖြစ်သည်။

Mamper ကုမ္ပဏီမှာ အစောပိုင်း၌ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ် လုပ်ကိုင်သည့် လုပ်ငန်းဖြစ်ခဲ့သော်လည်း လုပ်ငန်း တိုးချဲ့နိုင်ရန်အတွက် ငွေကြေး ရရှိနိုင်ရန် ရှာဖွေခဲ့သည်ဟု ဆက်ဒရစ် ပြည်စိုးသိန်းက ဆိုသည်။

“ငွေပင်ငွေရင်းက ကျွန်တော်တို့တွေ သေသေချာချာ ကြည့်ရှုရှာဖွေဖို့ စတင်ခဲ့ရတဲ့ ကိစ္စတစ်ခုပါ။ ကျွန်တော်တို့က ရင်းနှီးမြုပ်နှံသူတွေကို ဘယ်လိုထုတ်ကုန်မျိုးမှာ ရင်းနှီးမြုပ်နှံစေချင်သလဲဆိုတာနဲ့ ဘယ်လိုပုံစံမျိုး တိုးချဲ့နိုင်မလဲဆိုတာကို သင်ယူခဲ့ရပါတယ်။ အလားအလာရှိတဲ့ ရင်းနှီးမြုပ်နှံသူတွေ ကျွန်တော်တို့နိုင်ငံအတွင်းမှာ ရင်းနှီးမြုပ်နှံလာစေဖို့အတွက် ဘယ်ပုံဘယ်နည်း အမွှမ်းတင်ရမယ်၊ စည်းရုံးသိမ်းသွင်းရမယ်ဆိုတာကိုလည်း သင်ယူခဲ့ရပါတယ်” ဟုလည်း ၎င်းကဆိုသည်။ လက်ရှိအချိန်တွင် ၎င်းတို့က ပြည်တွင်း၊ ပြည်ပရှိ အလားအလာရှိသော ရင်းနှီးမြုပ်နှံသူများနှင့် ပြောဆိုဆွေးနွေးနေသည်ဟုလည်း ၎င်းက ပြောကြားသည်။

အခြားသော ငွေကြေးဆိုင်ရာ ရွေးချယ်မှုတစ်ရပ်မှာ ဘဏ်ချေးငွေဖြစ်သည်။ ကမ္ဘောဇဘဏ်ရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများဌာန၏ အကြီးအကဲဖြစ်သူ ဦးဇော်လင်းအောင်၏ အဆိုအရ ငွေထုတ်ချေးသူ၏ ချေးငွေမူဝါဒမှာ ကုမ္ပဏီတစ်ရပ်အပေါ် ဆန်းစစ်အကဲဖြတ်ချက်များပေါ်တွင် မူတည်သည်။ အဆိုပါအချက်များတွင် အကျိုးအမြတ်ရရှိနိုင်မှု၊ အတွေ့အကြုံ၊ လုပ်ငန်းကဏ္ဍအတွင်းရှိ ဂုဏ်သတင်းနှင့် ယုံကြည်စိတ်ချရမှုတို့ပါဝင်နေသည်။

တရားမဝင်ငွေကြေးအဖြစ် ကြေညာခဲ့သော သမိုင်းကြောင်းများ၊ ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေး အကြပ်အတည်းနှင့် ၂၀၀၃ ခုနှစ် မြန်မာ့ဘဏ်လုပ်ငန်း အကြပ်အတည်းများကြောင့် မြန်မာနိုင်ငံရှိ ဘဏ်များအပေါ် ကြီးကြီးမားမား သံသယဖြစ်ခြင်းမှာ လွန်ခဲ့သာ သုံးနှစ်အတွင်း ပြေလျော့သွားခဲ့ပြီဟုလည်း ၎င်းကဆိုသည်။

“ဘဏ်အပ်နှံငွေနဲ့ ချေးငွေဈေးကွက်တွေက အလွန်လျင်မြန်တဲ့နှုန်းနဲ့ ကြီးထွားလာနေပါပြီ။ ပြည်သူလူထုရဲ့ ဘဏ်တွေအပေါ် ယုံကြည်မှုကို ပြန်ရပြီဆိုတာကို ပြလိုက်ခြင်းပါပဲ” ဟု ဦးဇော်လင်းအောင်က ဆိုသည်။ ဘဏ်စနစ် ထိန်းကျောင်းသူများနှင့် မြန်မာနိုင်ငံဘဏ်အသင်းတို့က ဘဏ္ဍာရေးဆိုင်ရာနှင့် ပတ်သက်၍ ပြည်သူများကို ပညာပေးမည်ဆိုပါက ဘဏ်များအပေါ် ယုံကြည်မှု ပိုမိုအားကောင်းလာလိမ့်မည်ဟုလည်း ၎င်းကဆိုသည်။

ပြည်တွင်းအခြေစိုက် နည်းပညာကုမ္ပဏီသစ်တစ်ခုဖြစ်သည့် Bindez ၏ ပူးတွဲတည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ အိန္ဒိယနိုင်ငံသား မစ္စတာ ရာဟူး ဘာထရာသည် ၎င်း၏ကုမ္ပဏီကို ငွေကြေးမတည်မှု အဆင့်လေးဆင့်အား ဖြတ်ကျော်ရာတွင် ဦးဆောင်ပေးခဲ့သည်။ ငွေကြေးပမာဏမှာ နိုင်ငံအလိုက် ကွဲပြားခြားနားသော်လည်း စစ်မှန်သော လုပ်ငန်းသစ်တစ်ခုသည် အဆင့်ဆင့်သော ငွေကြေးမတည်မှုများကို ဖြတ်သန်းရသည်ဟု ၎င်းကဆိုသည်။ ၎င်းတို့သည် “သန္ဓေ” အဆင့် (ပုံမှန်အားဖြင့် ဒေါ်လာ ၂၅,၀၀၀ မှ ၅၀,၀၀၀ အကြား) ဖြင့် စတင်ခဲ့ပြီး ထို့နောက်တွင် စိတ်ကူးအကြံအစည်ကို စမ်းသပ်သည့် “နတ်မိမယ်” အဆင့် (ဒေါ်လာ ၅၀,၀၀၀ မှ ၂၅၀,၀၀၀ အထိ)၊ စိတ်ကူးးအကြံအစည်ကို ထပ်မံတိုးချဲ့ဆောင်ရွက်သည့် “နှိုင်းလွန် နတ်မိမယ်” အဆင့် (ဒေါ်လာ ၂၅၀.၀၀၀ မှ တစ်သန်းအထိ) နှင့် “စီးရီး အေ” အဆင့် (တစ်သန်းမှ သုံးသန်းအထိ) တို့ဖြစ်သည်။

“မြန်မာနိုင်ငံ၏ လုပ်ငန်းသစ် ထူထောင်မှုနှင့် ရင်းနှီးမြုပ်နှံမှု မြင်ကွင်းမှာ ကွဲပြားခြားနားမှုရှိနေသည်” ဟု အိန္ဒိယ၊ သြစတြေးလျနှင့် အမေရိကန်နိုင်ငံတို့ရှိ Google ကုမ္ပဏီအတွက် အလုပ်လုပ်ခဲ့ဖူးသည့် မစ္စတာ ဘာထရာကဆိုသည်။ မြန်မာနိုင်ငံမှ ရင်းနှီးမြုပ်နှံသူတစ်ဦးသည် အလွန်တရာနည်းပါးသော ငွေကြေးပမာဏ (ဥပမာ – ဒေါ်လာ ၂၅,၀၀၀ မှ ၅၀,၀၀၀ အထိ) အတွက် သင့်ထံမှ အနည်းဆုံး ၅၀ ရာနှုန်းအား ထည့်ဝင်မှုကို မျှော်လင့်လိမ့်မည်ဖြစ်ပြီး ဤမျှော်မှန်းချက်မှာ သာမန်ထက် မြင့်မားနေသည်ဟု ၎င်းကဆိုသည်။

“ယခုလိုအမြင်သဘောထားမျိုးရဲ့ နောက်ကွယ်က အကြောင်းတရားတွေကို နားလည်ဖို့ လွယ်ကူပေမယ့် ဒါက အနာဂတ်ကာလအတွက် ငွေကြေးမတည်ငွေ ရှာဖွေခြင်းနဲ့ တိုးချဲ့ခြင်းတွေအပေါ် ကြီးကြီးမားမား အဟန့်အတား ဖြစ်စေပြီး ရေရှည်အောင်မြင်ရေးအတွက် အခွင့်အလမ်းတိုင်းကို သတ်လုနီးနီး ဖြစ်စေပါတယ်။ ဒါက စွန်းစားမှု ပြုလုပ်ခြင်းကို ချုပ်တီးထားပြီး ဖြစ်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။

သို့သော် ဈေးကွက်ရင့်ကျက်လာသည်နှင့်အမျှ ဤအခြေအနေလည်း ပြောင်းလဲလာသည်ဟု ၎င်းကဆိုသည်။

“အခြေအနေတွေက ပိုမိုကြောင်းကျိုး ညီညွှတ်လာပါပြီ။ အတွေ့အကြုံရှိတဲ့ နည်းပညာရှင်တွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်တဲ့ စီးပွားရေးသမားတွေကနေ လုပ်ငန်းစတင်တဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။ အတွေးအခေါ်သစ်တွေကို စင်တင်ပေးလိုက်တဲ့ မိုဘိုင်းချိတ်ဆက်မှုကို ပွင့်လန်းလာခြင်းကနေ ရရှိလာတဲ့ အကောင်းမြင်မှုတွေ ပေါက်ဖွားလာခြင်း အားရစရာ ကောင်းပါတယ်” ဟုလည်း ၎င်းကဆိုသည်။

ငွေပင်ငွေရင်းရှာဖွေနေသော စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ရေရှည်အကျိုးကို စဉ်းစားသင့်ပြီး အလားတူ အတွေ့အကြုံများ ရှိခဲ့ဖူးသောသူများဖြင့် ထိတွေ့ဆက်ဆံခြင်းနှင့် ၎င်းတို့ထံမှ သင်ယူရန် ဘာထရာက အကြံပြုခဲ့သည်။ ထို့အတူ အရေးကြီးဆုံးမှာ “လုပ်ငန်းဆောင်ရွက်စဉ်အတွင်း စိတ်တိမ်းညွှတ်မှုနှင့် ရည်ရွယ်ချက်များအား မည်သည့်အချိန်တွင်မျှ ဆုံးရှုံးမသွားစေရေးပင်ဖြစ်သည်” ဟုလည်း အကြံပြုခဲ့သည်။

မြန်မာနိုင်ငံရှိ ရင်းနှီးမြုပ်နှံသူများသည် အထူးသဖြင့် အခြားနိုင်ငံများတွင် ၎င်းတို့ရရှိနိုင်သည်ထက် ပိုများသော ရှယ်ယာပိုင်ဆိုင်မှုမျိုးကို ရယူရန် ကြိုးပမ်းကြသည်ကို သတိထားမိသည်ဟု Building Markets Myanmar ၏ အကျိုးတူ ပူးပေါင်းဆောင်ရွက်သူများဆိုင်ရာ မန်နေဂျာနှင့် ဘဏ်လုပ်ငန်း ဆက်စပ်နည်းပညာ ကုမ္ပဏီဖြစ်သော Ngwe Su အား တည်ထောင်သူ မစ္စတာ လောရင်း ဟာ့ခ်နက်စ်ကဆိုသည်။

စစ်မှန်သော ရင်းနှီးမြုပ်နှံမှုတစ်ခုသည် “၁၈-၂၀ စည်းမျဉ်း” ကို လိုက်နာကြလေ့ရှိသည်။ ဤစည်းမျဉ်းအရ သက်ဆိုင်ရာ ရင်းနှီးမြုပ်နှံသူသည် ကုမ္ပဏီတစ်ခုအား ၁၈ လကြာ ထိန်းထားပေးနိုင်ရန် လုံလောက်သော ငွေကြေးမတည်ပေးပြီး ရှယ်ယာတန်ဖိုး၏ ၂၀ ရာနှုန်းကို ရယူကြသည်ဟု ၎င်းကဆိုသည်။

“ဒါက ကုမ္ပဏီတစ်ခု အောင်မြင်စွာ တည်ထောင်နိုင်ဖို့အတွက် အမှန်တကယ် အကူအညီဖြစ်စေပါတယ်။ တည်ထောင်သူတွေကို ကျရှုံးမှု ဒါမှမဟုတ် အားပြုမှုတို့ကို ကြုံတွေ့ရစေမယ့် ထုတ်ကုန်တွေ အစပျိုးစေဖို့အတွက် အချိန်ပေးရုံသာမက မှန်ကန်တဲ့ ရွေ့လျားအားတွေကိုလည်း ဖြစ်တည်စေပါတယ်။ ဒါမှသာ တည်ထောင်သူတွေမှာ တွန်းအားတွေဆက်ရှိစေမယ့် လုံလောက်တဲ့ ရှယ်ယာတွေ ရှိနေသလို နောက်ပိုင်းအဆင့်တွေမှာ ဆင့်ကဲ ရင်းနှီးမြုပ်နှံသူတွေကို ရောင်းချနိုင်မယ့် လုံလောက်တဲ့ ရှယ်ယာတွေလည်း ရှိနေမှာပါ” ဟု မစ္စတာ ဟာ့ခ်နက်စ်က ဆိုသည်။

ရင်းနှီးမြုပ်နှံသူများစွာက မြန်မာနိုင်ငံအပေါ် အနီးကပ်စောင့်ကြည့်နေကြသော်လည်း ရင်းနှီးမြုပ်နှံများ အမှန်တကယ် ဆောင်ရွက်ရန်အတွက်မူ အဆင်သင့် မဖြစ်ကြသေးပေ။ အဆင်သင့်ရင်းနှီးမြုပ်နှံနိုင်သည့် ကုမ္ပဏီများ အလုံအလောက် မရှိသေးဟူသော အမြင်သဘောထား ရှိနေခြင်းကြောင့် ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ၊ ပုံမှန်ဆောင်ရွက်နေသူတွေ၊ ကောင်းတဲ့ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံနေတာတွေ ရှိနေသလို အဲဒီကုမ္ပဏီတွေက ကြီးထွားလာနေပါပြီ” ဟု ဟာ့ခ်နက်စ်က ဆိုသည်။

“နတ်မိမယ်အဆင့် ရင်းနှီးမြုပ်နှံမှုတွေနဲ့ဆိုတော့ ကျွန်တော်တို့တွေအတွက် ဒီလိုအဆင့်မျိုး အနည်းငယ်သာ ထပ်လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ နတ်မိမယ်အဆင့် ထပ်မံမြုပ်နှံသူတွေ ရှိလာပြီဆိုရင် ရင်းနှီးမြုပ်နှံမှု လုပ်လို့ကောင်းတဲ့ ကုမ္ပဏီအဖြစ် ပိုမိုပီပြင်လာမယ်၊ ပိုမိုဆန်းကြယ်ကောင်းမွန်တဲ့ နတ်မိမယ်အဆင့် ရင်းနှီးမြုပ်နှံသူတွေ ပိုများလာမယ်၊ ကုမ္ပဏီကလည်း ပိုမိုဆန်းကြယ် ကောင်းမွန်လာပါမယ်။ ဒါက ကြက်နဲ့ ကြက်ဥ ဘယ်ဟာ အရင်ဖြစ်လာသလဲဆိုတဲ့ အခြေအနေမျိုးနဲ့ အနည်းငယ်ဆင်ပါတယ်။ ဒါပေမယ့် ဖြေရှင်းချက်ကတော့ ရင်းနှီးမြုပ်နှံမှု ပိုများလာဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အောင်မင်း ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar