ရန်ကုန်၊ မတ် ၂၃
ယခုနှစ် သြင်္ကန်ကာလတွင် ရန်ကုန်မြို့၌ စီးပွားဖြစ် ရေကစားမဏ္ဍပ်များကို ပုဂ္ဂလိကပိုင်နေရာများတွင် ခွင့်ပြုပေးမည်ဖြစ်ကာ မဏ္ဍပ်လက်မှတ်များကို အခွန်ကောက်ခံသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ယနေ့ ပြောကြားလိုက်သည်။
“ပြီးခဲ့တဲ့နှစ်က ခွင့်ပြုခဲ့တဲ့ မဏ္ဍပ်နေရာတွေမှာပဲ ဆက်လက်ဆောက်ခွင့် ပြုသွားပါမယ်။ ပြည်သူပိုင်နေရာတွေမှာတော့ စီးပွားဖြစ်မဏ္ဍပ်တွေကို ခွင့်မပြုပါဘူး။ စီးပွားဖြစ်လုပ်ချင်သူတွေကို ပုဂ္ဂလိကပိုင် နေရာတွေမှာ ခွင့်ပြုပေးသွားမှာပါ” ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။
“သူတို့ကိုယ်တိုင် ပုဂ္ဂလိကပိုင်နေရာမှာ ကျင်းပသွားမယ်ဆိုပေမယ့် ပတ်ဝန်းကျင်ကို ထိခိုက်မှုရှိမလား။ မရှိဘူးလားဆိုတဲ့အပေါ်မှာ သေချာစိစစ်ပြီးတော့ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ပုဂ္ဂလိကပိုင်နေရာများတွင် သီးသန့်ကျင်းပလိုသူများအတွက် စည်ပင်ဥပဒေ လုပ်ထုံးလုပ်နည်းအရ သီးသန့် ချမှတ်ပြီး အခွန်အခများ ကောက်ခံရေးကို စီမံဘဏ္ဍားဝန်ကြီးကဦးဆောင်ပြီး လုပ်ကိုင်သွားမည်ဟု ၎င်းကပြောသည်။
ပုဂ္ဂလိကပိုင်မဏ္ဍပ်များတွင် ရေကစားမည့်သူများအနေဖြင့် လက်မှတ်များတွင် အခွန်တံဆိပ်ကပ်ပြီး ဝယ်ယူရမည်ဖြစ်သည်ဟု နော်ပန်းသဉ္ဇာမျိုးက ဆက်လက်ပြောကြားသည်။
“စီးပွားရေးမဏ္ဍပ်တွေကို ခွင့်ပြုပေးလိုက်တယ်ဆိုရာမှာ နိုင်ငံတော်အနေနဲ့ အပိုဝင်ငွေရရှိအောင်နဲ့ ဘဏ္ဍာငွေတွေလည်း ရရှိအောင် ရည်ရွယ်ပါတယ်” ဟု ၎င်းကပြောသည်။
“သို့သော်ငြားလည်း အစိုးရအနေဖြင့် လွန်ခဲ့သောနှစ် သြင်္ကန်က စီးပွားဖြစ် မဏ္ဍပ်တွေ ခွင့်ပြု မပေးခဲ့တဲ့အတွက်ကြောင့်တော့ ထိခိုက်နစ်နာခြင်း မရှိခဲ့ပါဘူး” ဟု ၎င်းကပြောကြားသည်။
လာမည့် သြင်္ကန်ကာလတွင် ရန်ကုန်မြို့၌ စီးပွားဖြစ်သြင်္ကန်မဏ္ဍပ်များ ပြန်လည်ခွင့်ပြုတော့မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မတ် ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
”ဒီနှစ် ခြံကြီး၊ ဝင်းကြီးတွေအတွင်းမှာ စီးပွားဖြစ်ရေကစားမဏ္ဍပ်တွေ ဆောင်ရွက်ခွင့်ပြုပေးမှာဖြစ်တယ်” ဟု မြို့တော်စည်ပင် မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှု စစ်ဆေးရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းက အဆိုပါ သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြင်္ကန်ကာလအတွင်းက စီးပွားဖြစ် လက်မှတ်ရောင်းချသည့် မဏ္ဍပ်များအား အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ကာ မဏ္ဍပ်ဆောက်လုပ်ခွင့်များကို ကန့်သတ်မှုများ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ပြန်လည် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
စီးပွားဖြစ်မဏ္ဍပ်ကြီးများ ဆောက်လုပ်ခွင့်ပေးမည့် ခြံဝင်းများနှင့် ပတ်သက်ကာ ကော်မတီက နေရာသတ်မှတ်ထားခြင်းမရှိဟု ဦးသန်းက ဆက်လက်ပြောကြားသည်။
“သက်ဆိုင်ရာက ဆောက်လုပ်လိုတဲ့၊ ရေကစားလိုတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေအနေနဲ့ နေရာငှားရမ်းတာ၊ ရှာဖွေတာ လုပ်ရပါမယ်။ လုပ်ပြီးရင် ကော်မတီကို ဘယ်နေရာဆိုတာ၊ အရွယ်အစားဆိုတာကို တင်ပြရမယ်။ တင်ပြတဲ့အပေါ် ခွင့်ပြုဖို့သင့်၊ မသင့် စိစစ်ပေးမယ်” ဟု ၎င်းကပြောသည်။
မဏ္ဍပ်ဆောက်လုပ်ရန် တင်ပြလာသည့် လျှောက်လွှာများပေါ် မူတည်၍ သင့်လျော်သည့် မဏ္ဍပ်အရေအတွက်ကို စိစစ်ဆုံးဖြတ်ပေးသွားမည်ဖြစ်သည်။
စီးပွားဖြစ် ရေကစားမဏ္ဍပ်လျှောက်ထားမှုများကို မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှု စစ်ဆေးရေးကော်မတီ အနေဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီးအဆင့် ၁၃၇၈ ခုနှစ် ရိုးရာ မဟာသြင်္ကန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီထံ တင်ပြပြီး ခွင့်ပြုချက်အရသာ ဆောက်လုပ်ခွင့်ပေးမည် ဖြစ်သည်။
သတင်း-ဆုမြတ်မွန်