စီးကွက်ဆန်းများ ကြိုးပမ်းခြင်း

အင်တာနက် အသုံးပြုနိုင်မှု ပိုမိုကောင်းမွန်လာခြင်းသည် မြန်မာနိုင်ငံအတွင်း၌ ဘီအမ်အိပ်စ် စီးနင်းသူ မျိုးဆက်သစ်တစ်ရပ် ပေါက်ဖွားလာစေရန် အထောက်အကူပြုခဲ့သော်လည်း ၎င်းတို့အများစု ရင်ဆိုင်နေရသည့် အဆီးအတားမှာ မိဘများထံမှ ခွင့်ပြုချက် တောင်းခံရခြင်းပင် ဖြစ်သည်။

စာသားနှင့် ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

မြန်မာနိုင်ငံ၌ မှေးမှိန်ပျောက်ကွယ်နေသည့် အားကစားနည်းများကို နှစ်သက်အားပေးသော ပရိသတ်အများစုနည်းတူ အသက် ၂၂ နှစ်အရွယ် ကိုထက်ဝေယံဦးကလည်း အင်တာနက်ပေါ်မှ ဗီဒီယိုများကို ကြည့်ရှုပြီးနောက်တွင် ဘီအမ်အိပ်စ် စီးနင်းခြင်းကို နှစ်သက်မြတ်နိုးလာခဲ့သည်။

“အဲဒီအချိန်တုန်းက စက်ဘီးတောင် မရှိသလောက်ပါပဲ” ဟု ၂၀၁၃ ခုနှစ်တွင် ပထမဆုံးသော ဘီအမ်အိပ်စ် စက်ဘီးတစ်စီး ဝယ်ယူရန် ကြိုးပမ်းခဲ့သည့် ကိုထက်ဝေယံက ပြောသည်။ “နောက်ပိုင်းမတော့ စက်ဘီးတစ်စီးကို ကျွန်တော်ရှာတွေ့ခဲ့ပေမဲ့ အဲဒါက ဘီအမ်အိပ်စ် အမျိုးအစား မဟုတ်ပါဘူး။ ဒီတော့လည်း စီးကွက်ဆန်းတွေကို ကြိုးစားသင်ယူဖို့အတွက် အဲဒါကိုပဲ မဖြစ်မနေ သုံးခဲ့ရပါတယ်” ဟုလည်း ထပ်လောင်း ပြောပြသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

မြန်မာနိုင်ငံတွင် ဘီအမ်အိပ်စ် စက်ဘီးစီးနင်းသူ ၁၀၀ ခန့်ရှိပြီး ၎င်းတို့အများစုမှာ ရန်ကုန်မြို့တွင် နေထိုင်ကြသူများ ဖြစ်ကြသည်။ စီးပွားရေးမြို့တော် ရန်ကုန်ရှိ ဤသို့သော စက်ဘီးစီးနင်းမှုအတွက် နှစ်သက်ဖွယ်ရာ အကောင်းဆုံးသောနေရာမှာ ရုံးဖွင့်ရက်များဆိုပါက လှည်းတန်းတံတားအောက်တွင်ဖြစ်ပြီး ရုံးပိတ်ရက်များတွင်ဆိုပါက ပြည်သူ့ပန်းခြံတွင် ဖြစ်ပေသည်။ စက်ဘီးစီးသူအများစုသည် ချိန်းဆိုတွေ့ဆုံရန်နှင့် အကြံဉာဏ်များ ဖလှယ်ရန်တို့အတွက် BMX Riders Myanmar Facebook အဖွဲ့၏ အကောင့်ကို အသုံးပြုလျက်ရှိသည်။

အလွတ်စီးနင်းခြင်းနှင့် ယှဉ်ပြိုင်ခြင်းအမျိုးအစားများမှာ မြန်မာနိုင်ငံအတွင်းရှိ ဘီအမ်အိပ်စ် စီးနင်းမှု ပုံသဏ္ဍာန်များအနက် လူကြိုက်အများဆုံးသော နည်းလမ်းများဖြစ်ကြပြီး ကိုထက်ဝေယံဦးမှာ ဤနိုင်ငံအတွင်းရှိ လက်တစ်ဆုပ်စာမျှသော “မြေပြန့်” စီးနင်းသူများ “flatland” riders အနက် တစ်ဦးအပါအဝင်ဖြစ်သည်။ မြေပြန့်စီးနင်းမှုနည်းလမ်းကို ချောမွတ်သော မျက်နှာပြင်ပေါ်တွင် စီးနင်းရခြင်းဖြစ်ပြီး ရသပိုမြောက်သော စက်ဘီးစီးနင်းမှုတစ်ရပ်အဖြစ် မကြာခဏ ဖော်ပြခြင်းခံထားရသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

မြေပြန့်စီးနင်းမှုတွင် အသုံးပြုသော စက်ဘီးများမှာ ကိုယ်ထည်တိုတောင်း၍ ထိုင်ခုံရှည်ဟန်ရှိသော်လည်း လမ်းသုံးစီးနင်းမှုနည်းလမ်း street BMX အတွက် ဘီအမ်အိပ်စ် စက်ဘီးများမှာ ကိုယ်ထည်ရှည်လျား၍ ထိုင်ခုံနိမ့်ပေသည်။

“ကျွန်တော့်ရဲ့ (ပထမဆုံး) စက်ဘီးက မြေပြန့်စီးမဟုတ်ဘဲ လမ်းသုံးစီးနင်းမှုနည်းလမ်းအတွက် ဖြစ်နေတာကို ကျွန်တော်သိခဲ့ရတယ်။ ဒါကြောင့် လမ်းသုံးစီးနင်းမှုနည်းလမ်းအတွက် စက်ဘီးတစ်စီးကိုသုံးပြီး မြေပြန့်စီးနည်းလမ်းမှာ ပါဝင်တဲ့ စီးကွက်တွေကို လေ့ကျင့်ခဲ့ရတယ်။ အဲဒီအနေအထားက အန္တရာယ်များပြီး ခက်ခဲမှုလည်း ရှိခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

စတင်လေ့ကျင့်စဉ်က ကိုထက်ဝေယံဦးမှာ နေပြည်တော်ရှိ တက္ကသိုလ်တစ်ခုတွင် လေ့လာနေသည့်အချိန် ဖြစ်သည်။ မြို့တော်နေပြည်တော်၏ ကျယ်ပြန့်ကြီးမား၍ လူသူကင်းမဲ့နေသော လမ်းများမှာ ဘီအမ်အိပ်စ် စီးနင်းခြင်းကဲ့သို့သော အားကစားနည်းတစ်ခုကို လေ့ကျင့်ရန် အကောင်းဆုံးနေရာ ဖြစ်သော်လည်း အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်ဟု ကိုထက်ဝေယံဦးက ဆိုသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“ဘီအမ်အိပ်စ် စီးတဲ့လူ တစ်ယောက်မှ မရှိခဲ့ဘူး။ အဲဒါဘာလဲဆိုတာကိုတောင် လူတွေမသိခဲ့ကြဘူး။ ကျွန်တော်က ကလေးတွေအတွက် စက်ဘီးတစ်စီးကို စီးနေတယ်လို့တောင် သူတို့ထင်ခဲ့ကြတယ်။ ဒါကြောင့် သူတို့က ကျွန်တော်နဲ့ ကျွန်တော့်စက်ဘီးကို ပျက်ရယ်ပြုခဲ့ကြပါတယ်။ ခုလိုစီးနင်းမှုမျိုးအတွက် ကျွန်တော် ရှက်တတ်လာခဲ့တာကြောင့် ဘယ်သူမှ ကျွန်တော့်ကို မမြင်နိုင်အောင် ညအချိန်မှာ စတင်လေ့ကျင့်ခဲ့တယ်” ဟု Frontier ကို ၎င်းက ပြောသည်။

ကိုထက်ဝေယံဦးသည် ဘွဲ့ရပြီးနောက်တွင် မွေးရပ်မြေ မန္တလေးသို့ ပြန်လာခဲ့သော်လည်း ဘီအမ်အိပ်စ် စက်ဘီးစီးနင်းသူ အပေါင်းအဖော်တဦးတလေမျှ မတွေ့ခဲ့ရပေ။ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရှာဖွေလိုက်သည့်အခါကျမှ BMR အဖွဲ့တစ်ဖွဲ့ကို တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံ၏ တိုးများလာနေသော ဘီအမ်အိပ်စ် အသိုင်းအဝိုင်းငယ် တစ်ခုအကြောင်း စတင်လေ့လာနိုင်ခဲ့သည်။ 

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ယနေ့အခါတွင် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဘီအမ်အိပ်စ် အဖွဲ့များ ရှိနေပြီဖြစ်သကဲ့သို့ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မအူပင်မြို့နှင့် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့များတွင်လည်း ဘီအမ်အိပ်စ် အဖွဲ့များ ရှိနေပေပြီ။

ကိုထက်ဝေယံဦး၏ မွေးသဖခင် ဦးစိုးမြင့်ဦးသည် သားဖြစ်သူက ဘီအမ်အိပ်စ် စတင်စီးနင်းသည့်အခါ ထိုသို့စီးနင်းရခြင်း၏ ဆွဲဆောင်မှုသဘောကို နားမလည်နိုင်ခဲ့ပေ။

“အစပိုင်းမှာတော့ ခုလိုမစီးဖို့ သူ့ကို ကျွန်တော် တားခဲ့ပါတယ်။ အဲဒါက နည်းနည်း အန္တရာယ်များလိမ့်မယ်လို့ ကျွန်တော်တွေးမိလို့ပါ။ ဒါပေမဲ့ သူ့ရဲ့ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်လာပုံနဲ့ ဒီအားကစားနည်းကို ဘယ်လောက်အထိ နှစ်သက်သဘောကျတယ်ဆိုတာတွေကို ကျွန်တော် တွေ့မြင်ခဲ့ရတယ်” ဟု Frontier ကို ဦးစိုးမြင့်ဦးက ဆိုသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

လူကြီးသူမများက ဘီအမ်အိပ်စ် စီးနင်းခြင်းကို အားပေးရန် တွန့်ဆုတ်ခြင်းမှာ အတော်လေးပင် သဘာဝကျပေသည်။ ဤဆောင်းပါးအတွက် အင်တာဗျူးဖြေကြားခဲ့သည့် စီးနင်းသူအများစုက Frontier ကို  ပြောကြားရာတွင် သူတို့၏ မိဘများသည် သူတို့အား အားပေးခြင်း မပြုခဲ့ကြသော်လည်း ဤအားကစားနည်းအပေါ်ရှိ သူတို့၏ နှစ်သက်မြတ်နိုးမှုကြောင့် ဟန့်တားနိုင်ခြင်း မရှိခဲ့ဟု ဆိုသည်။

ကိုထက်ဝေယံဦးနည်းတူ အသက် ၂၃ နှစ်အရွယ် ကိုသိန်းထွန်းဝင်း၏ မိဘများကလည်း သားဖြစ်သူက လောလောလတ်လတ် နှစ်သက်မြတ်နိုးနေသော အားကစားနည်းအကြောင်း သိရှိသွားသောအခါ မပျော်ရွှင်နိုင် ဖြစ်ခဲ့ကြသည်။

“ကျွန်တော့်ရဲ့ ပထမဆုံး စီးကွက်ဆန်းဖြစ်တဲ့ ‘ယုန်ငယ်ခြေတစ်ပေါင်ကျိုးခုန် အကွက်’ ကို လုပ်ခဲ့တုန်းက အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် အတော်လေး ပျော်ရွှင်ခဲ့ရတယ်။ နောက်တော့ မိဘတွေက ကျွန်တော့်ကို ဆူပူကြိမ်းမောင်းခဲ့ကြတယ်။ ‘မင်းခြေထောက် ကျိုးသွားရင်၊ ဒါမှမဟုတ် ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ၊ မင်းမှာ အလုပ်ရှိတယ်လေ’ လို့ သူတို့က ပြောပါတယ်” ဟုလည်း ဖွင့်ဟပြောကြားသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

၎င်း၏မိဘများ မမှားခဲ့ပါ။ စက်ဘီးစီးနင်းနေစဉ် အသေးစား ဒဏ်ရာများစွာ ရခဲ့ဖူးသည်ဟု ကိုသိန်းထွန်းဝင်းက ဆိုသည်။ သို့သော် အန္တရာယ်များခြင်းသည်ပင် ဤအားကစားနည်းနှင့်ပတ်သက်သည့် ၎င်းအနှစ်သက်ဆုံးသော အချက်ပင် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“စက်ဘီးစီးတိုင်း ကျွန်တော် ဒဏ်ရာရတတ်တယ်။ ဒါပေမဲ့ ဒါက အကောင်းဆုံးဖြစ်အောင် ကျွန်တော် ကြိုးစားနေတယ်ဆိုတာကို သက်သေပြတာပါ။ ဒဏ်ရာအနာတရ ဖြစ်တာတွေ၊ ပွန်းပဲ့ထိရှတာတွေက ကျွန်တော်ရဲ့ သူငယ်ချင်းတွေ ဖြစ်လာပါတယ်” ဟုလည်း Frontier ကို ၎င်းက ဆိုသည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

၎င်းက အခြားနိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်လိုပြီး ဘန်ကောက်တွင် ကျင်းပမည့်ပြိုင်ပွဲ ‘Bangkok Dangerous BMX Street Jam’ သို့ သွားရောက်ရန် ရည်ရွယ်ထားကြောင်း ကိုသိန်းထွန်းဝင်းက ဆိုသည်။ သို့သော် ဤပြိုင်ပွဲ၏ အမည်နာမကို ၎င်း၏မိဘများက သိပ်ကျေနပ်ဖွယ်မရှိဟုလည်း ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံရှိ ဘီအမ်အိပ်စ် စီးနင်းသူအများစုသည် ၎င်းတို့အတွက် ကိုယ်ပိုင်စက်ဘီးများ ရရှိနိုင်စေရန် စီစဉ်ပေးသော အသက် ၂၇ နှစ်အရွယ် ကိုနိုင်ရဲအား ကျေးဇူးတင်ရန် ရှိပေသည်။

မြန်မာနိုင်ငံအတွင်း၌ ဘီအမ်အိပ်စ် မြင်ကွင်းများ တနေ့တခြား များပြားလာသည်ကို ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် သိရှိရပြီးနောက်တွင် ကိုနိုင်ရဲက ယင်းကို စီးပွားရေး အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော ဘီအမ်အိပ်စ် စက်ဘီးဆိုင်ကို ဖွင့်လှစ်ရန် ကြိုးစားခဲ့သည်။ ဤသည်မှာ လွယ်ကူသော လုပ်ငန်းတော့ မဟုတ်ပေ။

ဒေသတွင်းနှင့် ကမ္ဘာအနှံ့ရှိ အကြီးဆုံး ဘီအမ်အိပ်စ် ထုတ်ကုန်လုပ်ငန်းအချို့သို့ အီးမေးလ်နှင့် ပေးစာများ ပေးပို့ရာတွင် ပြန်စာမရခဲ့ချေ။ ဤအခြေအနေတွင် ဘီအမ်အာရ် BMR အဖွဲ့ဝင်များနှင့် ချိတ်ဆက်မိပြီးနောက် ပြည်ပမှ ဘီအမ်အိပ်စ် စက်ဘီးများဝယ်ပြီး မြန်မာနိုင်ငံ၌ ပြန်ရောင်းနိုင်ရန် ပင်မနေရာများကို စတင်ရှာဖွေခဲ့တော့သည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ကိုနိုင်ရဲက အခြားဘီအမ်အိပ်စ် စီးနင်းသူများနှင့်အတူ ယမန်နှစ် ဇူလိုင်လအတွင်း ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် “BMX Jam” ပွဲကို ကူညီစီစဉ်ပေးခဲ့ပြီး ဒီဇင်ဘာလတွင်မူ ၎င်း၏ ပထမဆုံး ဘီအမ်အိပ်စ် အရောင်းဆိုင်ကို ဖွင့်လှစ်ခဲ့သည်။

“ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ကျွန်တော့်ရဲ့ ပထမဆုံး စီးကွက်ဆန်းဖြစ်တဲ့ ယုံငယ်ခြေတစ်ပေါင်ကျိုးခုန် အကွက်ကို စတင်သင်ယူခဲ့ပါတယ်။ တခြားအကွက်ဆန်းတချို့ကိုလည်း လေ့ကျင့်နေပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဇနီးသည်နဲ့ သားတစ်ဦး ရှိနေတာကြောင့် ကျွန်တော့်အချိန်အားလုံးကို စက်ဘီးစီးတာမှာပဲ ဦးစားပေးထားလို့ မရပါဘူး။ ကျွန်တော့်လုပ်ငန်းအတွက် အာရုံစိုက် ကြိုးစားရမှာပါ။ ဘီအမ်အိပ်စ် စက်ဘီးအရောင်းဆိုင်က ကျွန်တော့် ပထမဦးစားပေးဖြစ်ပြီး ဘီအမ်အိပ်စ် စီးနင်းတာက ဒုတိယဦးစားပေးကိစ္စ ဖြစ်ပါတယ်” ဟု ကိုနိုင်ရဲက ဆိုသည်။

အောင်မင်း ဘာသာပြန်သည်။

ငြိမ်းဆုဝေကျော်စိုး

ငြိမ်းဆုဝေကျော်စိုး

ငြိမ်းဆုဝေကျော်စိုးသည် ဓာတ်ပုံဆရာအဖြစ် ၂၀၁၃ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့သည်။ Frontier မတိုင်မီက Myanmar Times တွင် ဓာတ်ပုံသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar