စိမ်းလန်းသော ချင်းတောင်တန်းပေါ် ဆိုင်ကယ်စီးခရီးစဉ်

နိုင်ငံခြားခရီးသွားများအတွက် ချင်းပြည်နယ်တောင်ပိုင်းကို ၂၀၁၅ ခုနှစ်မှစ၍ ဖွင့်ပေးခဲ့ပြီး လမ်းအရှည် ကီလိုမီတာ ရာပေါင်းများစွာ သွားလာနိုင်အောင် ဆောင်ရွက်ပေးထားသည်။ လမ်းတလျှောက် လမ်းကြမ်းတွေ့လျှင်တော့ သည်းခံရပေလိမ့်မည်။

ဝီလ်ကယ်လန် ရေးသားသည်။

လွန်ခဲ့သောနှစ် အနည်းငယ်ခန့်ကမူ အထူးခွင့်ပြုချက်မပါဘဲ ချင်းပြည်နယ်အတွင်း သွားလာနေသော နိုင်ငံခြားသား တစ်ယောက်ကို တွေ့ရှိပါက ပတ်ဝန်းကျင်တောတန်းများကဲ့သို့ စိမ်းကားတတ်သော အစိုးရအရာရှိများ၏ ခြိမ်းခြောက်မောင်းထုတ်ခြင်းကို ခံရလိမ့်မည်။

၂၀၁၅ ခုနှစ်မှစ၍ နိုင်ငံခြားသားများအား ဖွင့်လှစ်ပေးကာ ခရီးသည်များ ပိုမိုဝင်ရောက်လာမည်ဟု မျှော်မှန်းထားသော ချင်းပြည်နယ်သည် ယခုအခါ ခရီးသွားလုပ်ငန်းမှ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ ပြည်နယ်အနောက်ပိုင်းရှိ အဝေးပြေးလမ်းမများသည် စိတ်ရှုပ်စရာကောင်းပြီး လမ်းများမှာ တဝက်တပျက်ခင်းထားရာ နေရာအချို့မှာ ပြန်ပြင်၍မဆုံး ဖြစ်နေသည်။

ကျွန်တော့်သူငယ်ချင်း နှစ်ယောက်နှင့်အတူ ဖေဖော်ဝါရီအတွင်းက ချင်းပြည်နယ်တွင် သီတင်းတစ်ပတ် ကုန်လွန်ဖြတ်သန်းခဲ့သည်။ ချင်းဧည့်လမ်းညွှန် တစ်ယောက်၊ သူ့ချစ်သူနှင့် စက်ပြင်တစ်ယောက်တို့နှင့်အတူ ကျွန်တော်တို့သည် ကင်ဘို မော်တော်ဆိုင်ကယ်များစီးကာ တောင်များဆင်းတက်၊ မြစ်များကိုဖြတ်၍ ကျေးရွာများကိုကျော်ကာ မင်းတပ်မှ မတူပီသို့ အသွားအပြန် ခရီးနှင်ခဲ့သည်။ ကီလိုမီတာ ၅၀၀ ခရီးကို ခုနစ်ရက်ကြာ သွားခဲ့ရသည်။

ဝိတိုရိယတောင်(နတ်မတောင်)ထိပ်မှနေ၍ ကျွန်တော်တို့သည် အခြားနိုင်ငံခြားသားများနှင့် အတူတကွ တစ်လမ်းတည်း သွားခဲ့ကြသည်။ သို့တစေ လမ်းခရီးနေရာ အတော်များများတွင် ကျွန်တော်တို့ မည်သူ့ကိုမျှ မတွေ့ခဲ့ရပေ။ ချင်းပြည်နယ်၌နေခဲ့သော ရက်သတ္တပတ်သည် ကျောပိုးအိပ်နှင့်ခရီးနှင်နေသည့် ခရီးဝေးသွားသူ တစ်ဦးအတွက် လူမျိုးအရ၊ ဘာသာစကားအရနှင့် ယဉ်ကျေးမှုအရ ကွဲပြားနေဆဲဖြစ်သော အဝေးတနေရာမှ မြန်မာ့မြေကို ဖွင့်လှစ်ပြသလိုက်သော ပြတင်းပေါက်သဖွယ် ဖြစ်ပေသည်။

ဒေသခံလိုတွေးဖို့ စီစဉ်ရခြင်း

ချင်းပြည်နယ်အတွင်း စူးစမ်းသွားလာခြင်းဖြင့် စိန်ခေါ်မှုများ တွေ့ရမည်ကို ကျွန်တော်တို့ နားလည်သည်။ သို့သော် ကျွန်တော်တို့၏ အစီအစဉ်မှာ စနစ်တကျ မရှိလှပေ။ ရန်ကုန်အခြေပြု ကျွန်တော်တို့အဖွဲ့ဝင် ဇက်ခ်မှာ ချင်းပြည်နယ် တောလမ်းခရီးကြမ်းကို သွားဖူးသော သူငယ်ချင်းတစ်ဦးရှိသည်။ အဆိုပါအမျိုးသမီးက ဇက်ခ်ကို အတွေ့အကြုံရှိ ဧည့်လမ်းညွှန် နိုင်ကီးရှိန်နှင့် မိတ်ဆက်ပေးသည်။ သူက ခရီးစဉ်အသေးစိတ်ကို ပြင်ဆင်ပေးသည်။

သူနှင့်ဇက်ခ်တို့ အခကြေးငွေနှုန်းထား သဘောတူညီချက်ရပြီးနောက် ကျွန်တော်တို့၏ ခရီးသွားအစီအစဉ်ကို အပြီးသတ် ရေးဆွဲကြသည်။ နောက်လအနည်းငယ်ကြာသောအခါ ဇက်ခ်၊ နစ်နှင့် ကျွန်တော်တို့သည် မစ်ဆူဘီရှီ ပါဂျဲရိုးတစ်စီးဖြင့် ပဲခူးမှ ချင်းပြည်နယ်တောင်ပိုင်းရှိ ကျွန်တော်တို့အခြေစိုက်မည့် မင်းတပ်သို့ ထွက်ခွာခဲ့ကြသည်။

အလုံးစုံပါဝင်သော ခရီးစဉ်အတွက် နိုင်ကီးရှိန်က အစစ အရာရာ ပြင်ဆင်ပေးသည်။ တည်းခိုခန်းများကို ကြိုတင်ငှားရမ်းသည်။ နေအိမ်သဖွယ် ချက်ပြုတ်စားနိုင်အောင် စီစဉ်သည်။ ခရီးသွားလာရေး နည်းလမ်းမျိုးစုံကို စီစဉ်ပေးထားသည်။

သူ့ဖောက်သည်များဖြစ်နေသော ကျွန်တော်တို့အဖို့ စိတ်ဒုံးဒုံးချ၍ လိုက်ရုံသာဖြစ်ပြီး အချိန်တိုင်း အချိန်တိုင်း အံ့သြစရာများ တစ်ခုပြီးတစ်ခု တွေ့ရလိမ့်မည်ဟု စိတ်မှာစွဲထင်မိခဲ့သည်။

ယဇ်ပူဇော်ခြင်းနှင့် ကြံရည်

ဥပမာတစ်ခုက စိတ်အတွင်း ဖျတ်ခနဲ ဝင်ရောက်လာသည်။ ခရီးစဉ်ဒုတိယနေ့ ကုန်ခါနီးအချိန်တွင် ကျွန်တော်တို့သည် မြစ်ကိုဖြတ်၍ ကားဖြင့်သွားရသည့် နောက်ဆုံးခရီးအဖြစ် မောင်းနှင်သွားရောက်ကာ တောင်ထိပ်ရှိရွာ၌ နားနေကြသည်။ နိုင်ကီးရှိန်သည် နှစ်ထပ်အိမ် အပြင်ဘက်တွင် ရပ်နေသည်။ အိမ်၏အနီရောင်နှင့် အစိမ်းရောင်က ဝင်လုဆဲဆဲ နေရောင်အောက်တွင် တောက်ပနေသည်။ ရှည်လျားသော အိမ်ရိပ်အောက်တွင် ကျွန်တော်တို့ ကျောဆန့်ကာ ရှုပ်ပွနေသောဆံပင်များကို လက်ဖြင့်ထိုးဖွလိုက်သည်။

သူ့ကိုယ်သူ ပေါလ်ဟုမိတ်ဆက်လာသူ အိမ်ရှင်က ဟက်ဟက်ပက်ပက်ပြုံးရင်း လက်ဆွဲနှုတ်ဆက်ကာ ကျွန်တော်တို့ကို ကြိုဆိုသည်။ သူသည် မင်းတပ်မြို့နယ်၏ လူမျိုးစုကိုယ်စားလှယ်ဖြစ်ပြီး သူ့အိမ်ထောင့်တွင် ပစ္စည်းစုံတင်သည့် ကုန်စုံဆိုင်ကို ဖွင့်ထားသည်။ ပလပ်စတစ်ကိုင်း မျက်မှန်တပ်ကာ အနီရောင် လည်ထောင်ဆွယ်တာကို ဝတ်ဆင်ထားသည်။

typeof=

သူ့ဇနီးနှင့် နှစ်လသားကလေးကို အဝတ်စဖြင့်သိုင်း၍ လွယ်ထားသော သူ့သမီးက ယာယီတည်းခိုမည့် နေအိမ်ရှိရာ အလည်ခရီးစဉ်မှာ လိုက်ပါဆင်နွှဲကြသည်။ သူတို့မိသားစုတွင် လေးကွက်ကျား ခြံစည်းရိုးနောက်ဝယ် မုန်ညင်းစိုက်ခင်းလေးရှိသည်။ အခင်းပတ်လည်၌ သုံးမီတာအမြင့်ရှိ ကြံပင်များ စိုက်ထားသည်။ လောလောလတ်လတ် သတ်ထားသော နွားနောက်များ၏ ဦးချိုများကို မိသားစုသုံး ရေစုပ်စက်ထားသည့် အုတ်တိုက်ပေါ်တွင် အခြောက်လှမ်းထားသည်။ နွားနောက်များမှာ ဒေသတွင်းနှင့် အိန္ဒိယနယ်စပ်တွင် အမွေးများသော အိမ်မွေးတိရစ္ဆာန်တစ်မျိုးဖြစ်သည်။

ကျွန်တော်တို့သည် အခြားရွာများ၌ တွေ့ခဲ့ဖူးသောအရာတစ်ခုကို သတိပြုမိသည်။ အင်္ဂလိပ်အက္ခရာ ဝိုင် Y ပုံဖော်ထားသည့် သစ်သားတိုင်တန်းတစ်ခုဖြစ်သည်။ ခရစ်ယန်ဘာသာဝင်များ ဖြစ်ကြသော်လည်း ရွာသားအများစုမှာ နတ်ကိုးကွယ်မှု၏ လက်ကျန်ဖြစ်သော ယဇ်ပူဇော်မှုဆိုင်ရာ အထိမ်းအမှတ်များကို သုံးစွဲနေဆဲဖြစ်ကြောင်း တွေ့ရသည်။ အသားတုံးများကို Y ပုံတုတ်ချွန် နှစ်ခုကြား ချည်ထားသောကြိုးတွင် သီထားသည်။ ကွန်ကရစ်ပေါ်၌ နေလှမ်းထားသောဦးချိုများကို ဖြတ်ယူခံထားရသော နွားနောက်၏ သည်းခြေအိတ်ကိုလည်း နေလှမ်းထားသည်။

အနီးကပ်ဓာတ်ပုံအချို့ကို ကျွန်တော်တို့ ရိုက်ယူကြပြီးနောက် ပေါလ်ကို ကျွန်တော်တို့ ကျေးဇူးတင်စကား ပြောကြသည်။ သူက နိုင်ကီးရှိန်ကို တစုံတခုပြောလိုက်ရာ နိုင်ကီးရှိန်က ကြံစုပ်မလားဟု ကျွန်တော်တို့ကို မေးသည်။ “ကောင်းသားပဲ” ဟု ကျွန်တော်တို့က ဖြေလိုက်သည်။

ပေါလ်သည် ကြံပင်ခပ်တိုတိုတစ်ပင်ကို ကျွမ်းကျင်စွာခုတ်လိုက်ပြီး အပိုင်းပိုင်း ဖြတ်လိုက်သည်။ သန့်ရှင်းပြီး အရသာရှိသော ကြံရည်များ ကျွန်တော်တို့လည်ချောင်းမှ ဖြတ်သန်းစီးဝင်သွားရာ တကိုက်ချင်း အရသာခံ မြုံ့ဝါးနေမိကြတော့သည်။

မုဆိုး

နောက်တစ်နေ့ခရီးက အရှည်ဆုံးခရီးဖြစ်သည်။ ခရီးစဉ်တွင် ၂၅ ကီလိုမီတာရှိ လမ်းကြမ်းနှင့် ကီလိုမီတာ ၁၀၀ ရှိ မော်တော်ကားလမ်းတို့ ပါဝင်သော ခရီးဖြစ်ပြီး မြောက်ဖျားဒေသ မတူပီသို့ သွားသည့် ကျွန်တော်တို့၏ နောက်ဆုံးပိုင်း ခရီးစဉ်ဖြစ်သည်။

နိုင်ကီးရှိန်က နောက်တစ်ရွာ၌ ရပ်နားသောအခါ ကျွန်တော်တို့ ထမင်းစားပြီးစဖြစ်သည်။ ဆိုင်ကယ်ပေါ်မှဆင်းပြီး စိတ်ဝင်စားစရာတစ်ခုဆီသို့ ကျွန်တော်ခါးဆန့်ရင်း လျှောက်သွားချိန်တွင် ဖုန်များကို ရှင်းလင်းနေရဆဲဖြစ်သည်။ ဆံပင်ရှည်နှင့် အဘိုးအိုတစ်ဦးသည် အိမ်ရှေ့တံခါးမကြီးနှင့်တွဲ၍ တပ်ဆင်ထားသော ဖိနပ်ချွတ်ကပြင်ပေါ် ထိုင်နေသည်။ သူ့ပေါင်ပေါ်၌ အသေးစား လေးတစ်စင်းရှိနေပြီး မြားတစ်ချောင်းကို လေးကြိုးပေါ်တင်ရန် ကြိုးစားနေသည်။

ဘာလုပ်နေသလဲဟု နိုင်ကီးရှိန်က အများသုံး ချင်းဘာသာစကား ဒါအိုင်း Daai ဖြင့် သူ့ကိုမေးသည်။ ကြက်ကလေးများကို ထိန်းကျောင်းနေကြောင်း ငှက်အချို့ရှိရာသို့ မေးငေါ့ပြရင်း သူကဖြေသည်။သိန်းငှက်က ကြက်ကလေးများကို လာရောက်သုတ်ချီတတ်သဖြင့် သူက စောင့်ရှောက်နေခြင်းဖြစ်သည်။

ရီဝေနေသော နို့နှစ်ရောင်သူ့မျက်လုံးများဖြင့် ကောင်းကင်ပြင်ကိုကြည့်ကာ သိန်းငှက်ကို ရှာဖွေနေသည်။ သူ့အိမ်ရှေ့နံရံတွင်မူ နွားနောက်ဦးခေါင်းများနှင့် တန်ဆာဆင်ထားခြင်းမရှိဘဲ တောဝက်၊ မျောက်နှင့် ဒရယ်ခေါင်းများ၊ ဝါးလုံးဖြင့်သီထားသော မေးရိုးများကိုသာ တွေ့ရသည်။ သူ့အသက်ကို ကျွန်တော်တို့ မေးကြည့်သောအခါ နိုင်ကီးရှိန်၏ ဘာသာပြန်ချက်အရ အသက် “၁၀၀ ကျော်” ဟု သိရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များကို သိပါသလားဟု မေးသောအခါ အဘိုးကြီးက ခေါင်းညိတ်ပြသည်။

တောင်ပိုင်းချင်းပြည်နယ်မှ တောင်ပေါ်ရွာလေး တစ်ရွာ။ ဓာတ်ပုံ - ဇက်ခ်နယ်လ်ဆင်

တောင်ပိုင်းချင်းပြည်နယ်မှ တောင်ပေါ်ရွာလေး တစ်ရွာ။ ဓာတ်ပုံ – ဇက်ခ်နယ်လ်ဆင်

သိန်းငှက်ကိုစောင့်ကြည့်နေရင်း ကျွန်တော်တို့ ခေတ္တစောင့်နေသည်။ ထ့ိုနောက် ကလေးတစ်သိုက်ကို ဟယ်လိုဟု နှုတ်ဆက်လိုက်သည်။ ကျွန်တော်တို့ ထွက်ခွာတော့မည်ဟု အဘိုးကြီး တွက်လိုက်ပုံရသည်။ ထိုင်နေရာ ကပြင်မှထရပ်ကာ တစ်ဦးချင်းကို ပွေ့ဖက်၍နှုတ်ဆက်သည်။

စောင့်ကြည့်နေကြသည့် ပရိသတ်က ကျွန်တော်တို့နောက်ဘက်ရှိ အိမ်များ၏ပြတင်းပေါက်များသို့ စုရုံးရောက်ရှိလာသည်။ ကျွန်တော်တို့က လက်များဝှေ့ယမ်းနှုတ်ဆက်သည်။ ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းကာ ကင်ဘိုဆိုင်ကယ်များပေါ် ကျွန်တော်တို့ တက်လိုက်ချိန်တွင် အဘိုးအိုသည် သူ့နေရာ သူပြန်ထိုင်ပြီး ကောင်းကင်ပြင်ကို ကြည့်နေတော့သည်။

ဖွင့်ထားသော လမ်းမကြီး

မတူပီက လှပသည်။ ရေတံခွန်များရှိရာသို့ ကျွန်တော်တို့ တက်သွားပြီး နေအဝင်ကို စောင့်ကြည့်သည်။ ရေအားလျှပ်စစ်စက်ရုံတွင် အလုပ်သမားများကိုတွေ့ရပြီး လူမရှိတော့သော စစ်တပ်လေ့ကျင့်ရေးစခန်းကို ဆိုင်ကယ်စီး၍ ဖြတ်ကြသည်။ ကျွန်တော်တို့ နံနက်စာစားသည်။ ပြီးနောက် ရေချိုးသည်။

ထိုနောက်တွင်တော့ ထုံးစံအတိုင်း အပြန်ခရီးအတွက် ပြင်ဆင်ရတော့သည်။ မတူပီတွင် ကြိုဆိုပွဲအတွက် နားချိန်ရလိုက်သော်လည်း မင်းတပ်မှ ကီလိုမီတာ ၁၆၀ ခရီးကြောင့် ကျွန်တော်တို့မှာ ခြေပစ်လက်ပစ် ဖြစ်နေကြသည်။ နိုင်ကီးရှိန်ပင် ကရုဏာသက်မိတော့သည်။

ညီညာပြန့်ပြူးသော လမ်းအတိုင်း ကျွန်တော်တို့ ထွက်လာကြသည်။ ရက်အနည်းငယ်ခန့် ကြာသောအခါ ကန်ပက်လက်မှ ၁၅ ကီလိုမီတာအကွာရှိ ဝိတိုရိယတောင်(နတ်မတောင်)သို့ ကျွန်တော်တို့ ရောက်ခဲ့သည်။

ထိုနေရာမရောက်မီထိ ကျွန်တော်တို့၏ မော်တော်ဆိုင်ကယ်ခရီးမှာ တောင်ထူထပ်ပြီး လမ်းကျဉ်းကျဉ်းများ၊ ဆိုင်ကယ်ဂီယာကြီးဖြင့် ဖြတ်ရသောစမ်းချောင်းများ၊ လမ်းတည်ဆောက်ရေးလုပ်သားများ အဆက်မပြတ် လုပ်ငန်းဆောင်ရွက်နေသဖြင့် ထွက်ပေါ်လာသော ကတ္တရာငွေ့များဖြင့်သာ ပြည့်နှက်နေခဲ့သည်။

စိတ်ဝင်စားဖွယ် စွန့်စားသွားလာရသည့်ခရီး ဖြစ်သော်လည်း ရက်အနည်းငယ် ကြာသောအခါ မောပန်းနွမ်းနယ်လာသည်။ အဆိုပါစိန်ခေါ်မှုများကို သည်းခံ၍ လူသူကင်းမဲ့ပြီး နံပတ်လေးဂီယာဖြင့် နိုင်လွန်ကတ္တရာလမ်းအတိုင်း ငြိမ့်ငြိမ့်ကလေး သွားရသည့် စိတ်လှုပ်ရှားစရာကောင်းသော နေရာသို့ရောက်ခါမှ သက်ပြင်းချနိုင်တော့သည်။

ကျွန်တော်တို့သည် ချင်းပြည်နယ်ကိုဖြတ်လျက် ပိုမိုညီညာပြန့်ပြူးသော မကွေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ရေအနည်းငယ်သောက်၊ ဖလန်နယ်ကုတ်အင်္ကျီများ ချွတ်လိုက်ပြီး နေပူခံခရင်များကို ကျွန်တော်တို့ လိမ်းကျံကြသည်။ ကျွန်တော်တို့၏ ထမင်းချက်နှင့်စက်ပြင် ကိုရဲသူ၏ကျေးဇူးကြောင့် ကျွန်တော်၏ ကင်ဘိုဆိုင်ကယ်မှာ ကလန်ကဆန် မပြုတော့ဘဲ စက်နိုးလာတော့သည်။ ဇက်ခ်နှင့် နစ်တို့၏ ဦးဆောင်ရာနောက်သို့ လိုက်ပါလျက် ကျွန်တော်သည် မြေပြန့်ပိုင်းသို့ ဆင်းလာသည်။

ကျွန်တော်တို့သည် ထန်းတောများ၊ နေကြာခင်းများ၊ စေတီပုထိုးများနှင့် သစ်ပင်ရိပ်အောက် တည်ထားသော ဈေးဆိုင်များကို ဖြတ်ကြသည်။ လမ်းမှာတွေ့သော ကားအချို့က ဟွန်းများတီး၍ ကျွန်တော်တို့ကို နှုတ်ဆက်ကြသည်။

ကျွန်တော်တို့သည် လမ်းအချိုးအကွေ့များကို အသာအယာ ဝေ့ဝိုက်ကာ စီးကြသည်။ ကျွန်တော်တို့ ဆိုင်ကယ်တာယာများက လမ်းပခုံးရှိ ကျောက်စရစ်များကိုဖြတ်၍ လိမ့်လာခဲ့ရာ အရှိန်နှေးပါက အန္တရာယ်တွေ့နိုင်သည်။ လေနွေးလေးက ကျွန်တော်တို့၏ တီရှပ်ကို ပွတ်တိုက်သွားသည်။

ကျွန်တော်တို့ ကံစမ်းကြသည်။ နိုင်ကီးရှိန်က ကျွန်တော်တို့ကို ကျော်တက်သွားပြီး ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ရပ်လိုက်နိုင်မည်ဆိုပါက ကျွန်တော်တို့ ကံကောင်းမည်ထင်ပါသည်။ လိမ္မော်သီးသေးသေးများကို ကျွန်တော်တို့ စားကြသည်။ ထို့နောက် လိမ္မော်နံ့သင်းနေသော ပေါင်မုန့်လုံးကလေးများကို နံနက်စောစော ချထားသော ထန်းရည်နှင့် မျှောချကြသည်။

မင်းတပ်သို့ပြန်ရန် အချိန်ရောက်ပါပြီ။ ယနေ့သည် အနှစ် ၇၀ မြောက် ချင်းပြည်နယ်နေ့ဖြစ်သည်။ မြို့ထဲတွင် ဟောပြောပွဲများ၊ ချီတက်ပွဲများ၊ ဂိမ်းကစားရုံများနှင့် ခေါင်ရည်များ အလျှံပယ်ရှိနေလိမ့်မည်။ နိမ့်တချီ မြင့်တခါ လမ်းကြောင်းအတိုင်း ရှေ့သို့ခရီးဆက်ရပေဦးမည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – လွန်ခဲ့သောနှစ်အနည်းငယ်က လုံးဝနီးပါး ကန့်သတ်နယ်မြေဖြစ်ခဲ့ပြီး တောင်ထူထပ်သည့် ချင်းပြည်နယ်က လေ့လာစူးစမ်းမည့်သူများအား ငံ့လင့်လျက်ရှိသည်။ ဓာတ်ပုံ – ဇက်ခ်နယ်လ်ဆင်

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar