ဥရောပသမဂ္ဂ (အီးယူ) ၏ သံအမတ်သစ်အဖြစ် ခန့်အပ်ခံရသည့် Kristian Schmidt က မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် များစွာကြိုးစားအားထုတ်ကြရဦးမည်ဟု ပြောကြားလိုက်သည်။
သံအမတ်အဖြစ် ခန့်အပ်ကြောင်း သဝဏ်လွှာအား သမ္မတဦးထင်ကျော်ထံသို့ အောက်တိုဘာ ၁၈ ရက်နေ့က နေပြည်တော်တွင် ပေးအပ်ခဲ့သည့် Kristian Schmidt က “ခေတ်မီပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ ဒီမိုကရေစီနိင်ငံတစ်ခု ဖြစ်လာစေဖို့ ဆောင်ရွက်ရာမှာ စိန်ခေါ်မှုများကို ကျော်လွှားနိင်ဖို့ များစွာ ကြိုးစားအားထုတ်ကြဖို့ လိုပါတယ်” ဟု ပြောကြားသည်။
“ဒီအတွက် ဘယ်သူကမှ အဆွေတော်တို့အတွက် ကြိုးစားပေးနိင်မှာ မဟုတ်ပါဘူး။ သို့သော်လည်း ကျွန်တော့်အနေနဲ့ နောက်လာမယ့် လေးနှစ်အတွင်း အဆွေတော်တို့နဲ့ အတူတကွ လျှောက်လှမ်းသွားမယ်လို့ မျှော်လင့်မိပါတယ်” ဟု သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲအပြီးတွင် ၎င်းက ပြောကြားခဲ့သည်ဟု အီးယူက သတင်းထုတ်ပြန်သည်။
၎င်းသည် နောက်လာမည့်လေးနှစ်အတွင်း မြန်မာနိင်ငံအတွက် ဥရောပသမဂ္ဂအား ကိုယ်စားပြုကာ ရန်ကုန်မြို့ရှိ အီးယူသံရုံးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။
“ဆယ်စုနှစ်များစွာ တစ်သီးတစ်သန့် ရပ်တည်လာခဲ့ရမှုတွေကနေ ရုန်းထွက်ပြီး နိင်ငံတကာအသိုင်းအဝိုင်းကို ဂုဏ်သိက္ခာရှိရှိ၊ ယုံကြည်မှုအပြည့်နဲ့ ပြန်လည်ဝင်ရောက်မယ်လို့ မြန်မာပြည်သူလူထုအနေနဲ့ ဒီမိုကရေစီ နည်းကျကျ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မြန်မာနိင်ငံအနေနဲ့ တစ်မူထူးခြားမှု တစ်ခုခုရရှိ အောင်မြင်လိမ့်မယ်ဆိုတာ ရိုးသားစွာ ယုံကြည်တဲ့အတွက် မြန်မာနိင်ငံအတွက် ဥရောပသမဂ္ဂကို ကိုယ်စားပြုကာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
ဒိန်းမတ်နိုင်ငံသားဖြစ်သူ Schmidt သည် ယခင်က ယူဂန်ဒါနိင်ငံဆိုင်ရာ ဥရောပမဂ္ဂ သံကိုယ်စားလှယ်အဖွဲ့ အကြီးအကဲအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂရုံးချုပ်များတွင်လည်း အကြီးတန်းတာဝန် အတော်များများကို ထမ်းဆောင်ခဲ့ဖူးသည်ဟု အီးယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းသည် ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များတွင် အတွေ့အကြုံများစွာ ရှိထားသူတစ်ဦးဖြစ်သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
၎င်းသည် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး သံအမတ်ကြီးအဖြစ် ၂၀၁၃ ခုနှစ်တွင် ခန့်အပ်ခံခဲ့ရသည့် ဘယ်လ်ဂျီယံနိုင်ငံသား ရိုလန်ကိုဘီယာ၏ နေရာကို ဆက်ခံမည်ဖြစ်သည်။