စိတ်ဝင်စားဖွယ်ဖြစ်လာသည့် တရားခံပြေးအမှုနှင့် ဖြိုးကိုကိုတင့်ဆန်း၏ တရားခွင်

ဉာဏ်လှိုင်လင်း

နေပြည်တော်လေဆိပ်မှာ လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေအပြင် လုံခြုံရေးဆိုင်ရာပစ္စည်းနဲ့ အဆောင်အယောင်တွေ တွေ့ရှိမှု၊ နောက်ဆက်တွဲသိမ်းဆည်းရမိမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ ဖြိုးကိုကိုတင့်ဆန်းပါ ရှစ်ဦးရဲ့ အမှုတွေကို စစ်ဆေးနေတဲ့ တရားခွင်မှာ ထူးခြားမှုတွေ ကြားလာရပါပြီ။

နေပြည်တော်၊ ဒက္ခိဏခရိုင်တရားသူကြီး ဦးလှဝင်းရဲ့ ရှေ့မှောက် တစ်ပတ်တစ်ကြိမ် ပုံမှန် စစ်ဆေးတဲ့ တရားခွင် တစ်လကျော်လာချိန် ဖေဖော်ဝါရီ ၁၄ ရက်မှာတော့ တရားလိုပြသက်သေ ရဲတပ်ဖွဲ့တာဝန်ရှိသူနှစ်ဦး လာရောက်ထွက်ဆိုခဲ့ပြီး ဖြိုးကိုကိုတင့်ဆန်းဖက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့် အောင်က ပြန်လှန်မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။

အဲဒီ ရုံးချိန်းမှာ လွန်ခဲ့တဲ့ လေးလနီးပါးက နေပြည်တော်လေဆိပ်မှာ စတင်ဖမ်းဆီးစဉ်က တာဝန်ကျနေတဲ့ လေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ရဲရင့်ထွေး၊ နောက်ဆက်တွဲ ရှာဖွေသိမ်းဆည်းမှုတွေပြုလုပ်ခဲ့တဲ့ နေပြည်တော်ရှိ Hotel ACE တည်ရှိရာ ဒက္ခိဏခရိုင်ရဲ့ ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်လွင်ဦးတို့ လာရောက်ထွက်ဆိုကြတာပါ။

လေဆိပ်နဲ့ Hotel ACE မှာ ဖမ်းဆီးတဲ့အခြေအနေ၊ လုံခြုံရေးဆိုင်ရာပစ္စည်းနဲ့ အဆောင်အယောင်၊ လက်နက်၊ မူးယစ်ဆေးတွေနဲ့ပတ်သက်ပြီး တရားလိုပြသက်သေများအဖြစ် လာရောက်တဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူနှစ်ဦးနဲ့ ဖြိုးကိုကိုတင့်ဆန်းဖက်က အမှုကိုလိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေဦးမြင့်အောင်တို့ မေးမြန်းပြောဆိုမှုတွေမှာ ထူးခြားသော စိတ်ဝင်စားဖွယ်အခြေအနေအချို့ တွေ့ရပါတယ်။

စိတ်ဝင်စားဖွယ် တရားခံပြေး

တရားခံပြေးအဖြစ်အမှုမှာပါဝင်နေတဲ့ ကျော်ချမ်းငြိမ်းနဲ့ ပတ်သက်ပြီး ရှေ့နေဦးမြင့်အောင်က ဒက္ခိဏခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်လွင်ဦးကို မေးမြန်းမှု ဖြေကြားမှုမှတ်တမ်းတွေထဲက ထူးခြားချက်တွေကတော့

– ကျော်ချမ်းငြိမ်းဟာ လေဆိပ်မှာ ပစ္စည်းတွေ မိတဲ့အချိန်ကနေ အခုအထိ ဖြိုးကိုကိုတင့်ဆန်း ဖမ်းခံရတဲ့နေ့မှစ၍ ဖမ်းမမိသေးဘဲ ထွက်ပြေးနေသည်ဆိုလျှင် (“ကျွန်တော်မသိပါ”)

– Hotel ACE လုပ်ငန်းတွေကို ငွေရေးကြေးရေး၊ စီမံခန့်ခွဲမှု၊ ဝန်ထမ်းဆိုင်ရာကိစ္စများကို ကြီးကြပ်စီမံအုပ်ချုပ်မှုတွေကို အထွေထွေမန်နေဂျာ ကျော်ချမ်းငြိမ်း(တရားခံပြေး)က တာဝန်ယူဆောင်ရွက်နေသည်ကို သိပါသလားဆိုလျှင် (“မသိပါ”)

– ဖြိုးကိုကိုတင့်ဆန်းသည် ၁၃. ၁၀.၂၀၁၇ တွင် ရန်ကုန်မှ လာရောက်ပြီး ၁၄.၁၀.၂၀၁၇ နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်ရှိ Hotel ACE ၌ ဝန်ထမ်းများနှင့် အစည်းအဝေး လုပ်တာကို သိပါသလားဆိုလျှင် (“မသိပါ”)

– တိုင်စာပါကားများ (National National Security Council၊ Special Forces Sprit Displine Power -အတိုကောက် – NSA ဟု စတစ်ကာ ကပ်ထား)ကို ဖြိုးကိုကိုတင့်ဆန်းခွင့်ပြုချက်မရှိဘဲ ကားအလှပြင်သမားကိုခေါ်၍ စတစ်ကာများ ကပ်ထားသည့် ကိစ္စကို ဝန်ထမ်းအဖွဲ့ကြား၌ စတစ်ကာကပ်သူ ကျော်ချမ်းငြိမ်းအား ကြိမ်းမောင်းဆဲဆို ထိုးကြိတ်ခဲ့သည်ကို သိပါသလားဆိုလျှင် (“မသိပါ”)

– နောက်တစ်ခါ ပြန်လာရင် ဒီကားတွေကို စတစ်ကပ်ထားတာကို မမြင်ချင်ဘူးလို့ ဝန်ထမ်းထုကြား၌ ပြောခဲ့တာကို သိပါသလားဆိုလျှင် (“မသိပါ”)

– မန်နေဂျာ ဝင်းသန်း၊ ဂျိုးဇက်နှင့် ဝန်ထမ်းတစ်ချို့ရှေ့တွင် ကျော်ချစ်ငြိမ်း(တရားခံပြေး)က တစ်နေ့ ဒီဟိုတယ်ပိုင်ရှင် ငါ့အကြောင်းသိမယ်လို့ ကြိမ်းမောင်းပြောဆိုခဲ့သည်ဆိုလျှင် (“မသိပါ”) ဆိုတာတို့ဖြစ်ပါတယ်။

အပြန်အလှန်

အဲဒီနောက် ရှေ့နေဦးမြင့်အောင်က လုံခြုံရေးဆိုင်ရာပစ္စည်းနဲ့ အဆောင်အယောင်၊ လုံခြုံရေးကုမ္ပဏီထောင်ရန် ရဲတပ်ဖွဲ့ရဲ့ စိစစ်ရရှိချက်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ရဲမှူးကျော်လွင်ဦးထံ ဆက်လက် မေးမြန်းခဲ့ပြီး ထူးခြားမှုအချို့လည်းပါဝင်ခဲ့ပါတယ်။ အဲဒါတွေကတော့

– လုံခြုံရေးကုမ္ပဏီထောင်ဖို့ဆိုရာမှာ ဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အား ရည်ရွယ်ချက်စသည်တို့ကို ပြုစုထားသည့် စာရွက်စာတမ်းများ သိမ်းဆည်းရမိထားခြင်းမရှိဟုဆိုလျှင် (“မှန်ပါသည်”)

– တိုင်စာပါကားများတွင် ရဲတံဆိပ်၊ အနီအပြာအဝါပေါ်၌ ကြယ်အမှတ်တံဆိပ်နှင့် တပ်ဆိုင်ရာကားများတွင် သင်္ကေတအဖြစ် တပ်ဆင်ထားသော ကြယ်တံဆိပ်အမှတ်တို့ကို တပ်ဆင်ထားခြင်းမရှိဟုဆိုလျှင် (“မသိပါ”) တို့ ဖြစ်ပါတယ်။

ဓာတ်ပုံ- ပြည်ထဲရေး

ဓာတ်ပုံ- ပြည်ထဲရေး

အဲဒီနောက်ဖြိုးကိုကိုတင့်ဆန်းအမှုမှာ သိမ်းဆည်းရမိတဲ့ လုံခြုံရေးဆိုင်ရာ တံဆိပ်များကိစ္စတွေ ဆက်လက် မေးမြန်းပြောဆိုကြရာမှာ အပြန်အလှန်ပြောဆိုချက်အချို့ကွဲလွဲမှုအနည်းငယ်ရှိခဲ့လို့ တရားရုံးတော်က ကြားဝင်ပြီး ပြန်လည်ပြင်ဆင် ပေးခဲ့ရပါသေးတယ်။

အဲဒီကိစ္စနဲ့ သက်ဆိုင်တဲ့ ထွက်ဆိုချက်တစ်ခုကို “သံတမန်၊ တပ်မတော်၊ ရဲတပ်ဖွဲ့က ပိုင်ဆိုင်အသုံးပြုသည့် တံဆိပ်များမဟုတ်သည့် တံဆိပ်များဆိုလျှင် မှန်ပါသည်၊ ထင်ယောင်ထင်မှား ဖြစ်နိုင်သည်ဟုတော့ ထင်ပါသည်”ဟု တရားရုံး၊ တရားလိုပြ သက်သေနဲ့ ရှေ့နေ ဦးမြင့်အောင်တို့အားလုံး သဘောတူညီချက်နဲ့ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

တရားလိုပြသက်သေအဖြစ် လာရောက်တဲ့ ရဲမှူးကျော်လွင်ဦးက သူ့ထွက်ဆိုချက်နောက်ဆုံးမှာ၂၄.၁၁. ၂၀၁၇ ရက်စွဲပါ စာနဲ့ နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာအပ်နှင်းမှုအရ ဖြိုးကိုကိုတင့်ဆန်းအား အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်း ထည့်သွင်းပြောဆိုပြီး တရားရုံးကို မှတ်တမ်းတင်စေခဲ့တယ်။

လေဆိပ်ကိစ္စ

နောက်ထပ် တရားလိုပြသက်သေအဖြစ်လာရောက်တဲ့ လေကြောင်းရဲတပ်ဖွဲ့က ဒုရဲမှူး ရဲရင့်ထွေးကတော့ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ ဖြိုးကိုကိုတင့်ဆန်းပါ သုံးဦးကို စတင်ဖမ်းဆီးချိန်က အဖြစ်အပျက်တွေကို လာရောက်ထွက်ဆိုတာဖြစ်ပြီး ရှေ့နေဦးမြင့်အောင်က သူ့ကိုလည်း ပြန်လှန်မေးခွန်းတွေ မေးခဲ့သလို စိတ်ဝင်စားဖွယ်အချို့ပါဝင်ခဲ့ပါတယ်။

– ခရီးဆောင်အိတ်များ X ray ဖြတ်တဲ့အချိန် ဖြိုးကိုကိုတင့်ဆန်းတို့ လေယာဉ်ပေါ်ရောက်နေပြီဆိုလျှင် မှန်သလား (“မမှားပါ”)

– လေယာဉ်ပေါ်က သွားခေါ်လာတာဘယ်သူလဲသိပါသလား (“လေကြောင်းလိုင်းက သွားခေါ်တာ”)

– အိတ်များတွင် သော့ခတ်ထားခြင်းမရှိဟုဆိုလျှင် (“သတိမထားမိပါ”) ဆိုတာတို့ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း ဒုရဲမှူး ရဲရင့်ထွေးနဲ့ ရှေ့နေဦးမြင့်အောင်တို့ရဲ့ ပြန်လှန်ပြောဆိုချက်တွေမှာ ကွဲလွဲချက်အချို့ ရှိခဲ့လို့ ရုံးတော်ကကြားဝင်ပြီး ပြန်လည်မှတ်တမ်းတင်စေရမှု တစ်ခုရှိခဲ့ပါသေးတယ်။

သိမ်းဆည်းရမိထားသောပစ္စည်းများကို ကျော်ချမ်းငြိမ်း၊ အောင်ရဲထွေး၊ ရန်နောင်စိုးတို့က ပစ္စည်းအပ်နှံဌာန၌ အပ်နှံသွားခဲ့သည့် အိတ်ထဲကသာ သိမ်းဆည်းရမိခြင်းဖြစ်သည်ဆိုလျှင် “မသိကြောင်း” ပြောဆိုသော်လည်း ဖြိုးကိုကိုတင့်ဆန်းပါ နှစ်ဦး ပါလာသည့် အိတ်ဖြစ်ကြောင်း “သိရပါသည်” လို့ ပြန်လည်ပြင်ဆင် မှတ်တမ်းတင်ခဲ့တာပါ။

ဒီတစ်ပတ် ရုံးချိန်းမှာတော့ မူးယစ်၊ လက်နက်၊ ဆက်သွယ်ရေး၊ အစိုးရလျှို့ဝှက်ချက် စတဲ့ဥပဒေဆိုင်ရာ ပုဒ်မတွေနဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့တာဖြစ်ပြီး သုံးနာရီကျော်ကြာမြင့်ခဲ့ပါတယ်။ အကျီအဖြူနဲ့ ကချင်ပုဆိုးကို ခပ်တိုတိုဝတ် သနပ်ခါးလိမ်းပြီး တရားရုံးကိုရောက်လာတဲ့ ဖြိုးကိုကိုတင့်ဆန်းကတော့ တရားခွင်အတွင်းရှိနေတဲ့ တစ်ချိန်လုံးနီးပါး ခေါင်းကိုငုံ့လျှက်သာ ထိုင်နေပါတယ်။

နေပြည်တော်၊ ဒက္ခိဏခရိုင်တရားသူကြီး ဦးလှဝင်းက နောက်တစ်ကြိမ်ရုံးချိန်းကို ဖေဖော်ဝါရီ ၂၁ ရက်အဖြစ် သတ်မှတ်ကြေညာပြီးနောက်မှာတော့ တရားခွင်ဟာ ပြီးဆုံးသွားခဲ့ပါတယ်။

ဖမ်းဆီးရမိသောပစ္စည်းအချို့

– လက်နက် စုစုပေါင်း ၁၃ လက်နှင့် ကျည်ဆန်မျိုးစုံ ၉၀၀ ကျော်

– ၉ မမ ပစ္စတို ၂လက်

– M-16 RAINIERARMS

– RONI GLOCK ပစ္စတို ၁လက်

– M-16

– M 4 ကာဘိုင်ပုံစံ ၁ လက်

– P .22 Walther ပစ္စတို ၁ လက်

– Beretter .22 ပစ္စတို ၁ လက်

– Luger Cz 75 D ပစ္စတို ၁လက်

– Beretter 9 MM ၁လက်

– Ruger 9 MM ၁လက်

– LLB-170 9MM 9 MM GLOCK ပစ္စတို ၁ လက်

– Glock Ges.M.b.H ပစ္စတို ၁လက်

– စိတ်ကြွဆေး ၂၄ ပြား၊ ICE ၄ ဒသမ ၅၅ ဂရမ်

– စနိုက်ပါမှန်ပြောင်းများ၊ ကျည်ကာများ၊ စကားပြောစက်များ၊ ဒရုန်းများ၊ နိုင်ငံတော်တံဆိပ်ပါ ပြောက်ကျားဝတ်စုံ

မှတ်ချက်- ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအထိ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ပါ အချက်အလက်များကို စုစည်းထားခြင်း ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar