စာသင်ခန်းပြုပြင်ပြောင်းလဲရင်း လွဲချော်သွားသောအခွင့်အလမ်းတစ်ခု

 

မူလတန်းသင်ရိုးသစ်သည် အရေးပါသော ခြေလှမ်းများဖြစ်သော်လည်း ထာဝရငြိမ်းချမ်းရေးဆီသို့ ဦးတည်သော လူမှုရေးပါဝင်မှု မြှင့်တင်ရေးအတွက်မူ လုပ်စရာများ ကျန်သေးသည်။ 

ရိုဇလီမက်ထရို

မူလတန်း သင်ရိုးညွှန်းတမ်း ပြန်လည်သုံးသပ် ပြင်ဆင်ရေးအတွက် ပညာရေးဝန်ကြီးဌာနသည်  ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA အဖွဲ့နှင့် နှစ်အတန်ကြာ ပူးပေါင်းလုပ်ဆောင်နေခဲ့သည်။

အမျိုးသားပညာရေး မဟာဗျူဟာအစီအစဉ်အရ စာသင်သားအားလုံးနှင့် ကိုက်ညီသော၊ ညီညွတ်မျှတသော၊ အားလုံးပါဝင်သော ပညာရေးဖြစ်ပြီး ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။

ဤအချက်မှာ ကောင်းပါသည်။ ယခုက ပြဋ္ဌာန်းစာအုပ်များသည် ဗုဒ္ဓဘာသာ ဗမာစစ်ဘုရင်များကို ဗဟိုပြုထားရာ ဘာသာရေးနှင့် လူမျိုးရေး၊ လူနည်းစု တိုင်းရင်းသားများအရေးကို ဘေးဖယ်ထားသလို ဖြစ်နေရာ လူမှုရေးခွဲခြားမှုကို နက်ရှိုင်းစေသည်။ 

မည်သည့်နိုင်ငံမဆို ငြိမ်းချမ်းရေးကို မြှင့်တင်ရန် အားလုံးပါဝင်သော သင်ရိုးပြုစုဖို့ ခက်ခဲပါသည်။ မြန်မာနိုင်ငံမှ သင်ရိုးပြုစုနေကြသူများသည်လည်း အချိန်နှင့် အရင်းအမြစ် အကန့်အသတ်များ ရှိနေသည့်ကြားမှလည်းကောင်း၊ အစိုးရနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကြား ရှုပ်ထွေးသော ဆက်ဆံလုပ်ကိုင်မှုများကြားမှလည်းကောင်း ရည်ရွယ်ချက်ကောင်းကောင်းဖြင့် ကြိုးပမ်းလုပ်ဆောင်နေကြပါသည်။

သင်ရိုးညွှန်းတမ်းတစ်ခုလုံးကို သုံးသပ်ဆုံးဖြတ်ဖို့ အချိန်စောလွန်းသေးသည်မှန်သော်လည်း မူကြိုမှ သုံးတန်းအထိ အသုံးပြုနေသော ပြဋ္ဌာန်းစာအုပ်က သွားနေသောလမ်းကြောင်းကို ညွှန်ပြနေသည်။ ချီးကျူးစရာများစွာ ပါရှိပါသည်။

သွေးနှောနေသူများအား မလိုမုန်းထားသည့် ကဗျာလို ပြောင်ပြောင်တင်းတင်း ထိခိုက်သည့်စာများကို ဖယ်ရှားခဲ့ပါသည်။ အင်အားကြီးသူများအား အသားပေးသော သိမ်မွေ့သည့် မျက်နှာလိုက်မှုများ သင်ရိုးထဲတွင် ပါရှိနေသေးသည်။ ယခင်နှင့် ယခုသင်ရိုး နှစ်ခုစလုံးကို လေ့လာခဲ့သူဖြစ်ပြီး လူသားဆန်သော ပညာရေးသမားတစ်ယောက်အဖြစ်ဖြင့် အသစ်ရေးမည့်  ပြဋ္ဌာန်းစာအုပ်များတွင် ငြိမ်းချမ်းရေးကိုမြှင့်တင်ပြီး လူမှုပါဝင်ရေးကို တိုးတက်စေရန် အချက် ၁၀ ချက်ကို အကြံပြုလိုပါသည်။

၁။ မိမိတို့လည်း ကိုယ်စားပြုပါဝင်သည်ဟု ကလေးများသိရှိခံစားရစေရန် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွင် ဖော်ပြပါရှိသော ဇာတ်ကောင်များ၏ အသားအရောင်နှင့် အမည်များအပါအဝင် လူမျိုး၊ ဘာသာခွဲခြားသတ်မှတ်မှုများကို အမျိုးမျိုး ခွဲခြားထားစေလိုပါသည်။
ပါဝင်သော ပုံပြင်ဇာတ်လမ်းအတိုင်း၊ သတင်းအချက်အလက်တိုင်း၊ ရုပ်ပုံတိုင်းသည် ကလေးများအား မိမိတို့ပါဝင်သည်ဟု အကူအညီပေးနိုင်သည် မှန်သော်လည်း ဤအခွင့်အလမ်းများ ဆုံးရှုံးစေလျက်ရှိပါသည်။ ဥပမာ သင်္ချာပုစ္ဆာတစ်ခုတွင်  ကလေးများအမည်ကို ဗမာအမည်များ ဥပမာ (ထွန်းထွန်း၊ စုစု) စသည်တို့သာ တွေ့ရပြီး အခြားတိုင်းရင်းသားနှင့် ဘာသာခြားလူနည်းစုအမည် ဥပမာ (ဘလဲဝါး၊ မိုဟာမက်) စသည်တို့ မတွေ့ရပါ။

နာမည်များကို ကျယ်ကျယ်ပြန့်ပြန့်အမျိုးမျိုးပါဝင်စေခြင်းဖြင့် အားလုံးပါဝင်မှုကို ခံစားရရှိစေနိုင်ပါသည်။ ကံမကောင်းစွာပင် အသားရောင် မည်းနက်သူ အိန္ဒိယနွယ်ဖွား အထူးသဖြင့် မူဆလင်များကို မြန်မာနိုင်ငံတွင် ကာလရှည်ကြာကပင် ခွဲခြားဆက်ဆံလာခဲ့ကြပါသည်။

သင်ရိုးတွင် အသားအရောင်အားလုံးနှင့် ချစ်ခင်ပေါင်းသင်းနေထိုင်ရန် အားပေးထားပြီး သိပ္ပံစာအုပ်တွင် အသားအရောင်ကွဲပြားခြင်းမှာ သဘာဝပုံမှန်ဖြစ်စဉ်ဟုသာ ဖော်ပြထားသော်လည်း သရုပ်ဖော်ပုံများကတော့ ထိုသို့မဟုတ်ပြန်ပေ။ ကလေးများအဖို့ မိမိ၏အသားအရောင်၊ သို့မဟုတ် မိမိအတန်းဖော်၏ အသားအရောင်သည် မလိုလား မနှစ်သက်ဖွယ်ဟု ထင်မြင်စေပါသည်။ မြန်မာလူထုအကြား အသားအရောင်ကွဲပြားမှုကို ဖော်ပြသော သရုပ်ဖော်ပုံမျာသည် ကလေးများအား မိမိကိုယ်ကို အထင်ကြီးလေးစား တန်ဖိုးထားမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။

၂။ အမျိုးသမီးများအား ပို၍ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုပါဝင်စေသင့်သည်။

ပြဋ္ဌာန်းစာအုပ်သစ်များတွင် လူမှုလေ့လာရေး ပြဋ္ဌာန်းစာအုပ်တိုင်း၌ပါဝင်သော ‘သူရဲကောင်း’များမှာ (ဘုရင်မကြီး ရှင်စောပုမှလွဲ၍) အမျိုးသားများချည်းသာ တွေ့ရသည်။ ဤသို့ ကျားမခွဲခြားမှုကြောင့် အမျိုးသမီးများအဖို့ အာဏာပါဝါနေရာရဖို့ မလွယ်ကူတော့ပါ။ သမိုင်းတွင် သူတို့၏အခန်းကဏ္ဍကိုလည်း ကျယ်ကျယ်ပြန့်ပြန့်မသိနိုင်တော့ပေ။ သို့သော် ပါဝင်သင့်သည့် အမျိုးသမီးများ ရှိခဲ့ပါသည်။ ရှေးခေတ်ပုဂံက မိဖုရားစောမွန်လှနှင့် ခေတ်သစ်ဒေါ်မြစိန် တို့ဖြစ်သည်။

ဒေါ်မြစိန်သည် ၁၉၃၀ ပြည့်နှစ်တွင် ဗြိတိသျှပါလီမန်အတွင်း မိန့်ခွန်းပြောစဉ် မြန်မာပြည်ကို အိန္ဒိယမှ ခွဲထုတ်ပေးရန်ပြောခဲ့သူဖြစ်သည်။ ထိုင်းနိုင်ငံနယ်စပ်၌ ဒုက္ခသည်များအား ဆေးကုသပေးရန် ဆေးခန်းဖွင့် ကုသပေးခဲ့သူ ကရင်ဆရာဝန်အမျိုးသမီး ဒေါက်တာစင်သီယာမောင်သည်လည်း ချီးကျူးထိုက်သူပင်ဖြစ်သည်။ အမျိုးသားများအကြောင်းကိုသာ ဦးစားပေးဖော်ပြခြင်းဖြင့် အမျိုးသမီးများမှာ တိုင်းပြည်အတွက် ဘာမှပါဝင်လုပ်ကိုင်ခြင်းမရှိခဲ့ကြဟု အမြင်မှားစရာဖြစ်နိုင်ပါသည်။

အမျိုးသမီးများအကြောင်းဖော်ပြပြန်တော့လည်း သမားရိုးကျပုံစံများဖြင့်သာ ဖော်ပြကြသည်။ အမျိုးသမီးများကို ပညာရေးနှင့် ကျန်းမာရေးနယ်ပယ်၌သာ သူတို့၏ စွမ်းဆောင်မှုကို ဖော်ပြကြသည်။ ကလေးထိန်းနှင့် အိမ်မှုကိစ္စ ဗာဟီရလုပ်ကိုင်ပုံကိုသာ ဖော်ပြကြသည်။ အမျိုးသားများကိုတော့ လယ်သမားများ၊ စစ်သားများ၊ သိပ္ပံပညာရှင်များအဖြစ် ဖော်ပြကြသည်။ အချို့ ကြိုဆိုရမည့် ခြွင်းချက်များတော့ရှိပါသည်။ သို့သော် အမျိုးသမီးများအား နယ်ပယ်အမျိုးမျိုးတွင် ထွန်းတောက်နေပုံကို ဖော်ပြကြလျှင် မည်မျှကောင်းမည်နည်း။

၃။ တိုင်းရင်းသား ကလေးငယ်အားလုံး ပြည်ထောင်စုအတွင်း ပါဝင်နေသည်ဟု ပိုမိုခံစားကြစေရန် သမိုင်းနှင့် ခေတ်ပြိုင်ပုဂ္ဂိုလ်များအကြောင်း ဖော်ပြရာတွင် ဗမာလူမျိုးချည်းသာမက တိုင်းရင်းသားမျိုးစုံကို ပါဝင်စေသင့်ပါသည်။ 

ဤပြဋ္ဌာန်းစာအုပ်များထဲမှ ‘သူရဲကောင်း’ အားလုံးလိုလိုမှာ အမျိုးသားများသာ ဖြစ်ကြသည်သာမက သူတို့အားလုံးမှာလည်း ဗမာများသာ ဖြစ်ကြသည်။ သို့သော် လူမှုဘာသာ ပညာရပ်ဖတ်စာအုပ်များတွင် တိုင်းရင်းသားခွဲခြားဖော်ပြမှုများအားလုံးကို ဖယ်ရှားလိုက်ပြီဖြစ်၍ ဤအချက်မှာ သိပ်မသိသာတော့ပေ။ ထို့ကြောင့် ဘုရင့်နောင်သည် နောင်ရိုးတိုက်ပွဲတွင် သူ တိုက်ခိုက်နေသူ ရန်သူများမှာ မွန်များအစား အမည်မသိဖော်ပြမထားသော ရန်သူများကို ဘုရင့်နောင်တိုက်နေလေသည်။

ထိုနည်းတူ ဘုရင်မကြီး ရှင်စောပုကိုလည်း ‘ဟံသာဝတီမှ ဘုရင်မဟုသာ ဖော်ပြသည်။ ငယ်ရွယ်သူ ကလေးငယ်များကို ယခင်ကဖော်ပြခဲ့သော တိုင်းရင်းသားတို့အပေါ် ဗမာတို့က လွှမ်းမိုးခဲ့သော အမြင်မျိုးကို ဖယ်ရှားရန်ရည်ရွယ်သည်မှန်သော်လည်း ဤချည်းကပ်နည်းကြောင့် သမိုင်းစာအုပ်ထဲတွင် ဗမာမဟုတ်သူများ ဖယ်ရှားခံကြရသလို ပျောက်သွားလေသည်။

ဤနည်းသည် အပြန်အလှန်ရိုသေလေးစားကြရမည့် အခွင့်အလမ်းကို ဆုံးရှုံးသွားစေသည်။ အကြောင်းမှာ ရှေးခေတ်မှာရော ယခုခေတ်မှာပါ အလေးထားဖော်ပြသင့်သော တိုင်းရင်းသားပုဂ္ဂိုလ်များ ရှိခဲ့သည်သာ ဖြစ်ကြောင်းတည်း။ ထိုအထဲတွင် မြောက်ဦးမြို့ကို တည်ထောင်သူ ရခိုင်ဘုရင် ‘မင်းစောမွန်’ မြန်မာနိုင်ငံ၏ ပထမဆုံးသမတကြီး ရှမ်းလူမျိုး စပ်ရွှေသိုက်တို့ ပါဝင်သည်။

ဤတွင် မြန်မာနိုင်ငံ၌ မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့သော အိန္ဒိယနှင့် တရုတ်နွယ်ဖွားထဲမှ နှစ်သက်အားကျဖွယ်ကောင်းသောသူများကိုလည်း ထည့်သွင်းဖော်ပြသင့်ပါသည်။ ယခင်ဖတ်စာအုပ်များတွင် သူတို့ကို အလွန်တွေ့ရခဲပြီး တွေ့ရပြန်လျှင်လည်း မကောင်းသောအဓိပ္ပာယ်ဖြင့်သာ ဖော်ပြထားသည်။ ထိုသို့ပြုလုပ်ခြင်းသည် သူတို့အုပ်စုထဲမှ နောင်လာနောင်သား ကလေးငယ်များကို ထိခိုက်ပျက်စီးစေပါသည်။ 

အပေါင်းလက္ခဏာ ခြေလှမ်းတစ်ခုအဖြစ် ပြည်နယ်တိုင်းကို ၎င်းတို့၏ ပြည်နယ်တွင်း သင်ရိုးတစ်ခုကို ကိုယ်တိုင်ပြုစုခွင့်ပေးထားသည်။ ပင်မဗဟိုဖတ်စာအုပ်နှင့် ပူးတွဲအတူတူ အသုံးပြုရန်ဟု ဆိုပါသည်။

တိုင်းရင်းသားလူနည်းစုတို့ ဖယ်ရှားခံရခြင်းကို ဤနည်းက တစိတ်တပိုင်းအားဖြင့် ကုစားနိုင်ဖွယ်ရှိသည်။ သို့နှင့်တိုင် ဤသင်ရိုးဖတ်စာအုပ် နှစ်အုပ်ပါ အချက်အလက်များ တစ်ခုနှင့်တစ်ခု ဝိရောဓိဖြစ်နေခဲ့သော ကျောင်းသားများနှင့် ဆရာတို့က ဘာလုပ်ကြရမှာနည်းဆိုတဲ့ အချက်ကတော့ မရှင်းလင်းပေ။

(ဥပမာအားဖြင့် ပြည်နယ်ထုတ် ဖတ်စာအုပ်တွင် ဗမာဘုရင်ကို စည်းရုံးသူအဖြစ် မဖော်ပြဘဲ ဖိနှိပ်သူအဖြစ်ဖော်ပြခဲ့သော်) ဗဟိုထုတ် ဖတ်စာအုပ်က သိပ်ဗမာဦးစားပေးနေခြင်းသည် ဖတ်စာအုပ်နှစ်မျိုးအကြား မတူကွဲပြားမှု ပြဿနာဖြစ်စေသည်။ တိုင်းရင်းသားလူမျိုးများအား ပိုမိုထည့်သွင်းပေးခြင်းဖြင့် ကွာဟမှုကို ကျဉ်းမြောင်းသွားစေနိုင်ပါသည်။

၄။ ကလေးများအား သူတို့တွင် ပြောကြားခွင့်ရှိသည်ဆိုသော အတွေးအခေါ်ကို သူတို့အတွက် စတင်မိတ်ဆက်ပေးထားပါ။

သင်ရိုးသစ်ထဲ၌ အဆန်းသစ်ဆုံးအကြောင်းအရာမှာ Life Skills ဖတ်စာအုပ်ထဲမှ သင်ခန်းစာများတွင်ပါဝင်သော လိင်ပိုင်းဆိုင်ရာ အသုံးချခံရမှုမှ ကာကွယ်ရေးနည်းလမ်းများဖြစ်သည်။ လူကြီးများက ၎င်းတို့အား မလျော်ကန်သော နည်းလမ်းဖြင့် ထိပါးလာလျှင် ကန့်ကွက်ခြင်း၊ ငြင်းဆန်ခြင်းပြုရန် သင်ကြားထားသည်။ ဤအချက်မှာ ကလေးများသည် လူကြီးများကို အမြဲလိုက်နာရမည်ဆိုသော ယဉ်ကျေးမှုစံနှုန်းနှင့် ဆန့်ကျင်နေသည်။

ကလေးများသည် လိင်ပိုင်းဆိုင်ရာ တလွဲအသုံးချခံရခြင်းမှ ကာကွယ်ပိုင်ခွင့်ရှိသည်။ အစိုးရကလည်း အကာအကွယ်ပေးထားရမည်ဆိုသော အချက်များကို ကလေးများအား တိုက်ရိုက်သင်ကြားထားခြင်း မရှိပေ။ ကလေးများတွင် ပညာသင်ကြားခွင့်ရှိသည်။ မိခင်ဘာသာစကားကို ပြောခွင့်ရှိသည်။ အိမ်တွင် လုံခြုံစွာနေခွင့်ရှိသည်။ ခွဲခြားဆက်ဆံခြင်းမရှိစေရ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ မိမိအယူအဆကိုဖော်ပြခွင့်ရှိသည် စသည်တို့ကိုလည်း တိုက်ရိုက်သင်ကြားထားခြင်းမရှိပေ။ 

မြန်မာနိုင်ငံသည် ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသော နိုင်ငံဖြစ်သော်လည်း အခွင့်အရေးဆိုင်ရာ အယူအဆကို သင်ရိုးမှ ချန်လှပ်ထားသည်။ ၎င်းအစား ကလေးများ၏ တာဝန်ဝတ္တရားများကိုသာ ပြောကြားထားသည်။

ထိုသို့တာဝန်ပိုင်းကို အလေးထားဦးစားပေးမှုသည် ကိုယ်ကျင့်တရားနှင့် ပြည်သူ့နီတိသင်ရိုးတွင် စိမ့်ဝင်နေသည်။ ပမာအားဖြင့် ရေကန်ပြန်ဆည်ကြရာတွင် ကလေးများက ခေါင်းပေါ်၌ ကျောက်ခဲ မြေစာခြင်းများရွက်လျက် ပါဝင်ကူညီ လုပ်အားပေးနေကြပုံ ပြသထားသည်။ သို့သော် ကလေးများတွင် သန့်ရှင်းသော သောက်သုံးရေ သောက်ရခွင့်ရှိသည်။

ထိုသို့ရရှိရန် အစိုးရတွင် တာဝန်ရှိသည်ဆိုသည်တို့ မပါရှိပေ။ ကလေးအခွင့်အရေးများကို တန်းစီပြောပြထားခြင်းဖြင့် သူတို့တတွေ၊ သို့မဟုတ် သူတို့အရွယ် အခြားကလေးတွေ ကလေးအခွင့်အရေး ချိုးဖောက်ခံနေကြရပါကလားဟု သိမြင်နားလည်လာကြပြီး လူမှုရေးတွင် ပါဝင်ပြောရဲဆိုရဲ ရှိလာကြပေသည်။

၅။ ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်၊ အစ္စလာမ်နှင့်အခြားဘာသာများ မိတ်ဆက်ပေးပါ။

ယခင်က စန်တာကလော့အကြောင်းသာပါရှိသည့် သင်ရိုးညွှန်းတမ်း၌ ယခုအခါ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ဓာတ်ပုံတစ်ပုံနှင့် ပိုးကရင်ဘုရားဝတ်ပြုသူ တစ်စု၏သရုပ်ဖော်ပုံတို့ပါဝင်လာသည်။ သို့တစေ ကလေး ၁၀ ယောက်တွင် တစ်ဦးမှာ ဗုဒ္ဓဘာသာဝင်မဟုတ်သည့်တိုင် ယင်းမှာ ဗုဒ္ဓဘာသာမဟုတ်သည့် အခြားဘာသာအကြောင်း ဖော်ပြချက်မျှသာဖြစ်သည်။ 

နိုင်ငံလူဦးရေ၏ အနည်းဆုံး လေးရာခိုင်နှုန်းရှိသော မွတ်စလင်များကို မည်သည့်အခါမျှမဖော်ပြပေ။ နောက်ထပ်အရေအတွက်အများဆုံးဖြစ်သော ဟိန္ဒူများနှင့် နတ်ကိုးကွယ်သူများကိုလည်း မဖော်ပြပေ။ ဗုဒ္ဓဘာသာကသာ သင်ရိုးညွှန်းတမ်းတွင် ပြတ်ပြတ်သားသားဦးစားပေးအဆင့်ကို ရရှိထားသည်။

ဘုရင်များသည် စေတီဘုရားများတည်ခြင်းနှင့် သံဃာကို ထောက်ပံ့ခြင်းတို့အတွက် ချီးမွမ်းခံရသည်။ သို့သော်လည်း ဗလီများနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများဆောက်လုပ်ခြင်းအတွက် မည်သူကိုမျှမချီးမွမ်းပေ။ ဘာသာအမျိုးမျိုးအကြောင်း မှန်ကန်တိကျသည့် သတင်းအချက်အလက်များက အထူးသဖြင့် အစ္စလာမ်အကြောင်းသတင်းမှားများကို ချေဖျက်နိုင်မည်ဖြစ်သည်။

မွတ်စလင်ကလေးတစ်ဦးနှင့် ဗုဒ္ဓဘာသာကလေးတစ်ဦးတို့ မိတ်ဖွဲ့ခြင်းအကြောင်း စာရိတ္တနှင့်နီတိသင်ရိုးညွှန်းတမ်းတွင် တွေ့မြင်ရခြင်းက လွန်စွာကောင်းမွန်မည်ဖြစ်သည်။ အကြောင်းမှာ ယင်းကဲ့သို့ သာဓကများက အကြမ်းဖက်မှုကြောင့် အားနည်းနေသည့် လူမှုအဆောက်အအုံတစ်ခုကို ခိုင်မာစေနိုင်သောကြောင့်ဖြစ်သည်။

၆။ အပြန်အလှန်လေးစားမှုကို မြင့်တင်ရန် တိုင်းရင်းသားလူနည်းစုအုပ်စုများကို ကိုယ်စားပြုနေချိန် အပေါ်ယံအဆင့်ကို လွန်၍ကြည့်ပါ။

အဟောင်းကဲ့သို့ သင်ရိုးညွှန်းတမ်းအသစ်သည် တိုင်းရင်းသားလူနည်းစုများအကြောင်း ဖော်ပြလေ့ရှိသော်လည်း အဓိကတိုင်းရင်းသားလူမျိုး ရှစ်မျိုးဖြစ်သော ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရှမ်းနှင့် ရခိုင်တို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ပုံများကိုဖော်ပြကာ မြန်မာနိုင်ငံမြေပုံတစ်ခု၏ ပတ်ပတ်လည်တွင် စုစည်းမှု၊ သို့မဟုတ် စည်းလုံးညီညွတ်မှုကို ပြသသည့်ပုံစံဖြင့် ဖော်ပြသည်။

ယင်းကဲ့သို့ သရုပ်ဖော်ပုံများနှင့် တွဲထားသည့် ဖတ်စာများနှင့် ကဗျာများက ယင်းလူမျိုးအုပ်စုရှစ်ခုကြား သဟဇာတဖြစ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ထင်ရှားအောင်ပြုလုပ်ပေးသည်။ ရှင်းနေသည်မှာ ယင်းစိတ်ကူးက နှစ် ၇၀ ကြာပြည်တွင်းစစ်မှ အမျက်သိုမှုကို တိုက်ဖျက်ရန် ကလေးများအတွက် အပြုသဘောဆောင်သည့် သတင်းစကားပေးရန်ဖြစ်သည်။

သို့သော်လည်း ယင်းကဲ့သို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အပေါ်ယံပြသမှုက ၎င်းတို့ရည်ရွယ်ထားသည့် အကျိုးသက်ရောက်မှု ရှိချင်မှရှိမည်ဖြစ်သည်။ ယင်းတို့က တိုင်းရင်းသားလူနည်းစုများ၏ သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများအကြောင်း မည်သည့်သတင်းအချက်အလက်ကိုမှ ပေးမည်မဟုတ်ပါ။

တတိယတန်းနှစ်ကုန်တွင် ဗမာမဟုတ်သည့် တိုင်းရင်းသားအုပ်စုများအကြောင်း ကလေးတစ်ယောက်သိသည့် အရာအားလုံးမှာ တိုင်းရင်းသားများတွင် မတူညီသော ရိုးရာဝတ်စုံများရှိကြသည်လောက်သာဖြစ်သည်။

ယင်းတိုင်းရင်းသားများတွင် ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှု၊ သို့မဟုတ် ပန်းတိုင်တို့ရှိကြောင်း ညွှန်းဆိုချက် မပါရှိပါ။ တိုင်းရင်းသားဘာသာစကားဖြင့် ကလေးအချင်းချင်းမည်သို့နှုတ်ဆက်ရသည်ဆိုသည့် စကားလေးများသင်ပေးခြင်းကို ထည့်သွင်းခြင်းကဲ့သို့ ရိုးရှင်းသောခြေလှမ်းတစ်လှမ်းသည်ပင် တိုးတက်မှုတစ်ခုဖြစ်လိမ့်မည်။

လူနည်းစုတိုင်းရင်းသားများအတွက် နေရာပိုပေးသည့် ရှားပါးသည့် ဖြစ်စဉ်များတွင်လည်း ပုံသေကားကျပုံစံများကိုသာ ဖော်ပြသည်။ သာဓကအားဖြင့် စာရိတ္တနှင့် နီတိသင်ရိုးတွင် လူနည်းစုတိုင်းရင်းသားများအကြောင်း ပုံဝတ္ထုတစ်ခုတွင် ရွာငယ်လေးတစ်ရွာ၌ ပျော်ရွှင်တတ်သည့် သဘာဝကိုသာ ပြသသည်။ ယင်းမှာ လူနည်းစုတိုင်းရင်းသားအရပ်ဒေသများ၏ ပြသမှုများထဲက တစ်ခုဖြစ်သောကြောင့် ခေတ်သစ်မတိုင်မီ ကမ္ဘာတစ်ခုတွင် ဗမာမဟုတ်သူတို့ နေထိုင်သည်ဆိုသည့် ပုံသေကားကျပုံစံများကို အားပေးမည့်အလားအလာရှိသည်။

စစ်အစိုးရလက်ထက်တွင် အဓိကတိုင်းရင်းသားလူမျိုး ရှစ်မျိုးအကြောင်းအကြမ်းဖော်ပြသော လူမှုရေးဘာသာရပ် ဖတ်စာအုပ်များသည် ကုန်သွယ်မှုလုပ်သူအဖြစ် ဗမာကိုသာ ဖော်ပြပြီး ကျန်တိုင်းရင်းသားများကိုမူ လယ်သမားများအဖြစ်သာ ဖော်ပြသည်။ ကွန်ပျူတာပရိုဂရမ်မာတစ်ဦး၊ သို့မဟုတ် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအကြောင်း ပုံဝတ္ထုတစ်ခုက လူနည်းစု တိုင်းရင်းသားပြည်သူများဘဝဆိုင်ရာ ကျယ်ပြန့်သော အသိဉာဏ်တစ်ခုကို ကလေးများအား ပေးအပ်နိုင်သည်။

၇။ ယဉ်ကျေးမှုများစွာရှိသော လူ့အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာကို ကိုယ်စားပြုပါ။ သို့မှသာ မြန်မာသည် ဗမာသာဖြစ်သည်ဆိုသည့် အဓိပ္ပာယ်မသက်ရောက်မှာဖြစ်သည်။

ကချင်မနောတိုင်ကဲ့သို့ လူနည်းစုတိုင်းရင်းသားယဉ်ကျေးမှုများထဲက အနည်းငယ်သော သင်္ကေတများက မြန်မာဖတ်စာအုပ်များတွင် ပါရှိသည်။ သို့သော်လည်း သင်ရိုးပါယဉ်ကျေးမှုသင်္ကေတနှင့် အလေ့အထများမှာ မြန်မာများအဖြစ် ပိုမိုကျယ်ပြန့်စွာ ဖော်ပြသည့်တိုင် ဗမာများနှင့်သာ သက်ဆိုင်နေသည်။

သာဓကအားဖြင့် သရုပ်ဆောင်အနုပညာ ဖတ်စာအုပ်တွင် ဖော်ပြထားသည်မှာ ဗမာအကဖြစ်ဟန်ရှိသော မြန်မာအကကိုသာ ပြသထားသည်။ မြန်မာဆိုသည် တိုင်းရင်းသားလူမျိုးအားလုံးပါဝင်သည်ဟု ယူဆရသော်လည်း တကယ့်အစစ်အမှန်အဓိပ္ပာယ်က ဗမာသာဖြစ်ကြောင်း ယင်းကဲ့သို့ သာဓကများက ပြသလျက်ရှိသည်။

မြန်မာဆိုသည့် ဝေါဟာရတွင် တိုင်းရင်းသားလူမျိုးများအားလုံးပါဝင်သည်ဆိုပါလျှင် ရိုးရာအကအချို့ကို ပြသခြင်းကဲ့သို့ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုစုံသောသဘာဝကို ရောင်ပြန်ဟပ်သည့် နည်းလမ်းတစ်ခုဖြင့် ယင်းဝေါဟာရကို အဘယ့်ကြောင့်အသုံးမပြုသနည်း။

၈။ သမိုင်းကို ဆန်းစစ်သောအမြင်ဖြင့် စဉ်းစားတွေးတောရန် ကျောင်းသားများကို အားပေးပါ။ သို့မှသာ ကျောင်းသားများသည် နိုင်ငံ၏အနာဂတ်အတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။

“သင်နေသည့်အရပ်မှာရှိသော တိုင်းရင်းသားအုပ်စုများမှာ မည်သူတို့နည်း”ကဲ့သို့သော လွတ်လပ်သည့်အဖြေကိုသာ မျှော်လင့်သည့်မေးခွန်းများကို ကလေးများအားမေးခြင်းဖြင့် ယင်းသင်ရိုးညွှန်းတမ်းက အလွတ်ကျက်စနစ်မှသည် ဝေဖန်ဆန်းစစ်သည့် တွေးခေါ်မှုဆီသို့ ကြီးမားသည့် ခြေလှမ်းကြီးတစ်ခု လှမ်းနိုင်စေမည်ဖြစ်သည်။ ယင်းသို့အခြေအနေက ကလေးများအား ကိုယ့်ကိုယ်ကိုယ်နှင့် မိမိတို့အိမ်နီးချင်းများကို ဆန္ဒရှိသလို ခွဲခြားသိရှိစေမည်ဖြစ်သည်။ သို့သော်လည်း ပို၍အငြင်းပွားဖွယ်ဖြစ်သည့် အကြောင်းအရာများနှင့် ပတ်သက်၍မူ ကျောင်းသားများအား နိမိတ်ပြမေးခွန်းများကိုသာ မေးရသည်။

ပထမတန်း လူမှုရေးဘာသာဖတ်စာအုပ်က ဗမာစစ်ဘုရင်များဖြစ်သော အနော်ရထာ၊ ဘုရင့်နောင်၊ ကျန်စစ်သားနှင့် အလောင်းမင်းတရားတို့အကြောင်းကိုမေးထားသည်။ ဘုရင်ကြီးများ၏ လုပ်ဆောင်အောင်မြင်မှုများထဲက မည်သည့်အရာကို သင်ထောက်ခံသလဲ။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဖတ်စာတစ်ခုနောက်တွင် ဗိုလ်ချုပ်အောင်ဆန်းဆီမှ ဘာကို အတုယူချင်သလဲ စသည့်မေးခွန်းများက မျှတသည့်အမြင်ကို မြှင့်တင်မပေးနိုင်ဘဲ ခေါင်းဆောင်များကို မဝေဖန်ရဆိုသည့် ထင်မြင်ချက်ကိုသာ ဖန်တီးပေးသည်။

ဗိုလ်ချုပ်၏အမွေမှာ ပိုမိုရှုပ်ထွေးသည်ကို ရှုမြင်ရန် မကြာသေးခင်က လူနည်းစုတိုင်းရင်းသားတို့က ဗိုလ်ချုပ်ရုပ်တုစိုက်ထူခြင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့မှုကို ကြည့်ရန်လိုသည်။ သင်ရိုးတွင် ၎င်း၏သူရဲကောင်းများအကြောင်း ကောင်းမွန်သည့် သတင်းအချက်အလက်များသာ ပါဝင်သော်လည်း ၎င်းတို့မိဘများ၊ လူ့အသိုင်းအဝိုင်းများ၊ သို့မဟုတ် ဒေသခံသင်ရိုးများမှ မကြာမီနှစ်များတွင် ကွဲပြားခြားနားသည့် သမိုင်းကြောင်းများကို ကလေးများ ကြားရနိုင်ဖွယ်ရှိသည်။

နှစ်များစွာကြာနေသည့် သွေးစွန်းသည့်ပြည်တွင်းစစ်၏ အရှိတရားကို ထည့်သွင်းစဉ်းစားခြင်းဖြင့် တိကျသည့်အဖြေမလိုသော မေးခွန်းများမေးခြင်းနှင့် အတိတ်၊ ပစ္စုပ္ပန်အကြောင်းဆိုင်ရာ ကိုယ်ပိုင်အယူအဆရှိလာရေး အားပေးခြင်းတို့က ၎င်းတို့၏အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအတွက် ရိုးသားသည့်အခြေခံမူကို ဖန်တီးပေးမည်ဖြစ်သည်။

“ဘုရင့်နောင်သည် ခေါင်းဆောင်ကောင်းတစ်ယောက်လို့ ထင်ပါသလား”ကဲ့သို့ သော အဖြေအမျိုးမျိုးဖြစ်နိုင်သည့် မေးခွန်းကိုဖြေကြားရာတွင် ကလေးတစ်ယောက်က ပြောကောင်းပြောနိုင်သည်မှာ “မထင်ပါ။ သူဟာ များပြားလှတဲ့ စစ်ပွဲတွေကို စတင်ခဲ့ပါတယ်” ဟုဖြစ်နိုင်သည်။ ယင်းသို့အခြေအနေက သမိုင်းနှင့်ပတ်သက်၍ အမှန်တကယ်ဆွေးနွေးမှုတစ်ခုလုပ်ရန် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးသည်။

၉။ သမိုင်းဖတ်စာအုပ်များတွင် အဓိကရင်းမြစ်အထောက်အထားများ ထည့်သွင်းပါ။ သို့မှသာ ကျောင်းသားများက ၎င်းတို့၏ကိုယ်ပိုင်ဖွင့်ဆိုချက်များပြုလုပ်နိုင်မည်ဖြစ်သည်။

ကလေးများ၏ ဝေဖန်ဆန်းစစ်သော အတွေးအခေါ်စွမ်းရည်ကို ငယ်စဉ်တွင်ပျိုးထောင်ခြင်းမှာ လွန်စွာအရေးကြီးသော်လည်း ယင်းလုပ်ငန်းစဉ်ကို သင်ရိုးတွင် အဓိကရင်းမြစ်အထောက်အထားများ ထည့်သွင်းခြင်းအားဖြင့် အလယ်တန်းနှင့် အထက်တန်းတွင် ဆက်လက်ဆောင်ရွက်နိုင်သည်။
သာဓကအားဖြင့် ကျောင်းသားများကို ပင်လုံစာချုပ်အကြောင်းပြောမည့်အစား သဘောတူညီချက်စာသားများ ဘာ့ကြောင့် မပါဝင်ပါသလဲကို ပြောဖို့လိုသည်။ ထို့နောက် ကလေးများက စာချုပ်ကပြောထားမှု၊ စာချုပ်ကို မည်သူတွေလက်မှတ်ထိုးသလဲ ဆိုသည်ကို ကိုယ်တိုင်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ပြောပြမည့်အစား ၎င်းတို့ကိုယ်တိုင်ကြည့်ရှုခြင်းဖြင့် ကလေးများက အဓိပ္ပာယ်အမျိုးမျိုးဖွင့်နိုင်သည်။ နိုင်ငံ၏သမိုင်းကို ထည့်သွင်းစဉ်းစားကာ မယုံနိုင်လောက်အောက် ဖွင့်ဆိုချက်များကို ဆွေးနွေးနိုင်သည်။

ဆိုလိုသည်မှာ အားလုံးသော တိုင်းရင်းသားအုပ်စုများသည် ပျော်ရွှင်စွာအတူတကွပါဝင် ဆွေးနွေးနိုင်သည်။ သမိုင်းနှင့်ပတ်သက်၍ အမြင်တစ်ခုတည်းကိုသာ တွန်းအားပေးခြင်းထက် အမြင်အမျိုးမျိုးကို ပုံဖော်ရန် ထည့်သွင်းနိုင်သည့် ရင်းမြစ်အထောက်အထားများစွာရှိသည်။ ကျွန်မ၏စာအုပ် Histories of Burma: A Source-Based Approach to Myanmar’s History ထဲမှာပင် ရင်းမြစ်အထောက်အထား ၁၀၀ ကျော်ရှိသည်။

ယခင်က သမိုင်းဖတ်စာအုပ်တိုင်း၏ အမှာစာတွင် သမိုင်းသင်ရခြင်း၏ရည်ရွယ်မှာ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်မြင့်မားရန်ရည်ရွယ်ကြောင်းရေးသားသည်။ဝေဖန်ဆန်းစစ်သည့်အမြင်ဖြင့်တွေးခေါ်ရန် ကျောင်းသားများအတွက် လိုအပ်မှုကို အလေးပေးရန် ယင်းအမှာစာများကို ပြောင်းလဲလိုက်သော်လည်း ဖုံးကွယ်နေသည့် ရည်ရွယ်ချက်များမှာ အတူတူပင်ဖြစ်သည်။

ဝေဖန်ဆန်းစစ်သည့် တွေးခေါ်မှုက ပြည်ထောင်စုစိတ်ဓာတ်၊ သို့မဟုတ် မျိုးချစ်စိတ်ဓာတ်နှင့် လိုက်ဖက်မှုမရှိသည်မှာ ပြဿနာမဟုတ်ဘဲ ဂုဏ်ယူရန် မည်သည့်အရာကို ရွေးချယ်ရမည်၊ ပေါင်းစည်းရန် မည်သူ့ကို ရွေးချယ်ရမည်ဆိုသည်နှင့်ပတ်သက်၍ ကျောင်းသားများ လွတ်လပ်မှုမရှိသေးခြင်းကသာ ပြဿနာဖြစ်သည်။ အဓိကအထောက်အထားများထည့်သွင်းခြင်းနှင့် ကိုယ်တိုင်ဖွင့်ဆိုတတ်ရန် သင်ကြားပေးခြင်းတို့ကသာ ပို၍စစ်မှန်သော မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို သွတ်သွင်းပေးနိုင်သည်။ တချိန်တည်းတွင် ဝေဖန်ဆန်းစစ်သည့်တွေးခေါ်မှုကို တည်ဆောက်ရမည်ဖြစ်သည်။

၁၀။ သင်ခန်းစာပြန်နွေးရာတွင် ကျောင်းသားများ၊ ဆရာများနှင့် မိဘများကိုပါ ပါဝင်ပါစေ။ သို့မှသာ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုများကို ဝေမျှနိုင်မည်ဖြစ်သည်။

ကန့်သတ်လူအုပ်စုတစ်ခုပါဝင်စေလျက် သင်ရိုးသစ်ကို ဖန်တီးသော်လည်း ယင်းကို အကဲဖြတ်သည့် လုပ်ငန်းစဉ်တွင်မူ လူပုဂ္ဂိုလ်များ ပိုမိုပါဝင်နိုင်ပါသည်။

ပညာရေးဝန်ကြီးဌာနနှင့် ဂျိုက်ကာမှ အရာရှိများသည် သင်ရိုးကို မည်သို့အသုံးပြုနေသည်ကို လေ့လာရန် ကျောင်းများသို့ လာရောက်နိုင်သည့်အပြင် ယင်းသင်ရိုးက လူမှုပါဝင်မှု၊ ငြိမ်းချမ်းရေး၊ ဆန်းစစ်တွေးခေါ်မှုနှင့် အမျိုးသားပညာရေး မဟာဗျူဟာအစီအစဉ်တွင် ဖော်ပြထားသည့် အခြားရည်မှန်းချက်များကို မည်သို့မြင့်တင်နေသည်နှင့်စပ်လျဉ်း၍ ကျောင်းသားများ၊ ဆရာများနှင့် မိဘများကို မေးမြန်းမှုလည်း ပြုလုပ်နိုင်သည်။

ယင်းအမြင်များကို ရယူဖြန့်ဖြူးသင့်ပြီး သို့မှသာ တုံ့ပြန်မှုများက သင်ရိုးအနာဂတ်တိုးတက်မှုများအပေါ် မည်သို့လွှမ်းမိုးသည်ကို ရှင်းလင်းမည်ဖြစ်သည်။
သင်ရိုးများသည် ကလေးများအားလုံးအတွက် ကြည့်မှန်တစ်ချပ်အဖြစ်သာမက ပြတင်းပေါက်တစ်ခုလည်း ဖြစ်သင့်သည်ဟု ပညာသင်ပေးသူများက စောဒကတက်သည်။ ကျောင်းသားများသည် ဖတ်စာအုပ်များတွင် ကိုယ့်ကိုယ်ကိုယ်ထင်ဟပ်ကြည့်သင့်ပြီး အခြားသူများ၏ ဘဝအကြောင်းကိုလည်း သင်ယူသင့်သည်ဆိုသည်။

ယခုသင်ရိုးက အများအားဖြင့် ဗမာဗုဒ္ဓဘာသာဝင်ယောက်ျားလေးများအတွက် ကြေးမုံတစ်ချပ်ဖြစ်နေသော်လည်း အခြားကျောင်းသားများကိုမူ ချန်ရစ်ထားခဲ့သည်။ အနာဂတ်ဖတ်စာအုပ်များတွင်  အမျိုးသမီးများအကြောင်းအပြင် လူနည်းစုများအကြောင်း မိုပိုထိရောက်စွာပါဝင်လိမ့်မည်ဟု ကျွန်မမျှော်လင့်ပါသည်။

သင်ရိုးသစ်က ယင်းကိုအသုံးပြုမည့် ကလေးများ၏ ကိုယ်ပိုင်အမှတ်လက္ခဏာများနှင့် လိုအပ်ချက်များကို ထင်ဟပ်ခြင်းမရှိသေးပါ။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ လူမှုပါဝင်မှုနှင့် ငြိမ်းချမ်းရေးအတွက် အင်အားစုတစ်ခုကဲ့သို့ ပြုမူမည့် ယင်း၏အလားအလာမှာ အကန့်အသတ်ရှိနေဆဲဖြစ်သည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar