စာရင်းစစ်ချုပ် အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြပေးရန် ရန်ကုန်တိုင်း လွှတ်တော်၌ တိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် စာရင်းစစ်ချုပ် အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြပေးရန် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တိုက်တွန်းခဲ့သည်။

“ကျွန်မရဲ့ ပြည်ထောင်စု အတွေ့အကြုံအရ ပြောမယ်ဆိုရင် စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာ မှားယွင်းတဲ့ ကိန်းဂဏန်းတွေ၊ ဘဏ္ဍာငွေ မှားယွင်းစွာသုံးမှုတွေနဲ့ ခေါင်းစဉ်လွဲမှားစွာ ငွေသုံးစွဲမှုတို့ ရှိခဲ့တယ်ဆိုတာကို စစ်ရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးချက်အရ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် အရေးယူမှုပိုင်းမှာ ပျက်ကွက်ခဲ့ပါတယ်။ အခုတော့ အစိုးရလည်း ပြောင်းသွားပြီ။ စာရင်းစစ်ချုပ်လည်း ပြောင်းသွားပြီဆိုတော့ အရေးယူမှုအပိုင်းမှာ ပိုပြီးတော့ လုပ်နိုင်လာအောင် ဒီလိုမျိုးအဆိုတွေ တင်ရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အောက်တိုဘာ ၄ ရက်နေ့က ပြောကြားခဲ့သည်။

“ကျွန်မတို့လွတ်တော်အနေနဲ့ စာရင်းစစ်ချုပ်ရဲ့ ကိန်းဂဏန်းကိုပဲ အတည်ယူပြီးတော့ မှီခိုရပါတယ်။ ပြီးတော့ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာ မှန်တယ်၊ မမှန်ဘူးဆိုတာကို အပြင်မြေပြင်ရဲ့ အခြေအနေကိုကြည့်ပြီး တိုင်းတာရပါတယ်” ဟု ၎င်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စာရင်းစစ်ချုပ်၏ အစီရင်ခံစာပါ အချက်အလက်များနှင့် မြေပြင်အခြေအနေကို တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် ပြည်သူများအတွက် အကျိုးရှိအောင် ပိုမိုဆောင်ရွက်နိုင်မည်ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“ကျွန်မတင်ပြခဲ့တဲ့ ဥပမာတစ်ခုကို ပြောရရင် ညလုံးပေါက်ရောင်းတဲ့ ဈေးတွေဆီက အခွန် ဘယ်လောက်ရနေတယ်ဆိုတာကို ကျွန်မတို့ သိပါတယ်။ ပြောရမယ်ဆိုရင်တော့ နေ့ဘက် ရောင်းတဲ့ ဈေးတွေဆီက အခွန်တွေပဲ နိုင်ငံတော်ဘဏ္ဍာဖြစ်သွားပြီး ညဘက်ရောင်းတဲ့ ဈေးတွေကတော့ နိုင်ငံတော် ဘဏ္ဍာဖြစ်မလာပါဘူး” ဟု ၎င်းကပြောသည်။

“ကျွန်မတို့အနေနဲ့ ခရိုင်စည်ပင်ဝန်ထမ်းတွေက ဒီညလုံးပေါက်ဈေး တစ်ညလုံး ရောင်းတာနဲ့ ပတ်သက်ပြီး အခွန်ရတယ် မရဘူးဆိုတာကိုတော့ မသိပါဘူး။ ဒါပေမယ့် ဒီလိုမျိုး လွတ်တော်မှာ ဆွေးနွေးမှုရှိပြီးရင်တော့ တာဝန်ရှိဝန်ထမ်းတွေကို အကြံပေးရာ ရောက်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

“ကျွန်မတို့အမတ်တွေအနေနဲ့ အုပ်ချုပ်ရေးပိုင်းမှာ သွားရောက် စစ်ဆေးပိုင်ခွင့် မရှိပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့အနေနဲ့ အစီရင်ခံစာကို မူတည်ပြီးတော့ ဘယ်ဌာနက ဝန်ထမ်းတွေက အဂတိလိုက်စားမှုတွေ၊ မရိုးသားမှုတွေ လုပ်နေလဲဆိုတာကို စောင့်ကြည့်နိုင်ပါတယ်” ဟု ၎င်းကပြောသည်။

ဒဂုံမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်မှ ဦးကျော်ဇေယျကလည်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြရန် လိုအပ်ပြီး၊ ပြည်သူလူထုအတွက် ပွင့်လင်းမြင်သာစွာ ချပြရန် လိုအပ်သည်ဟု ထောက်ခံ ဆွေးနွေးသွားသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar