စနစ်က ပိုပြီးအခြေခိုင်သယောင်၊ ခေါင်းဆောင်တွေလဲ ပြောင်းသွားသယောင်ရှိပေမယ့် သက်ရောက်မှုကတော့ ဘာမှ မထူးလှပါဘူး

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလနှင့် ပတ်သက်၍ ယခင်စစ်အစိုးရနှင့် ၎င်းတို့၏ ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်သော လှုပ်ရှားမှုများကိုသာ အသားပေးဖော်ပြခဲ့ကြသည်။ မကြာသေးမီက ပုံနှိပ်ထုတ်ဝေခဲ့သော “Pathways that Changed Myanmar” စာအုပ်ကို ရေးသားခဲ့သူ Dr.Matthew Mullen ကမူ မကြာမီ နှစ်များအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအပြောင်းအလဲများအပေါ် ပိုမိုသေးငယ်သော လူ့အဖွဲ့အစည်း (မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ) အဆင့် လူထုလှုပ်ရှားမှုများ၏ အကျိုးသက်ရောက်မှု ကြီးမားခဲ့ပုံကို ထောက်ပြပြောဆိုခဲ့သည်။ ဒဏ်ခတ်ပိတ်ဆို့မှု၏ အကျိုးသက်ရောက်ပုံများ၊ အထက်မှ အောက်သို့ ဆင်းလာသော အကူးအပြောင်းသည် လူ့အသိုက်အဝန်းငယ်အဆင့် လှုပ်ရှားမှုများအပေါ် ခြိမ်းခြောက်မှု အန္တရာယ်ဖြစ်နိုင်ပုံ၊ တတိယအင်အားစုဟု ခေါ်ဆိုနေကြသော အသိုက်အဝန်းငယ်များ၏ ကဏ္ဍအရေးပါပုံကို Dr. Mullen က Swiss NGO Foundation အဖွဲ့၏ မီဒီယာအဖွဲ့ခွဲဖြစ်သော Justice Info သို့ိ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြန်လည်တည်ထောင်မှု နိုင်ငံရေးကို ခင်ဗျားဘယ်လို ဖော်ပြမလဲ။

မြန်မာနိုင်ငံရဲ့ နေရာအနှံ့ကို လျှောက်သွားပြီး ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲမျိုးစုံကိုကြည့်ရင် ကျွန်တော်ရှင်းပြဖို့ ခက်သယောင်ယောင် ဖြစ်နေတဲ့ လှုပ်ရှားမှုနယ်ပယ်တစ်ခုကို မြင်တွေ့ရပါတယ်။ အစဉ်အလာ ကန့်ကွက်မှုတွေက အလွန်ပြင်းထန်တယ်။ ဆန့်ကျင်တွန်းလှန်မှုတွေကိုလည်း နေ့စဉ်မြင်တွေ့နေရတယ်။ ဝင်သွားသမျှ အရပ်ထဲ၊ လမ်းထဲတိုင်းလိုလိုမှာ ရပ်ကွက်တွင်း စီမံချက်တွေ၊ အဖွဲ့အစည်းတွေ လုပ်နေကြတယ်။ ပါဝင်လုပ်ဆောင်သူတွေ ရှိသလို ရှောင်နေသူတွေလည်း ရှိတယ်။ သူတို့ရည်ရွယ်ချက်ကတော့ အခွင့်အလမ်းသစ်တွေ ဖန်တီးပြီး ပတ်ဝန်းကျင်အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားနေကြတာဘဲ။

နိုင်ငံခြားထွက်ပြီး အလုပ်လုပ်နေကြတဲ့ မြန်မာတွေဆီက အိမ်ပြန်ပို့တဲ့ ငွေပမာဏကလည်း ကြီးမားတယ်။ အရင်က သူတို့ လုပ်လို့ မရခဲ့တာတွေကို ယခုလုပ်နိုင်တဲ့ အခြေအနေဘဲ။ အခြေအနေက ဆက်လက်ပြီး တိုးတက်ဖြစ်ပေါ်နေတယ်။

နောက် ကျွန်တော် တတိယအင်အားစုတစ်ခုနဲ့ ဆက်သွယ်မိတယ်။ တတိယအင်အားစုထဲမှာတော့ အတော်ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုဘဲ။ အဲဒါကတော့ လူပြောများလှတဲ့ Myanmar Egress အဖွဲ့ပဲ။ သူတို့က မဟာဗျူဟာမြောက် လုပ်ငန်းတွေ တိုးချဲ့ပြီး အခွင့်အလမ်းသစ်တွေ ဖန်တီးနေကြတယ်။ ပြန်လည်တည်ဆောက်မှု နိုင်ငံရေးဟာ တွန်းအားတစ်ရပ်အနေနဲ့ ဖန်တီးမှုအဆင့်ဆင့်ကို မူဘောင်သတ်မှတ်ပေးနိုင်ဖို့ ကြိုးပမ်းမှုတစ်ခုပါဘဲ။ ကျွန်တော်တွေ့ဖူးတဲ့ သီအိုရီတွေအရတော့ ဒီအချက်ကို ငုံမိသေးတယ်လို့ မထင်မိဘူး။

အားလုံးကို ခြုံကြည့်ရင် မြန်မာနိုင်ငံမှာ ဒဏ်ခတ်ပိတ်ဆို့တဲ့ နိုင်ငံရေးဟာ ပြန်လည်တည်ဆောက်မှု နိုင်ငံရေးလောက် ထိရောက်မှုမရှိခဲ့ဘူးလို့ ခင်ဗျားပြောမလား။

မထိရောက်ဘူးလို့တော့ ကျွန်တော်မထင်ပါဘူး၊ ဒါပေမယ့် ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး နည်းနည်း မရိုးသားတာလေးတွေ ရှိနေတယ် ထင်တယ်။ ခုခံတွန်းလှန်တဲ့ နည်းလမ်းအမျိုးမျိုးကလည်း မယုံကြည်နိုင်လောက်အောင် အရေးပါခဲ့တာဘဲ။ အပြန်အလှန် အားပေးနေသလိုတောင် ဖြစ်ခဲ့တယ်။ ဒါပေမယ့် အာဏာရှင်အစိုးရကို တွန်းလှန်ဖို့ ကြိုးပမ်းမှုတွေကို အထောက်အကူပေးဖို့ ချမှတ်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စိန်ခေါ်မှုအသစ်တွေ၊ အခက်အခဲအသစ်တွေ ဖန်တီးပေးသလို ဖြစ်ခဲ့ရတဲ့ အခြေအနေမျိုးတွေလည်း ရှိခဲ့တယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ တတိယအင်အားစုနဲ့ ဒေသဆိုင်ရာ လူမှုအသိုက်အဝန်းငယ်တွေ ကြိုးပမ်းနေတာတွေနဲ့ ဝိရောဓိ ဖြစ်နေခဲ့တယ်။ ကျွန်တော့်အထင် ပြဿနာအဖြစ်ဆုံးကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက “လူထုရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနေသည်” ဆိုတဲ့ ခေါင်းစဉ်အောက်က ဟာတွေဘဲ။

ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ မပတ်သက်ချင်တဲ့ လူတွေကို ဝေးဝေးသွားရှာနေစရာ မလိုဘူး။ သူတို့က ဒဏ်ခတ်ပိတ်ဆို့မှုဟာ ထိရောက်တယ်။ မဟာဗျူဟာအရ အကြံပြုသင့်တဲ့ကိစ္စလို့လဲ မထင်ဘူး။ ဒါကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုသည် လူထုကို ထောက်ခံအားပေးရန်၊ လှုပ်ရှားနိုင်စေရန် ပြုလုပ်ရခြင်းဖြစ်သည်ဟူသော အယူအဆတစ်ခုလုံးက မှားယွင်းသော ပြောဆိုမှုလိုပင် ဖြစ်ခဲ့ပါတယ်။

လူအတော်များများဟာ ကိုင်တွယ်အားပြုစရာ အတွေးအခေါ်သစ်၊ ရင်းမြစ်အသစ်၊ အခွင့်အလမ်းသစ်တွေ ရှာဖွေနေကြပါတယ်။ သူတို့က ပိတ်ဆို့မှုကို သူတို့ နောက်ထပ်ကျော်ဖြတ်ရမယ့် အခက်အခဲကြီးတစ်ခုလို မြင်ကြတယ်။ စီးပွားရေးလမ်းကြောင်းသစ်တွေ ရှာနေရာမှာ သူတို့ကို ဝိုင်းပယ်မှုတစ်ခုလို မြင်တယ်။ အစိုးရရဲ့ ထိန်းချုပ်မှုတွေ လျော့ပါးလာအောင် သူတို့ကြိုးပမ်းရာမှာ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အစိုးရကို ပိုပြီး ရဲတင်းသွားစေတယ်လို့ သူတို့ ယူဆကြတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုဟာ လူထုတစ်ချို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တာ မှန်ပေမယ့် လူထုအားလုံးရဲ့ ဆန္ဒကိုတော့ ဖြည့်ဆည်းမပေးပါဘူး။ ဒါကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ဒါမှ တခြားအမြင်တွေကိုလည်း ထည့်စဉ်းစားလာရတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် သွယ်ဝိုက်တဲ့နည်းနဲ့ ကျရောက်လာမယ့် အန္တရာယ်တွေကို ရိုးရိုးသားသား သုံးသပ်ဆင်ခြင်ဖို့ လိုအပ်လာတယ်။

ဒီကိစ္စတွေအားလုံးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုကို သူက သဘောတူ ထောက်ခံတယ်။ ဒီတော့ နိုင်ငံတကာ အသိုက်အဝန်း မျက်စိထဲမှာ ဒဏ်ခတ်ပိတ်ဆို့မှုဟာ တရားဝင်သလို ဖြစ်သွားတယ်။ သူမရဲ့ နိုင်ငံတကာ အနေအထားအရ ပြောင်းလဲဖို့အသံကို သူမက လက်ဝါးကြီးအုပ်ထားတယ်လို့ ပြောရင်ရမလား။

ဒါနဲ့ပတ်သက်လို့ ဒေါ်စုကို ဝေဖန်မယ်ဆိုရင် ဝေဖန်စရာတွေရှိပါတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းမှာ သူမကပဲ လက်ဝါးကြီးအုပ်ပြီး လူထုအသံဖြစ်လာတာလား။ လူထုအသံကပဲ သူမကို လက်ဝါးကြီးအုပ် သွားတာလား။ ကျွန်တော် မပြောတတ်ပါဘူး။ Free Burma Campaigns နဲ့ ကမ္ဘာတလွှားက ပိတ်ဆို့ဒဏ်ခတ်တာကို အားပေးတဲ့ အစိုးရတွေက ဒေါ်စုကို လက်ညှိုးထိုးပြပြီး ဒေါ်စုက ဒါကို ထောက်ခံတယ်။ ဒါကြောင့် ဒါတရားဝင်တယ် လို့ ပြောခဲ့ကြတာဘဲ။ ဒါနဲ့ပတ်သက်လို့ သူမမှာ တာဝန်တစ်ချို့တော့ ရှိတယ်ထင်တယ်။ သူမအနေနဲ့  နောက်တစ်လှမ်းလောက်ဆုတ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုကိုတော့ ထောက်ခံပါတယ်။ ဒါပေမယ့် လူတိုင်းက ထောက်ခံတယ်လို့တော့ ကျွန်မ မဆိုလိုပါဘူးလို့တော့ ပြောခဲ့သင့်တယ်။ ဒါပေမယ့်လည်းလေ အဲဒီကာလတချိန်လုံး သူမမှာ နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတာပါ။ ဒီတော့ ဒီလိုလူထုအကြား သဘောထားကွဲပြားမှုလေးတွေ ရှိတာကို သူမအနေနဲ့ ထုတ်ဖော်ပြောနိုင်တဲ့ အခြေအနေရှိမရှိ ကျွန်တော်မသိပါဘူး။

ပြဿနာက သူ့ဆီက သဘောထားရယူဖို့ကသာ အဆင်ပြေဆုံး ဖြစ်နေတာပါ။ ကျွန်တော်ပြောချင်တာက သူမအနေနဲ့  ”ဒါက ကျွန်မအမြင်ပါ။ တခြားအမြင်တွေလဲ ရှိနိုင်ပါတယ်”လို့ ပြောခဲ့ရင် ပိုကောင်းမှာပါ။ ဒီလိုလုပ်ခဲ့ရင် သူတို့အမြင်တွေကို လုံးဝလစ်လျှူရှုခံခဲ့ရတယ်လို့ ခံစားခဲ့ရတဲ့ လူတွေအဖို့လည်း စိတ်သက်သာရာရခဲ့နိုင်ပါတယ်။

နှစ်ပေါင်းများစွာကြာအောင် ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ အပြုသဘောထိတွေ့မှုအကြား အငြင်းပွားနေခဲ့ကြပါတယ်။ ခင်ဗျားရဲ့ သုတေသနအရ မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်လာအောင် ဘယ်ဟာက ဆောင်ကြဉ်းပေးခဲ့ပါသလဲ။

အမှန်ပြောရရင် ကျွန်တော်တို့မသိပါဘူး။ ကျွန်တော့်အဖို့ ဒါက အဓိကအချက်ပါဘဲ။ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အပြောင်းအလဲတွေ ဖြစ်လာတာဆိုတဲ့ အယူအဆကို ကျွန်တော်သဘောမတူပါဘူး။ ဒီအကြောင်း တစ်ခုထဲမဟုတ်ပါဘူး။ အမျိုးမျိုးသော ကြိုးပမ်းမှုတွေ စုပေါင်းပြီး ရလာတဲ့ရလဒ်ပါ။ အပြောင်းအလဲဖြစ်လာဖို့ သွားရာလမ်းတွေဟာ အလွန့်အလွန် ရှုပ်ထွေးတယ်လို့ ကျွန်တော့်စာအုပ်မှာ ရေးခဲ့ပါတယ်။ စုပေါင်းပြီးဖြစ်လာတဲ့ထိ ရိုက်ချက်ဆိုတာ သိသာပါတယ်။ ဒီထိရိုက်ချက်တွေဟာ တစ်နေရာတည်းဆီကို ဆုံပြီးစုလာတယ်။ တခါဖြာထွက်သွားတယ်။ ဖိအားတွေများလာတယ်။ ထိုးဖောက်ဝင်ရောက်မှုတွေ ရှိလာတယ်။ အာဏာရှင်အစိုးရ ပတ်လည်မှာ ပြဿနာမျိုးစုံ ဝိုင်းဝိုင်းလည်လာတယ်။

အပြောင်းအလဲဟာ အထက်က စပြလာတာမှန်တယ်။ သို့ပေမဲ့ အထက်ကစပြလာအောင် တိုင်းပြည်အနှံ့နဲ့ နေပြည်တော်တစ်ဝိုက်မှာ အခြေအနေ အပြောင်းအလဲတွေ အများကြီးဖြစ်လာတယ်။ အာဏာပြိုကွဲစ ပြုလာတယ်။ မတူညီတဲ့ ဖိအားတွေ အမျိုးမျိုး လှုပ်ရှားနေတယ်။ ဒီပြောင်းလဲမှုတွေအားလုံး စုရုံးပြီး အုပ်ချုပ်မှု ပတ်ဝန်းကျင်ကို ပြောင်းလဲစေတယ်။ ဒီဇာတ်လမ်းမှာ စိတ်မကောင်းစရာ ကြားနေရတာက နည်းဗျူဟာအမျိုးမျိုး၊ ကြိုးပမ်းစွန့်လွှတ်မှု အမျိုးမျိုးရဲ့ တန်ဖိုးကိုမမြင်ဘဲ တချို့သရုပ်ဆောင်တွေက ”ငါတို့ဗျူဟာက မင်းတို့ဗျူဟာထက် သာတယ်။ အာဏာရှင်ရဲ့ ရင်ဝကို တည့်တည့်ထိတယ်။ တို့ နည်းကမှ မှန်တာ” လို့ ပြောနေကြတာဘဲ။

မတူကွဲပြားတဲ့ နည်းဗျူဟာတွေအပေါ် ဒါထက်ပိုပြီး အသိအမှတ်ပြုတတ်ကြရင်း ဒါထက်ပိုပြီး တန်ဖိုးထား လေးစားတတ်ကြရင် တစ်ဦးနဲ့တစ်ဦး ပိုပြီးညှိနှိုင်းမှုရပြီး အပြန်အလှန် အကျိုးကျေးဇူးတွေ ခံစားရပြီး တင်းမာမှုတွေ လျော့ပါးသွားကြမှာဘဲ။

ခင်ဗျားပြောတဲ့အတိုင်းဘဲ။ အပြောင်းအလဲက အပေါ်က ကျလာခဲ့ပါတယ်။ ဒီအတွက် အားသာချက်တွေ ရှိပါတယ်။ အထူးသဖြင့် အကြမ်းဖက်မှုတွေ မရှိလိုက်ဖူးပေါ့။ ဒါပေမယ့် ဒီမှာလဲ အားနည်းချက်တွေ ရှိမယ်ထင်တယ်။

ရှိတာပေါ့။ အထက်က ကျလာတဲ့အပြောင်းအလဲမှာ ကြောက်စရာအကောင်းဆုံးက နှစ်ပေါင်းများစွာအတွင်း အင်အားကောင်းလာခဲ့တဲ့ အခြေခံ အောက်ခြေ အင်အားစုတွေအပေါ် အင်အားသုံးပြီး ဖိခိုင်းလာတာဘဲ။ ဒီအောက်ခြေ အဖွဲ့အစည်းတွေဟာ လူ့အသိုက်အဝန်းငယ် အခြေခံအဖွဲ့အစည်းတွေ ဖြစ်ပြီး သူတို့အတွက် အခွင့်အလမ်းတွေ၊ နေရာတွေ တွေ့မြင်နေကြရပြီဖြစ်တယ်။ ဒီအခြေခံ အဖွဲ့အစည်းတွေအပေါ် အထက်က အင်အားသုံးပြီး “ကဲ၊ အခု အခြေအနေတွေ ပြောင်းသွားပြီ။ ငါတို့ ထိန်းကြောင်းပေးမယ်။ ဒီလို သွားကြမယ်” ဆိုပြီး အပြောင်းအလဲကို အထက်ကနေ အမိန့်အာဏာနဲ့ လုပ်ကြတော့တာပဲ။

တခြား ထိတ်လန့်ဖို့ကောင်းတဲ့ အကြောင်းတစ်ခုက ဒီအပြောင်းအလဲဟာ အလွန်အမင်း သရဲမရဲစီးတဲ့ စနစ်တစ်ခုကို တရားဝင်ဖြစ်အောင် လုပ်ပေးနေလို့ပါ။ စစ်တပ်မှာ လုပ်ပိုင်ခွင့် အာဏာတွေ တထုပ်တပိုး ရှိနေတုန်းပါ။ မြေယာတွေ ဖြန့်ဝေမှု၊ လူနေမှုစားရိတ်တွေ ဒီလောက်မြင့်တက်နေချိန်မှာ လူမှုဖူလှုံရေးနဲ့ လူထုဝန်ဆောင်မှုစနစ် လုံးဝမရှိ ဖြစ်နေတာတွေ၊ လူထုတွေရဲ့ ပိုင်ဆိုင်မှုတွေ ၊ စီမံကိန်းတွေ၊ သူတို့မြေယာတွေအတွက် တရားဝင် စာရွက်စာတမ်း မရှိဘူးဆိုရင် သူတို့အဖို့ အကာအကွယ်မဲ့နေကြရှာတယ်။ သရဲမရဲစီးနေတဲ့ ဥပဒေတွေ၊ ဒါတွေအားလုံးက လူထုအဖို့ သူတို့ ထင်သလို ပြုသမျှနုကြရမယ့် အခြေဆိုက်နေကြတယ်။

စနစ်က ပိုပြီးအခြေခိုင်သယောင်၊ ခေါင်းဆောင်တွေလဲ ပြောင်းသွားသယောင်ရှိပေမယ့် သက်ရောက်မှုကတော့ ဘာမှ မထူးလှပါဘူး။ စက်ဟောင်းကြီးကို ကတ်ထူပုံးသစ်ထဲ ထည့်ရောင်းလိုက်တာပါဘဲ။

လက်တွေ့ဘဝမှာ တွေ့မြင်နေရတဲ့ အပြောင်းအလဲတွေကို ကြည့်လိုက်ရင် ဥပဒေဟာ သရဲမရဲစီးနေတဲ့ အာဏာရှိသူတွေကိုသာ အကာအကွယ်ပေးထားပြီး လူထုတွေကို ဒီသရဲမရဲတွေ အန္တရာယ်က လုံးဝကာကွယ်ပေး မထားတာကို တွေ့ရပါတယ်။ ဒီအခြေအနေမှန်ကို အသိအမှတ်ပြုနိုင်စွမ်း မရှိကြတာကလည်း ကြောက်မက်ဖွယ်ပါဘဲ။ ဥပဒေက ဒီလိုဘဲ ပြဋ္ဌာန်းထားလို့ လူတွေဟာ ဥပဒေရဲ့ နောက်ကွယ်မှာဘဲ နေရမယ်ဆိုတဲ့ အတွေးအခေါ်လောက် မိုက်မဲတာ ရှိမယ်မထင်ပါဘူး။

ဥပဒေစိုးမိုးမှုရှိဖို့ အရေးကြီးတယ်ဆိုတာကိုတော့ ဘယ်သူကမှ မငြင်းကြဘူး။ ဒါပေမယ့် ဘယ်လိုဥပဒေတွေက လူထုကို အကာအကွယ်ပေးတယ်။ ဘယ်လို ဥပဒေတွေကတော့ လူထုအပေါ်ဖိနှိပ်မှု၊ မတရားနှိပ်ကွပ်မှုတွေကို တရားဝင်အောင် လုပ်ပေးနေတယ်ဆိုတာကိုတော့ ခွဲခွဲခြားခြား ပိုင်းခြားတတ်ဖို့လိုမယ်။ ဒါတွေကို တရားဝင်သလိုဖြစ်အောင် လုပ်နေတဲ့ အလေ့အကျင့်တွေကို ပေါ့ပေါ့တန်တန် သဘောထားလို့မဖြစ်ပါဘူး။ ဒါဟာ မြန်မာလူထုတွေရဲ့ ရေရှည်ကံကြမ္မာကို အဆုံးအဖြတ်ပေးမှာမို့ ဖြစ်ပါတယ်။

စစ်အစိုးရတွေ လက်အောက်မှာ ရက်စက်ကြမ်းကြုပ်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ လုပ်ခဲ့ကြတယ်။ ယခုကော ဘာဖြစ်မှာလဲ။

ကျွန်တော့်စိတ်ထဲ ဦးဆုံးပေါ်လာတာတော့ ရိုဟင်ဂျာတွေရဲ့ ကံကြမ္မာနဲ့ အပြောင်းအလဲကာလ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အထွေထွေ သူစိမ်းကြောက်ရောဂါဘဲ။ မြန်မာနိုင်ငံအနေနဲ့ အတိတ်ကောက်ကြောင်းကို သင့်တင့်လျောက်ပတ်စွာ ပုံမဖော်နိုင်မီ လောလောဆယ် ကိုင်တွယ်ဖြေရှင်းပေးရမယ့် ပြဿနာအချို့လည်း ရှိနေပါတယ်။

အပြောင်းအလဲကာလ တရားစီရင်မှုပြဿနာနဲ့ ပတ်သက်လာရင် အောက်ခြေက လူထုကြီးက ဘာတွေ ဖြစ်စေချင်နေကြသလဲဆိုတာကို ပထမသိအောင် လုပ်ရပါမယ်။ အပြောင်းအလဲကာလ တရားမျှတမှုဆိုတာကို သူတို့ ဘယ်လို နားလည်ထားကြသလဲ။

ကျွန်တော် စကားပြောကြည့်ဖူးတဲ့လူတွေ ထပ်တလဲလဲ ပြောနေကြတာကတော့ ကမ္ဘောဒီးယားပုံစံကြီးကို ကျွန်တော်တို့ အလိုမရှိဘူး။ လူထုကြီးတစ်ရပ်လုံးက ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်မှုတွေအောက်မှာ ဆက်လက်ရင်ဆိုင် ခံစားနေရချိန်မှာ လက်ရွေးစင်လူတစ်စုကို ရုံးတင်စစ်ဆေးရင်း အချိန်တွေ ကုန်နေတာမျိုးကို မလိုချင်ကြပါဘူး။ စစ်ဘက်ကလည်း ရှေ့ကိုသာ မျှော်ကြည့်တဲ့ အပြောင်းအလဲမျိုးကို မြင်ချင်တာပါ။ အပြောင်းအလဲကာလကို အတိတ်နဲ့ ဆက်စပ်စဉ်းစားချင်သူတွေအဖို့ ဆက်လက်ဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့ နိုင်ငံခြားသား ဆန့်ကျင်ရေးပြဿနာကြီးကို လောလောဆယ် ကိုင်တွယ်ဖြေရှင်းရမယ့် တာဝန်ရှိနေပါတယ်။ ဒီလို ကြိုးပမ်းရင်း ဆယ်စုနှစ်များစွာ စိုးမိုးခဲ့ကြတဲ့ စစ်အစိုးရရဲ့ တာဝန်ရှိခဲ့မှုတွေလည်း ပြန်ပေါ်လာမှာပါ။ မြန်မာ့စစ်အာဏာရှင် အုပ်ချုပ်ရေးကာလကို ကိုင်တွယ်ဖြေရှင်းရဖို့ ရှိလာပြီဆိုရင် ဘယ်ဟာကို ဦးစားပေးလုပ်ဆောင်ရမယ် ဆိုတာကို နားလည်ရမယ့်တာဝန်ရှိလာပါတယ်။

၂၀၁၂ ခုနှစ်တုန်းက မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဂျေ ကင်တားနားက အမှန်တရားကော်မရှင် (Truth Commission) တစ်ခု တည်ထောင်ဖို့ တိုက်တွန်းခဲ့ဖူးတယ်။ အဲဒါနဲ့ ပတ်သက်လို့ ခင်ဗျားဘယ်လိုသဘောရလဲ။

လုပ်ထုံးလုပ်နည်း ရှုထောင့်ကကြည့်ရင်တော့ အမှန်တရား ကော်မရှင်ဟာ မြန်မာနိုင်ငံအတွက် အသုံးတည့်ဖွယ်ရာရှိတာမို့ ဒါကို လုပ်ဖို့တိုက်တွန်းတာဟာ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် ခက်တာက ပြည်သူလူထုက ဘာကိုဖြစ်စေချင်နေတယ် ဆိုတာကိုသိအောင် တစ်ခါမှ မကြိုးစားခဲ့ကြဘူး။

လူထုရဲ့ စိုးရိမ်ပူပန်မှုတွေ၊ သူတို့ရဲ့ ဦးစားပေးလိုအပ်ချက်တွေ၊ သူတို့မှာ ဘယ်လိုစိတ်ကူးတွေ ရှိနေတယ်ဆိုတာတွေကို သိအောင် မလုပ်ရသေးဘဲ အပြောင်းအလဲကာလ တရားရေး ယန္တယားထဲကို ခုန်ဆင်းနေကြသလို ဖြစ်နေတယ်။ အပြောင်းအလဲကာလကို ကုလသမဂ္ဂကပဲ ပုံစံချပြီး စေခိုင်းနေသလိုဖြစ်နေပြီ။ မြန်မာလူထု ဘာကိုလိုချင်နေတယ် ဆိုတာကို သေချာမသိရခင်မှာ အမှန်တရားကော်မရှင်အတွက် အချိန်တွေ၊ အင်အားတွေကုန်မှာ စိုးရိမ်ရတယ်။ အပေါ်ကနေ မင်းအာဏာနဲ့ မြန်မာပြည်အတွက် ဒါဟာ သင့်တော်တယ်လို့ ချပေးတာမျိုးဟာ တကယ့်ကို အန္တရာယ်ရှိပါတယ်။

လူထုတွေကို ကိုယ်တိုင်ပြောခွင့် မပေးဘဲ၊ သူတို့ကိုယ်စား ပြောနေတာ၊ စာအုပ်ထဲ မကြာခဏ ဖတ်ရဘူးတာတွေပေါ့။ ဟုတ်တယ်။ ဒါဟာ အကောင်းဆုံး ဥပမာဘဲ။ ကင်တားနားကတော့ အားလုံးအတွက် အကောင်းဆုံးကို စဉ်းစားတာဘဲ။ သူလုပ်ဆောင်ခဲ့တာ ဆိုးဆိုးဝါးဝါး တစ်ခုမှ မရှိပါဘူး။ ဒါပေမယ့် မထင်မှတ်ဘဲ၊ သွယ်ဝိုက်တဲ့နည်းနဲ့ လူထုကို နှုတ်ပိတ်လိုက်သလို ဖြစ်သွားတယ်။ လူထုအသံတွေ ထွက်လာအောင်၊ လူထုဆန္ဒသိရအောင် အချိန်နဲ့ စိတ်ရှည်မှုတွေ လိုအပ်ပါတယ်။ အပြောင်းအလဲ ကာလတရားရေးပုံစံ နည်းလမ်းတမျိုးမျိုးနဲ့ ရှေ့ကိုဆက်သွားချင်တာကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် ကြားဝင်ဆောင်ရွက်မှု တစ်စုံတစ်ခုလုပ်ဖို့ စောစောစီးစီး အဆိုပြုကမ်းလှမ်းလိုက်တာဟာ အပြန်အလှန် ညှိနှိုင်းပြောဆိုမှုတွေကို ကြိုပိတ်လိုက်ရာ ရောက်သွားတယ်။ ဆွေးနွေးပြောဆိုမှု မလုပ်ရသေးခင် ကောက်ချက်ဆွဲသလို ဖြစ်နေတယ်။ အပြောင်းအလဲဟာ လူထုအသံနဲ့ တည်ဆောက်ရပါမယ်။ အပြောင်းအလဲကာလ တရားရေးပုံစံကို မဆုံးဖြတ်မှီ လူထုနဲ့ထိတွေ့မှုတွေ အရင်လုပ်ရပါမယ်။ ပုံစံတစ်ခုကို ချပြလိုက်ခြင်းဟာ အကူအညီပေးရာ မရောက်ဘဲ အမိန့်ပေးရာ ရောက်နေပါတယ်။

မြန်မာနိုင်ငံ အနောက်ပိုင်းက ရိုဟင်ဂျာတွေကို ပစ်မှတ်ထား လုပ်ဆောင်နေတာတွေကို ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ အတော်များများက လစ်လျှူရှုနေကြရုံမက လက်ခုပ်သြဘာပင် ပေးနေကြပါတယ်။ အဲဒါကို ကျွန်တော်တို့ ဘယ်လိုရှင်းပြမလဲ။

ကာလများစွာကြာအောင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုဟာ အလွန်သန့်စင်တယ်။ မွေးရာပါတရားနည်းလမ်းကျတဲ့ အမှန်တရားဘဲ။ အတွင်းအောင်းနေတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ လိင်ခွဲခြားဆက်ဆံမှုတွေ၊ ဒါမျိုးတွေရှိလိမ့်မယ်လို့ ဘယ်သူမှ သံသယမရှိခဲ့ကြဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်  လှုပ်ရှားလုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရှိနေတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကလည်း အင်နဲ့အားနဲ့ ရှိနေတယ်။ ရုတ်တရက်ဆိုသလို ရိုဟင်ဂျာနဲ့ မူဆလင်တွေအပေါ် အကြမ်းဘက်မှုတွေကို ဒီအရပ်ဖက် အဖွဲ့အစည်းတွေက မှန်ကန်တယ်။ တရားတယ်ဆိုပြီး ခွင့်လွှတ်လာကြတယ်။ ဒီတော့ ဒီလူတွေ အကာအကွယ်မဲ့ ဖြစ်ကြရတယ်။

ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုက နိုင်ငံခြားသား မုန်းတီးရေးစိတ်ဓာတ် ပြန့်နှံ့နေမှုအပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို မမှားနိုင်ဘူး။ ဝမ်းတွင်းပါ စိတ်ရင်းကောင်းပြီးသား လူတွေလို့ ယုံကြည်နေကြတယ်။ ဒီတော့ မိမိကိုယ်ကို ကျေနပ်နေပြီး တာဝန်ယူမှု မရှိကြတော့ဘူး။

ပြဿနာတစ်ခုက နိုင်ငံခြားသား မုန်းတီးရေးဝါဒ သက်သက်ကို လုပ်နည်းလုပ်ဟန်လိုလို ငြင်းခုန်စရာလိုလိုဖြစ်အောင် မြန်မာနိုင်ငံ အရပ်ဖက် အဖွဲ့အစည်းတွေက ကြိုးစားနေကြတာဘဲ။ အမုန်းတရားနဲ့ ပါဝင်ပတ်သက်မှုတွေကို မဆိုင်တဲ့နေရာမှာ ဆွဲမသွင်းချင်ပါဘူး။ မြန်မာ့အရပ်ဖက် အဖွဲ့အစည်းထဲမှာ ရပ်တည်မှုတစ်ခု လုပ်ချင်တဲ့အပိုင်းတွေ သေချာပေါက် ရှိပါတယ်။ ဒါပေမယ့် ထွက်ပေါက်မမြင်ရဘဲ ဖြစ်နေကြတယ်။ ဒါပေမယ့် အရပ်ဖက်အဖွဲ့အစည်းဝင်တွေဟာ မြန်မာမူဆလင်တွေအတွက် နေရာမပေးနိုင်တဲ့ အမြင်တွေ ရှေ့တန်းတင်လာပြီး ပြစ်မှုတွေ ကျူးလွန်ကြဖို့ အခြေအနေတွေ ဖန်တီးလာကြတဲ့အခါ ရက်စက်ကြမ်းကြုပ်မှုတွေကို တိုက်ရိုက်အားပေးသလို ဖြစ်လာပါတော့တယ်။

(ဤဆောင်းပါးကို Justiceinfo.net တွင် ပထမဖော်ပြခဲ့ပြီး စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ထပ်မံဖော်ပြပါသည်။ Justice Info သည်  Swiss NGO Foundation Hirondelle ၏ မီဒီယာဌာနခွဲတစ်ခုဖြစ်သည်။)

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar