မတ် ၃၁ ရက်နေ့တွင် ကျင်းပမည့် ရန်ကုန်မြို့တော်စည်ပင်သာ ကော်မတီဝင်အဆင့်ဆင့် ရွေးကောက်ပွဲတွင် ပါဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို မြို့နယ်အလိုက်ကြည့်ရှုနိုင်မည့် အွန်လိုင်းပေါ်တယ်တစ်ခုကို မတ် ၂၅ ရက်နေ့က လွှင့်တင်လိုက်သည်။
“YCDC Election Explorer” အမည်ရှိ ပေါ်တယ် (Portal)အား ဖန်တီးရာ၏ အစီအစဉ်တစ်ခုဖြစ်သည့် Tech4Change က လွှင့်တင်လိုက်ခြင်းဖြစ်သည်။
“အခုလို Data သတင်းအချက်အလက် တွေကို လွယ်လွယ်ကူကူနဲ့ရယူသုံးစွဲနိုင်ခြင်းက ရန်ကုန်မြို့သူ၊ မြို့သားတွေ မဲပေးတဲ့နေရာမှာ အထောက်အကူပြုနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Page ထဲကို ဝင်ကြည့်ပြီး ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မှာ သူတို့မြို့နယ်ကနေ မဲပေးလို့ရမယ့် ကော်မတီဝင်လောင်းတွေရဲ့ နာမည်စာရင်းတွေကို တစ်စုတစ်စည်းတည်း ကြည့်လို့ရမယ့်နေရာ ဖြစ်ပါတယ်” ဟု ပေါ်တယ်နှင့်ပတ်သက်ပြီး ဖန်တီးရာ၏ Tech4Change မှ Senior Tech4Change Associate တစ်ယောက်ဖြစ်သည့် လူမင်းလွင်က ပြောကြားသည်။
ထိုပေါ်တွင် ဖော်ပြထားသည့် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်သူများစာရင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင် Facebook စာမျက်နှာမှ ကောက်နှုတ်ထားခြင်းဖြစ်ပြီး အသုံးပြုသူများသည် https://opendevelopmentmyanmar.net/my/ycdc2019 သို့ ဝင်ရောက်ကာ မိမိတို့နေထိုင်သည့် မြိုနယ်ကို ရွေးပေးရုံဖြင့် မဲပေးနိုင်မည့် ကော်မတီဝင်လောင်းများ၏ အမည်စာရင်းကို ရှာဖွေကြည့်ရှုနိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာ ကော်မတီဝင်အဆင့်ဆင့် ရွေးကောက် တင်မြောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် မဲဆန္ဒနယ် ၆ ခု သတ်မှတ်ကာ ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၆ ခုမှ ကော်မတီဝင် ၆ ဦး၊ မြို့နယ် တစ်မြို့နယ်တွင် မြို့နယ်ဥက္ကဋ္ဌ တစ်ဦးနှင့် အဖွဲ့ဝင်၂ ဦး ဖြင့်ရာ ၃၃ မြို့နယ်အတွက် ၉၉ ဦး၊ စုစုပေါင်း ၁၀၅ ဦးအား ရန်ကုန်မြို့နေ ပြည်သူများက မဲပေး ရွေးချယ် တင်မြှောက်မည် ဖြစ်သည်။