ရဲမွန်
မတ် ၃၁ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်မြို့တော်စည်ပင်သာယာ ကော်မတီဝင်အဆင့်ဆင့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တစ်မြို့နယ်တွင်သာ ရှုံးနိမ့်ခဲ့ပြီး ကျန် ၃၂ မြို့နယ်တွင် နေရာအားလုံးအတွက် အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဧပြီ ၁ ရက်နေ့တွင် ကြေညာသည်။
ရွေးကောက်ပွဲတွင် မြို့တော်ကော်မတီဝင် (၆) ဦး၊ မြို့နယ်ဥက္ကဋ္ဌ (၃၃)ဦး၊ ကော်မတီအဖွဲ့ဝင် (၆၆)ဦးတို့ကို ရွေးချယ်နိုင်ခဲ့ပြီး ဆိပ်ကမ်းမြို့နယ် ဥက္ကဋ္ဌနေရာနှင့် ကော်မတီ အဖွဲ့ဝင် ၂ နေရာအတွက်တွင်မူ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သူ သုံးဦးက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အခြား၃၂ မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများကို မဲကွာဟမှု အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့တော်အတွက် အရေးကြီးနေရာများဖြစ်သည် မြို့တော်ကော်မတီအဖွဲ့ဝင်နေရာ ၆ နေရာ အတွက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများသာ အနိုင်ရရှိခဲ့သည်။
မဲဆန္ဒနယ်(၁)အတွက် မြို့တော်ကော်မတီဝင်နေရာတွင် ဦးဝင်းမြင့်သန်း (NLD)က ၄၈,၁၃၈မဲ ရရှိခဲ့ပြီး ကျန် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း၂ ဦးမှာမူ မဲတစ်သောင်းကျော်စီဖြင့် ကျေနပ်ခဲ့ကြရသည်။ မဲဆန္ဒနယ် (၂)တွင်လည်း NLD မှ ကိုယ်စားလှယ်လောင်း ဦးသူရအောင်က ၅၈,၁၈၇ မဲဖြင့် အနိုင်ရခဲ့ပြီး တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးအောင်ဆန်းလင်းမှာမူ ၃၁.၃၆၈ မဲဖြင့် ရှုံးနိမ့်ခဲ့သည်။
လူစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်သည့် မဲဆန္ဒနယ်အမှတ်(၃)တွင် NLD မှ ဦးစိုးလွင်က ၂၈,၇၈ဝမဲဖြင့် အနိုင်ရရှိခဲ့ပြီး လူငယ်တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ကိုအောင်ခန့်က ၂ဝ,၅၅၆ မဲ ရရှိခဲ့သောကြောင့် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။
ထို့ပြင် ယခင်မြို့တော်ကော်မတီဝင်ဟောင်း ဦးခင်လှိုင်က ၁၅,၁၁၄မဲသာရရှိခဲ့ပြီး မော်ဒယ်လ်ထက်ထက်ထွန်းကမူ ၇,၂၂၆ မဲသာ ရရှိခဲ့သည်။
မဲဆန္ဒနယ်အမှတ်(၄)တွင်လည်း မဲဆွယ်မှုအတွက် ငွေကြေးအမြောက်အများ သုံးစွဲခဲ့သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးမျိုးသော်က ၁၇,၄ဝ၉ မဲဖြင့် ဒုတိယမဲအများဆုံးသာ ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်း ဦးစိန်အုန်းက ၅၃,၈၁၆ မဲ ဖြင့် အနိုင်ရသွားခဲ့သည်။
ကျန်မဲဆန္ဒနယ် ၂ ခုတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကိုယ်စားလှယ်လောင်း တစ်ဦးစီက မဲရလဒ်အ လွန်ကွာဟပြီး ပြိုင်ဖက်များကို အနိုင်ရရှိခဲ့သည်။
အနိုင်ရရှိခဲ့သည့်ကိုယ်စားလှယ်များကို ၎င်းတို့၏ပြိုင်ဖက်ကိုယ်စားလှယ်လောင်းများက တရားမျှတမှုမရှိကြောင်း အကြောင်းပြပြီး ကန့်ကွက်လိုပါက ရက်ပေါင်း ၆ဝ အတွင်း ကန့်ကွက်နိုင်ကြောင်း ရွေးကောက်ပွဲနည်းဥပဒေတွင် ပြဌာန်းထားသည်။
ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ကိုအောင်ခန့်က ၎င်းအနေဖြင့် ကန့်ကွက်လွှာတင်သွင်းသွားရန် စဉ်းစားထားခြင်းမရှိသေးကြောင်းနှင့် ရှုံးနိမ့်ခဲ့သည့် အခြားကိုယ်စားလှယ်လောင်းများ မည်သို့ဆက်လုပ်သွားမည်ကို စောင့်စားနေသည်ဟုလည်း ဆိုသည်။
မြို့တော်ကော်မတီဝင်နေရာအတွက် အနိုင်ရ ကိုယ်စားလှယ် ၆ ဦးကို ရွေးကောက်တင်မြှောက်နိုင်ခဲ့ပြီး ဖြစ်သောကြောင့် ၎င်းတို့အပါအဝင် အစိုးရမှတိုက်ရိုက်ခန့်အပ်သည့် ကော်မတီဝင် ၄ ဦးနှင့် မြို့တော်ဝန်တို့က လျှို့ဝှက်မဲများပေးကာ ဒုတိယမြို့တော်ဝန်ရာထူးအတွက် ရွေးချယ်ရန်သာ ကျန်ရှိတော့သည်။