Tatmadaw soldiers on patrol in Kutkai Township, northern Shan State, in August. (Hkun Lat | Frontier)
ဩဂုတ်လအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်စစ်သားအချို့က မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ပြည်တွင်းစစ်ကပုံဖော်သည့် မြန်မာ့ရွေးကောက်ပွဲ

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်များအကြောင်းသည် နိုဝင်ဘာ၈ရက်မတိုင်ခင်က သတင်းစာမျက်နှာများထက် နေရာယူခဲ့သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်တွင်းစစ်သည် နိုင်ငံအတွင်း ဒေသအချို့တွင် ရွေးကောက်ပွဲများကို ပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သည်။

ကောင်းဆက်နိုင်၊ ဟိန်းသာနှင့် လဝီဝမ်ရေးသားသည်။

နိုဝင်ဘာ၂၁ရက်တွင် ကျောက်မဲမြို့နယ်က အင်န်အယ်လ်ဒီပါတီဝင် တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(ရှမ်း-၁)လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်သည် နေအိမ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ယင်းသို့လုပ်ကြံသတ်ဖြတ်ခံရမှုက နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို အနိုင်ရအပြီး တစ်လအတွင်းဖြစ်ပျက်ခဲ့သဖြင့် လုပ်ကြံသတ်ဖြတ်သူများက မဲရလဒ်အပေါ်မကျေနပ်၍ဖြစ်နိုင်သည်ဟု ထင်မြင်ချက်များ ထွက်ပေါ်လာသည်။

သို့တိုင် ဦးထိုက်ဇော်၏အဖြစ်က မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်နက်ရှိုင်းစွာ အမြစ်တွယ်နေသော လက်နက်ကိုင်ပဋိပက္ခသည် နိုင်ငံသားများ၏ လူမှုဘဝအခြေအနေများသာမက ရွေးကောက်ပွဲများကိုပါ လွှမ်းမိုးရိုက်ခတ်နေသည်ကို အထင်အရှားပြသလျက်ရှိသည်။ သို့ဖြစ်ရာ ယခုနှစ်တွင် နိုင်ငံအတွင်း ဒေသအချို့ရှိရွေးကောက်ပွဲများကို ပြည်တွင်းစစ်က မည်သို့လွှမ်းမိုးခဲ့သည်ကို ပြန်လည်လေ့လာရန် လိုအပ်လာသည်။

လွန်ခဲ့သည့်ငါးနှစ် ရွေးကောက်ပွဲအကြိုကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ)သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ အားကြိုးမာန်တက် ဆောင်ရွက်နေခဲ့သည်။ ထိုစဉ်က အင်န်အယ်လ်ဒီပါတီသည် အဆိုပါမြို့နယ်တစ်ဝန်းရှိ သောင်းနှင့်ချီသော မဲဆန္ဒရှင်များထံသို့ ၎င်းတို့၏ ရွေးကောက်ပွဲသတင်းစကားများ ရောက်ရှိရန် အပြင်းအထန် အားထုတ်ခဲ့ရသည်။

 သို့သော် ၂၀၂၀တွင်မူ အင်န်အယ်လ်ဒီပါတီကဲ့သို့ အင်အားကြီးပါတီများအတွက်မူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဲဆွယ်စည်းရုံးရခြင်းသည် လွန်ခဲ့သည့်ငါးနှစ်က အခြေအနေနှင့် လုံးဝမတူတော့ပေ။ ယင်းသို့ဖြစ်ရသည်မှာ နိုင်ငံတစ်ဝန်းရှိ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများကို ကြီးစွာအဟန့်အတားဖြစ်စေခဲ့သော ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါတစ်ခုတည်းကြောင့်သာမဟုတ်။

တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (တပ်မတော်ကွပ်ကဲမှုအောက်က)​ ပြည်သူ့စစ်တို့အကြား ယခုနှစ်များတွင် ပို၍ပြင်းထန်လာသည့် တိုက်ပွဲများကြောင့်လည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများမှာ အလွန်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ ယင်း လက်နက်ကိုင်တိုက်ပွဲများသည် တိုင်းရင်းသားလူမျိုးစုများအကြား နက်ရှိုင်းသော မညီညွတ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံရေးပါတီအချို့ဆိုလျှင် မြို့နယ်အတော်များများတွင် မဲမဆွယ်ရဲလောက်အောင်ပင် လုံခြုံမှုကင်းမဲ့ခဲ့သည်။

“ကျွန်တော်တို့ပါတီဝင်တွေဆိုရင် လားရှိုးမြို့တွင်း ရပ်ကွက်တစ်ချို့ကိုပဲ သွားလို့ရတယ်။ ကျေးရွာတော်တော်များများကို သွားလို့မရဘူး။ ဒီအခြေအနေအောက်မှာ မဲဆွယ်စည်းရုံးဖို့ဆိုတာ အတော်လေးခက်ခဲပြီး အနိုင်ရဖို့လည်း အတော်လေးရုန်းကန်ရဖို့ရှိတယ်”ဟု အင်န်အယ်လ်ဒီပါတီ၏ လားရှိုးမြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရင်ထွန်းက ရွေးကောက်ပွဲမတိုင်မီက ဖရွန်းတီးယားမြန်မာကို ပြောသည်။

၎င်းသည် ကိုယ်တိုင်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် လားရှိုးပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်ပြည်ခိုင်ဖြိုးနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲ၂၀,၀၀၀ဝန်းကျင်ဖြင့် အနိုင်ရရှိခဲ့သည်။

အင်န်အယ်လ်ဒီပါတီသည် ၂၀၁၅ရွေးကောက်ပွဲတွင် လားရှိုးမြို့နယ်ရှိ မဲဆန္ဒနယလေးနေရာအနက် တစ်နေရာတွင်သာ အနိုင်ရရှိခဲ့သည်။ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (လားရှိုး-၁)တွင် အနိုင်ရရှိခဲ့သည့် ဒေါက်တာလင်းထွဋ်သည် နောင်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ယခုနှစ်တွင်လည်း ၎င်းသည် အဆိုပါမဲဆန္ဒနယ်တွင်ပင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထပ်မံအနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲမတိုင်ခင်ကာလတွင်မူ ယခုကဲ့သို့ အနိုင်ရရှိရန် အခွင့်သာလိမ့်မည်ဟု ပါတီဝင်များက ထင်မှတ်မထားခဲ့ပေ။ ရွေးကောက်ပွဲမဲဆွယ်မှုများမှာ အကန့်အသတ်များလွန်းသည့်အပြင် ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို ကျေပြွန်စွာ မထမ်းဆောင်နိုင်ဟူသည့် ယူဆချက်များ မဲဆန္ဒရှင်များအကြား ရှိနေခဲ့သဖြင့် ပါတီဝင်အချို့ကပင် ဒေါက်တာလင်းထွဋ် ပြန်လည်အရွေးခံရရန် ရာခိုင်နှုန်းနည်းလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။

အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းများ ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ၎င်းတို့လည်း ကြုံတွေ့ခဲ့ရကြောင်း လားရှိုးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများကလည်း ဆိုသည်။ ၂၀၁၅ရွေးကောက်ပွဲတွင် လားရှိုးပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (လားရှိုး-၂)တွင် ပြည်ခိုင်ဖြိုးက အင်န်အယ်လ်ဒီကို အနိုင်ရရှိခဲ့သည်။

၎င်းတို့သည် လားရှိုးမြို့နယ်အတွင်း ကျေးလက်ဒေသများတွင် သွားရောက်၍ မဲဆွယ်စည်းရုံးလိုသော်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSSအဖွဲ့)ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိနေသဖြင့် မိမိလုံခြုံရေးအတွက် အာမခံချက်မရှိသောကြောင့် သွားရောက်နိုင်ခဲ့ခြင်းမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ရှမ်း(မြောက်)ပါတီခွဲပြောရေးဆိုခွင့်ရှိသူ ဦးသူရကိုကိုက ဆိုသည်။

“ကျွန်တော်တို့ ၂၀၁၅မတိုင်ခင်က မဲဆွယ်ခဲ့တဲ့လူဦးရေရဲ့ တစ်ဝက်ကိုတောင် အခုမမီနိုင်သေးဘူး”ဟု ၎င်းက လားရှိုးမြို့ရှိ ပါတီရုံးခန်းတွင် ဖရွန်းတီးယားမြန်မာကို လက်ခံတွေ့ဆုံခဲ့ရာတွင် ပြောသည်။

သို့သော် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အတွက်မူ ယင်းက ပြဿနာမဟုတ်ပေ။ SNLDပါတီသည် ၂၀၁၅တွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၉နေရာတွင် အနိုင်ရသည်အထိ အောင်မြင်ခဲ့သည်။

“သူတို့အတွက် (SNLDကိုယ်စားလှယ်လောင်းများ)ကျတော့ ဘယ်နေရာသွားသွား၊ ဘယ်လိုပဲမဲဆွယ်ဆွယ် ဘာပြဿနာမှမရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့ကို နှောင့်ယှက်မဲ့သူ ဘယ်သူမှမရှိဘူးလေ”ဟု ဦးသူရကိုကိုက ပြောသည်။

ရှမ်းတိုင်းရင်းသားများကို ကိုယ်စားပြုသည့် ပါတီဖြစ်သဖြင့် ယင်းဒေသများတွင် မဲဆွယ်စည်းရုံးရသည်မှာ ၎င်းတို့အတွက် အားသာချက်ဖြစ်သည်ဟု SNLD တာဝန်ရှိသူများကဆိုသော်လည်း RCSSအဖွဲ့၏ မျက်နှာသာပေးမှုကိုခံရသည်ဆိုသည့် ပြောဆိုချက်များကိုမူ ၎င်းတို့ကငြင်းဆန်ထားသည်။

“ကျွန်တော်တို့နဲ့ RCSSအကြားက ဆက်ဆံရေးကတော့ ရိုးရိုးသားသား ဆက်ဆံရေးပါပဲ။ ကျွန်တော်တို့က မျိုးနွယ်စုတစ်ခုတည်းဖြစ်တဲ့အတွက် သူတို့က ကျွန်တော်တို့ကို ရန်သူလို့မမြင်ဘူး။ ဒါကလွဲရင် ကျွန်တော်တို့ သူတို့ဆီကနေ ဘယ်လို တိုက်ရိုက်အကျိုးအမြတ်မှ မရရှိပါဘူး”ဟု SNLDပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ စိုင်းဝမ်းလှိုင်ခမ်းက ပြောသည်။ ၎င်းသည် လားရှိုးပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ခဲ့သော်လည်း အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည်။

ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲများက ၎င်းတို့ SNLD ပါတီ၏ မဲဆွယ်စည်းရုံးမှုများကိုလည်း ကြီးစွာ အဟန့်အတားဖြစ်စေခဲ့ကြောင်း ၎င်းကဆိုသည်။ “တိုက်ပွဲဖြစ်နေတဲ့အချိန်ဆို ရှမ်းမြောက်ကိုသွားပြီးမဲဆွယ်ဖို့ဆိုတာ ကျွန်တော်တို့အတွက်လည်း လုံးဝမဖြစ်နိုင်ပါဘူး”ဟု ၎င်းက ပြောသည်။

ကလေးငယ်ကို ပွေ့ချီ၍ အစာခွက်ကိုင်ထားသော အမျိုးသမီးတစ်ဦးကို မြောက်ဦးမြို့နယ်၊ ရှစ်သောင်းဒုက္ခသည်စခန်းတွင် ဩဂုတ်၂၀ရက်က မြင်တွေ့ခဲ့ရစဉ်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ပြင်းထန်သော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေေးဒုက္ခသည် ၂၃၅,၀၀၀ကျော် ရှိခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ်ကိုးခုတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ရွေးကောက်ပွဲများ မကျင်းပခြင်း

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ၏ အထင်ရှားဆုံးအကျိုးဆက်တစ်ခုမှာ တိုက်ပွဲများဖြစ်ပွားပြီး နယ်မြေလုံခြုံမှုမရှိသော မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲများ ပယ်ဖျက်ခြင်းဖြစ်သည်။ တိုက်ပွဲများကြောင့် မဲဆန္ဒရှင်များနှင့် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများအတွက် အန္တရာယ်ရှိ၍ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိ၍ဖြစ်စေ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် အခြေအနေတွင်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပါက ယင်းမဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲများ မကျင်းပပေ။

နိုင်ငံလွတ်လပ်ရေးရသည့် ၁၉၄၈မှစ၍ ကျင်းပခဲ့သည့် ရွေးကောက်ပွဲတိုင်းသည် ယခုထိတိုင် တောက်လောင်နေဆဲ ပြည်တွင်းစစ်မီး၏ အကျိုးသက်ရောက်မှုကို တစ်နည်းတစ်ဖုံ ခံရသည်သာဖြစ်သည်။ သို့သော် ယခုနှစ်တွင် ရွေးကောက်ပွဲမကျင်းပရန် ကော်မရှင်ကကြေညာခဲ့သည့် မဲဆန္ဒနယ်ပမာဏသည် ၂၀၁၀နှင့် ၂၀၁၅ကထက်စာလျှင် အရေအတွက်ပို၍များပြားပြီး ကော်မရှင်ဆုံးဖြတ်ချက်မှာလည်း အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။

တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်မြို့နယ်အရေတွက်မှာ ၂၀၁၅တွင် ခုနှစ်မြို့သာရှိခဲ့ရာမှ ယခုနှစ်တွင် ၁၅မြို့နယ်အထိ ရှိလာခဲ့သည်။ ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်သက်တမ်းတစ်ရပ်၏ ပထမဆုံးနှစ်နှင့် နောက်ဆုံးနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှုကို တားမြစ်ထားရာ ယင်းမြို့နယ်များရှိ မဲဆန္ဒရှင်များသည် ၂၀၂၂၊ နှစ်ဆန်းပိုင်းတွင်သာ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်တော့မည်ဖြစ်သည်။

ထို့ပြင် ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ မွန်နှင့် ချင်းစသည့်ပြည်နယ်များနှင့် ပဲခူးတိုင်းဒေသကြီး အတွင်း မြို့နယ်ပေါင်း၄၁ခုရှိ ရာပေါင်းများစွာသော ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ ယင်းကြောင့် နိုဝင်ဘာ၈ရက်တွင် မဲပေးခွင့်ဆုံးရှုံးသည့် မဲဆန္ဒရှင်အရေအတွက်မှာ ခန့်မှန်းအားဖြင့် ၁ဒသမ၄သန်းခန့် ရှိခဲ့သည်။

မြေပုံကို Thibi အဖွဲ့က ဖန်တီးထားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲပယ်ဖျက်သည့် မဲဆန္ဒနယ်များအနက် မြို့နယ်လေးခုမှာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီကထိန်းချုပ်သော နယ်မြေများဖြစ်ပြီး တစ်မြို့နယ်မှာ မိုင်းလားခေါ် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။ အစိုးရရုံးစိုက်သည့် မြို့နယ်များမဟုတ်သဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စီမံခန့်ခွဲနိုင်သည့် ဒေသများလည်းမဟုတ်ပေ။ ယင်းကြောင့်ပင် ၎င်းဒေသများတွင် ၂၀၁၀နှင့် ၂၀၁၅တို့တွင်လည်း ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

၂၀၁၅နှင့်မတူညီသည်က ယခုနှစ်တွင် ရှမ်းပြည်နယ်အလယ်ပိုင်းရှိ မိုင်းကိုင်မြို့နယ်ကိုလည်း လုံခြုံရေးအကြောင်းပြ၍ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့်စာရင်းက ချန်လှပ်ခဲ့သည်။​ အဆိုပါမြို့နယ်သည် RCSS အဖွဲ့ လှုပ်ရှားသည့် နယ်မြေဖြစ်သည်။

၂၀၁၅နှင့်၂၀၂၀ရွေးကောက်ပွဲတို့အကြား ကြီးမားသည့် ကွာခြားချက်မှာ ရခိုင်ပြည်နယ်ဖြစ်သည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေအဖွဲ့)တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကို အကြောင်းပြ၍ မလုံခြုံဟုဆိုကာ ကော်မရှင်က ပြည်နယ်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများရှိ မြို့နယ်ကိုးခုတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ရခိုင်အမျိုးသားရေးဝါဒ အားကောင်းသည့်နေရာများဖြစ်သော အဆိုပါမဲဆန္ဒနယ်များတွင် ရခိုင်အမျိုးသားပါတီသည် ၂၀၁၅တွင် အနိုင်ရရှိခဲ့သည်။

၂၀၁၈ကစတင်၍ တပ်မတော်နှင့် အေအေအဖွဲ့တို့အကြား ပြင်းထန်သော တိုက်ပွဲများကြောင့် အရပ်သားထောင်နှင့်ချီ သေဆုံးခဲ့ရပြီး ဒေသခံ၂၃၅,၀၀၀ခန့် နေရပ်စွန့်ခွာထွက်ပြေးကြရသည်။ (ယင်းမှာ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ ခန့်မှန်းတွက်ဆချက်ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲအပြီး အေအေအဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ နည်းပါးသွားသောအခါ အချို့ဒုက္ခသည်များမှာ ၎င်းတို့၏နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း သတင်းများကဆိုသည်။) ယင်းသို့သော အခြေအနေမျိုးတွင် ရခိုင်မြောက်ပိုင်းတွင် မဲဆန္ဒနယ်အများအပြား၌ ရွေးကောက်ပွဲကျင်းပခြင်းမပြုရန် ဆုံးဖြတ်ချက်မှာ ကြိုတင်မှန်းဆ၍ရသော မထူးဆန်းသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။

အောက်တိုဘာ၁၆ရက် ရွေးကောက်ပွဲမကျင်းပဖြစ်သည့် နယ်မြေစာရင်းကြေညာချက် မထွက်လာခင်ကတည်းကပင် ဒေသခံပြည်သူများအကြား ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးကြောင်း ရခိုင်နိုင်ငံရေးသမားများက ဆိုသည်။ မဲပေးခွင့်ရရှိရေးထက် တိုက်ပွဲများကြောင့် အသက်အန္တရယ်ဖြစ်မည်ကို ပို၍ပင်တွေးပူကြသည်ဖြစ်ရာ မဲပေးရန်စိတ်ဝင်စားသူ အနည်းအကျဉ်းသာရှိခဲ့သည်။

“ဒီအခြေအနေမှာ မဲပေးဖို့ဆိုတာက လူသေအလောင်းတွေပေါ်ဖြတ်လျှောက်ပြီး မဲရုံကိုသွားခိုင်းနေသလိုပဲ။ ကျေးရွာတွေတော်တော်များများမှာ လူမရှိတော့ဘူး။ အကုန်ထွက်ပြေးကုန်ကြပြီ။ ဘာလုံခြုံရေးမှလည်းမရှိဘူး။ ဒီတော့လူတွေက ရွေးကောက်ပွဲကို စိတ်မဝင်စားကြဘူးလို့ ပြောလို့ရတယ်”ဟု ရခိုင်အမျိုးသားပါတီ (အေအင်န်ပီ) ပြောရေးဆိုခွင့်ရှိသူဒေါ်အေးနုစိန်က ပြောသည်။

မြေပုံကို Thibi အဖွဲ့က ဖန်တီးထားသည်။

ပဋိပက္ခမီးတောက်လောင်နေသည့်ဒေသများရှိ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် ရင်ဆိုင်ရသည့် ပြဿနာမှာ မလုံခြုံခြင်းဖြစ်သည်ဟု အေအင်န်ပီပါတီဝင် လက်ရှိလွှတ်တော်သက်တမ်းအတွက် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (ကျောက်တော် -၂) ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောသည်။ ၎င်း၏ မဲဆန္ဒနယ်တွင် တပ်မတော်က အေအေအဖွဲ့ကို နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများ ဆင်နွှဲနေသဖြင့် ယခုနှစ်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

“နေ့တိုင်းနီးပါး၊ ညတိုင်းနီးပါးပဲ။ ကျွန်တော်တို့ လက်နက်ကြီးအမြောက်သံတွေ၊ စစ်သေနတ်သံတွေ ကြားနေရတယ်”ဟု ဦးမောင်သန်းစိန်က ပြောသည်။

“နိုင်ငံရေးပါတီတွေအားလုံးက ဒီခြိမ်းခြောက်မှုကို ကြုံတွေ့နေရတယ်”ဟု အင်န်အယ်လ်ဒီပါတီ၏ ရခိုင်ပြည်နယ်ဥက္ကဋ္ဌ ဦးစိုးလေးက ပြောသည်။

အေအေအဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်အတွင်းရှိ မြို့အတော်များများတွင် အရပ်သားများအသွင်ဖြင့် လှုပ်ရှားမှုရှိနေသည်။

“ကျောက်တော်၊ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာဆိုရင် မြို့လယ်ခေါင် လမ်းမကြီးတွေမှာဆိုရင်တောင် လုံခြုံရေးက စိတ်မချရဘူး”ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးအဖွဲ့ဝင် ဦးဇော်ဇော်ထွန်းက ပြောသည်။

အေအေအဖွဲ့ဝင်များ မြို့ကြီးများတွင် ပျံ့နှံ့စိမ့်ဝင်မှုရှိသည်ကို ဖရွန်းတီးယားမြန်မာက ရခိုင်ပြည်နယ်သို့ ဩဂုတ်လအတွင်းက သွားရောက်ခဲ့စဉ် မျက်မြင်တွေ့ရှိခဲ့ရသည်။​ ထိုစဉ်က အရပ်ဝတ်နှင့် အေအေအဖွဲ့ဝင်များသည် နေ့ခင်းကြောင်တောင်အချိန်တွင် အရပ်သားတစ်ဦးကို အဝေးပြေးလမ်းမကြီးပေါ်တွင် ဖမ်းဆီးနေခဲ့သည်။

ဩဂုတ်၂၃ရက်က သီးခြားဖြစ်စဉ်တစ်ခုတွင်လည်း အေအေအဖွဲ့ဝင်သုံးဦးသည် ပုဏ္ဏားကျွန်းမြို့အနီး အဝေးပြေးလမ်းမကြီးပေါ်တွင် ဘတ်စ်ကားတစ်စီးကို မိနစ်၃၀ခန့် ရပ်တန့်စစ်ဆေးခဲ့ပြီး ရခိုင်လူငယ်တစ်ဦးကို ခေါ်ဆောင်သွားခဲ့သည်။

၂၀၁၉၊ နိုဝင်ဘာ၂၂ ရက်က ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် စစ်သားများသည် ရှမ်းပြည်နယ်အတွင်း ၎င်းတို့၏ ဝမ်ဟိုင်းဌာနချုပ်တွင် ကင်းစောင့်နေသည်ကို မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဩဇာကြီးထွားလာခြင်း

သို့သော် မဲဆန္ဒနယ်မြေများတွင် ရွေးကောက်ပွဲမကျင်းပဖြစ်ခြင်းသည် မြန်မာနိုင်ငံအတွင်းက ပဋိပက္ခနှင့် ရွေးကောက်ပွဲတို့အကြား ဆက်စပ်မှု၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။

အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးနိုင်ခြင်းမရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ကျေးရွာအုပ်စုခြောက်ခုတွင် နယ်မြေလုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကော်မရှင်က ကနဦးတွင်ဆုံးဖြတ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကျေးရွာအုပ်စုတစ်ခုကို ရွေးကောက်ပွဲကျင်းပသည့်စာရင်းတွင် ပြန်လည်ထည့်သွင်းခဲ့သည်။

မဲမပေးနိုင်သည့် ကျေးရွာအုပ်စုအရေအတွက်မှာ ၂၀၁၅ကထက်စာလျှင် တိုးလာသော်လည်း မဲဆန္ဒနယ်တစ်ခုလုံးနှင့်ယှဉ်ပါက ၎င်းတို့သည် နယ်နိမိတ်အကျယ်အဝန်းအရရော၊ လူဦးရေအရပါ သေးငယ်သော ပမာဏဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း အခြားနေရာများတွင်မူ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နေရာများမှာ ကျေးရွာအုပ်စုအနည်းငယ်နှင့် လက်တစ်ဆုပ်စာ မြို့ပေါ်ရပ်ကွက်အချို့သာ ဖြစ်သည်။

လုံခြုံရေးကြောင့်ဟုဆိုကာ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေအနည်းငယ်သာ ရှိခြင်းသည် ယင်းဒေသတွင် နယ်မြေတည်ငြိမ်သည်ဟု အထင်ရောက်စေကြောင်း လေ့လာသုံးသပ်သူများကဆိုသည်။ အမှန်မှာမူ လွန်ခဲ့သည့်ငါးနှစ်အတွင်း ယင်းဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေးဩဇာလက်တံများ ကြီးထွားလာခဲ့သည်။

၂၀၁၅မှစတင်၍ ရှမ်းပြည်နယ်အတွင်းက အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်အင်အားကို အဆမတန် တိုးချဲ့လာခဲ့ကြောင်း ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ ဦးအောင်နိုင်ဦးက ယမန်နှစ်က ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ဆိုသည်။ ယင်းအဖွဲ့များတွင် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူထားသည့်အဖွဲ့အစည်းများသာမက မရယူထားသည့် အဖွဲ့အစည်းများလည်း ပါဝင်သည်။

RCSSအဖွဲ့သည် ၂၀၁၅၊ အောက်တိုဘာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်အင်အားအများအပြား တိုးချဲ့လာခဲ့သည်။ အကျိုးဆက်အဖြစ် ယင်းဒေသတွင်လှုပ်ရှားသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLAအဖွဲ့)နှင့် ထိတွေ့မှုများနှင့် တိုက်ပွဲများဖြစ်လာခဲ့သည်။ ယခုအခါတွင်မူ RCSS အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးနှင့် ကျောက်မဲမြို့နယ်များတွင် အင်အားတောင့်တင်းစွာ လှုပ်ရှားနေပြီဖြစ်သည်။

အင်န်စီအေစာချုပ်ကို လက်မှတ်မထိုးထားသည့် အဖွဲ့အစည်းများသည်လည်း အင်အားကြီးထွားလာခဲ့သည်။ ၂၀၁၆၊​ နိုဝင်ဘာတွင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေအဖွဲ့)၏ တပ်ရင်းအချို့သည် TNLA၊ အေအေ နှင့် မြန်မာအမျိုးသားမဟာမိတ်ဒီမိုကရက်တစ်တပ်မတော် (ကိုးကန့်)အဖွဲ့တို့နှင့် ပူးပေါင်း၍ သာလွန်စစ်အင်အားဖြင့် မန္တလေး-မူဆယ်အဝေးပြေးလမ်းမကြီးတွင် စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်ခဲ့သည်။ ၎င်းအဖွဲ့များသည် မုန်းကိုးမြို့ကိုလည်း ရက်အနည်းငယ်ထိန်းချုပ်ကာ အစိုးရကိုခြိမ်းခြောက်တိုက်ခိုက်နိုင်ခဲ့သည်။

ယမန်နှစ်က TNLA အဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အထိ ရောက်ရှိလာခဲ့ပြီး ကုန်သွယ်မှုလမ်းကြောင်းများကို ဟန့်တားနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် ပြည်သူ့စစ်အဖွဲ့အချို့ကလည်း တရားမဝင်စီးပွားရေးလုပ်ငန်းများကတစ်ဆင့် ရရှိသည့် ငွေကြေးများနှင့် အင်အားတည်ဆောက်လာခဲ့ကြသည်။

အကျိုးဆက်အနေဖြင့် ၂၀၁၉တွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသည် ရခိုင်ပြည်နယ်ကလွဲ၍ တစ်နိုင်ငံလုံးရှိ ကျန်သည့်ဒေသများထက် လက်နက်ကိုင်ပဋိပက္ခ၏ ရိုက်ခတ်မှုဒဏ်ကို ပိုမိုခံစားခဲ့ရကြောင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု၏ လေ့လာမှုတစ်ရပ်က ဆိုသည်။ လက်နက်ကိုင်ပဋိပက္ခအရှိန် မြင့်တက်လာခြင်းသည် တိုင်းရင်းသားမျိုးနွယ်စု အခြေခံအမျိုးသားရေးဝါဒကို အားကောင်းလာစေသဖြင့် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာသည်နှင့်အမျှ ဆန္ဒမဲပေးရာတွင် မိမိမျိုးနွယ်စုတူပါတီများကိုသာ မဲပေးရမည်ဟူသည့် အယူအဆများ မဲဆန္ဒရှင်များအကြား ရှေ့တန်းရောက်လာခဲ့သည်။

 “လက်နက်ကိုင်အဖွဲ့အစည်းတွေ အင်အားကြီးလာတာနဲ့အမျှ ဒီမိုကရေစီစနစ် ဆုတ်ယုတ်လာလေပါပဲ။ အခုလက်ရှိဖြစ်နေပုံအရတော့ ဒီလက်နက်ကိုင်အဖွဲ့တွေပြောသမျှကို ပြည်သူတွေလိုက်လုပ်နေရတဲ့သဘောဖြစ်နေတယ်”

ရှမ်းပြည်နယ်မြောက်ပိုင်းက အမည်မဖော်လိုသည့် အင်န်အယ်လ်ဒီပါတီတာဝန်ရှိသူတစ်ဦး

အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ၎င်းတို့အင်အားကြီးထွားလာမှုကို ပေါ်ပေါ်ထင်ထင်ထုတ်ဖော်ပြောဆိုရန်ပင် ဝံ့ရဲလာသည်။ ၎င်းတို့ထိန်းချုပ်ရာဒေသများတွင် မဲဆွယ်စည်းရုံးလိုသည့် နိုင်ငံရေးပါတီများအနေဖြင့် ဆက်ဆံရေးရုံးများကို ကြိုတင်အကြောင်းကြားရန် RCSSအဖွဲ့က စက်တင်ဘာ၁ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မဲဆွယ်ရန်ခွင့်ပြုသည့် နိုင်ငံရေးပါတီများအတွက် လုံခြုံရေးကို စီစဉ်ပေးမည်ဟုလည်း RCSSအဖွဲ့က ဆိုသည်။

ထုတ်ပြန်ထားသောစည်းမျဉ်းကို မလိုက်နာပါက ပါတီများကို ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများသို့ ဝင်ထွက်သွားလာခွင့်ပိတ်ပင်မည်ဟုဆိုပြီး ကြေညာထားသည်ကို မျက်ကွယ်ပြု၍ ပါတီများကိုမဲဆွယ်ခွင့်ပြုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း အပြစ်ပေးမည်ဟု RCSS အဖွဲ့က ခြိမ်းခြောက်ခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။ စက်တင်ဘာလအတွင်းက မိုင်းကိုင်မြို့နယ်တွင် တအာင်းအမျိုးသားပါတီဝင်များ မဲဆွယ်စည်းရုံးရာတွင် လက်နက်ကိုင်အဖွဲ့အချို့ကတားမြစ်ခဲ့ရသည်။ ယင်းဖြစ်စဉ်များအပြီး နောင်တစ်လအကြာတွင် ရွေးကောက်ပွဲကော်မရှင်က မိုင်းကိုင်ကို နယ်မြေလုံခြုံရေးအကြောင်းပြ၍ ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်စာရင်းမှ ချန်လှပ်ခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင်မူ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန်ဟုဆိုကာ ၎င်းတို့ထိန်းချုပ်ရာဒေသအတွင်းက ကျေးရွာများတွင် နိုင်ငံရေးပါတီများအား မဲဆွယ်စည်းရုံးခွင့် တားမြစ်ပိတ်ပင်ခဲ့သည်။ ယင်းသို့ပိတ်ပင်ခံရသဖြင့် နိုင်ငံရေးပါတီလေးခုက ဝအဖွဲ့ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ကျေးရွာများတွင် လွတ်လပ်၍ တရားမျှတသည့် အခြေအနေမရှိနိုင်ဟုဆိုကာ ယင်းဒေသများတွင် ရွေးကောက်ပွဲမကျင်းပရန် တောင်းဆိုခဲ့သည်။ လက်ရှိတွင် မိုင်းဆတ်မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးကို ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိထားသည်။

ယင်းဖြစ်ပေါ်တိုးတက်မှုများအရဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသော တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်ယှဉ်လျှင် အင်န်အယ်လ်ဒီပါတီသည် ပဋိပက္ခဒေသများတွင် တစ်ပန်းရှုံးသည့် အနေအထားသို့ ရောက်ရှိခဲ့သည်။

အင်န်အယ်လ်ဒီပါတီ၏ ရှမ်းပြည်နယ်မြောက်ပိုင်းပါတီခွဲက အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးကမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် “တစ်နှစ်ထက်တစ်နှစ်” အင်အားကြီးထွားလာသည်ဟု ဆိုသည်။ ယင်းလွှမ်းမိုးမှုအောက်တွင် ကျင်းပသော ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတနိုင်ခြေလည်း အားနည်းကြောင်း ၎င်းကဆိုသည်။

“လက်နက်ကိုင်အဖွဲ့အစည်းတွေ အင်အားကြီးလာတာနဲ့အမျှ ဒီမိုကရေစီစနစ် ဆုတ်ယုတ်လာလေပါပဲ။ အခုလက်ရှိဖြစ်နေပုံအရတော့ ဒီလက်နက်ကိုင်အဖွဲ့တွေ ပြောသမျှကို ပြည်သူတွေက လိုက်လုပ်နေရတဲ့သဘောဖြစ်နေတယ်”ဟု ၎င်းကပြောသည်။

သို့သော် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုနှင့်တစ်ခုအကြား ပြိုင်ဆိုင်မှုကလည်း အန္တရာယ်ကြီးလှသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့လယ်တွင် နိုဝင်ဘာ၄ရက်ညက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အတွက် မဲဆွယ်ပေးသည့် ဒေသခံတစ်ဦး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံခဲ့ရသည်။ နမ့်ခမ်းမြို့နယ်မှာ TNLA အဖွဲ့နှင့် တပ်မတော်ကွပ်ကဲမှုအောက်က ပြည်သူ့စစ်များလှုပ်ရှားရာ ဒေသတစ်ခုလည်းဖြစ်သည်။

အောက်တိုဘာ၁၉ရက်ကလည်း နမ့်ခမ်းမြို့နယ်တွင် ၎င်းတို့၏နယ်မြေအတွင်း ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးသည်ဟုဆိုကာ ပန်ဆေးပြည်သူ့စစ်အဖွဲ့က ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

သို့တိုင် ယင်းသို့မဲဆွယ်၍ဖမ်းဆီးသည်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးက လုပ်ဆောင်ကြသည်မဟုတ်ပေ။ TNLA ၊ အေအေနှင့် MNDAA (ကိုးကန့်)အဖွဲ့တို့ ပါဝင်ဖွဲ့စည်းထားသည့် ညီနောင်မဟာမိတ်အဖွဲ့သည် ရွေးကောက်ပွဲကျင်းပရန်ဟုဆိုကာ နိုဝင်ဘာ၉ရက်အထိ တစ်ဖက်သတ်အပစ်ရပ်ခဲ့သည်။

အင်န်အယ်လ်ဒီပါတီဝင် နမ့်ခမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ဒုတိယသက်တမ်း) ဦးမျိုးထွန်းကမူ TNLA အဖွဲ့သည် ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများအတွင်း လွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့်ပြုခဲ့ကြောင်း ဆိုသည်။ “ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ခရီးသွားလို့ရတယ်။ ဟောပြောစည်းရုံးလို့ရတယ်။ ဘာပြဿနာမှ မရှိခဲ့ဘူး။ သူတို့ဆီက ခွင့်ပြုချက်တောင်းဖို့လည်း မလိုခဲ့ဘူး”ဟု ၎င်းက ဖရွန်းတီးယားမြန်မာသို့ ပြောသည်။

“သူတို့ ရွေးကောက်ပွဲကို အနှောင့်အယှက်မပေးဘူးလို့ ပြောထားပြီးသားပါ။ ကျွန်တော်ထင်တာကတော့ သူတို့က ရွေးကောက်ပွဲကို သိပ်စိတ်မဝင်စားဘူး လို့ထင်ပါတယ်”ဟု ဦးမျိုးထွန်းက ဆက်လက်ပြောကြားသည်။

TNLA အဖွဲ့က ဗိုလ်မှူးချုပ်တာဘုန်းကျော်ကမူ ၎င်းတို့အနေဖြင့် ပါတီတိုင်းကို လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့်ပေးခဲ့ကြောင်း၊ တအာင်းဒေသများတွင် မည်သည့်ပါတီအနိုင်ရရ ၎င်းတို့အတွက် ကိစ္စမရှိကြောင်းဆိုသည်။

အမှန်တကယ်တွင် ရွေးကောက်ပွဲ၌ မည်သည့်ဘက်မျှ ဘက်မလိုက်ဘဲကြားနေခြင်းသည် နိုင်ငံရေးအရ ခိုင်မာသည့် ရပ်တည်ချက်တစ်ခုဖြစ်သည်။ မိမိအလိုရှိသော ရလဒ်ထွက်ရန် ရည်ရွယ်ရှိရှိ အင်အားသုံးခြိမ်းခြောက်၍ ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးရန်ကြိုးပမ်းသော လက်နက်ကိုင်အဖွဲ့အစည်းများတွင် မျှော်လင့်ချက်တစ်ခုရှိသည်။ ယင်းမှာ ၎င်းတို့အလိုရှိသည့် အကျိုးအမြတ်တစ်ခုကို ရွေးကောက်ခံ နိုင်ငံရေးစနစ်က ဆောင်ကြဉ်းပေးလိမ့်မည်ဟူသည့် ယူဆချက်ဖြစ်သည်။

TNLA အဖွဲ့ကမူ ရွေးကောက်ခံ နိုင်ငံရေးစနစ်က ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များကို ဖြည့်ဆည်းပေးလိမ့်မည်ဟု မယုံကြည်ကြောင်း ဗိုလ်မှူးချုပ်တာဘုန်းကျော်က ဆိုသည်။

“ကျွန်တော်တို့က ရွေးကောက်ပွဲကနေ ဘာမျှော်လင့်ချက်မှမရှိဘူး။ အင်န်အယ်လ်ဒီပဲနိုင်နိုင်၊ ကြံ့ခိုင်ရေးပဲနိုင်နိုင် အစိုးရဖွဲ့နိုင်လိမ့်မယ်။ … ဒါပေမဲ့ သူတို့နှစ်ဖွဲ့စလုံးက လက်နက်ကိုင်ပဋိပက္ခကိုဖြေရှင်းဖို့မှ စိတ်အားမထက်သန်တာ။ ကျွန်တော်တို့ဒီအချက်တွေကို သိပြီးသားပါပဲ။ တိုက်ပွဲတွေဆက်ဖြစ်နေဦးမယ်ဆိုတာလည်း မျှော်လင့်ထားပြီးသားပါ”ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့က ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ တအာင်းလူမျိုးတွေကို ဒီမိုကရေစီစနစ်မှာ ပါဝင်စေချင်လို့ပါ။ သူတို့ကို ကောင်းကောင်းမဲပေးစေချင်တယ်။ ဒါကြောင့် ကျွန်တော်တို့က ရွေးကောက်ပွဲကိုမနှောင့်ယှက်ဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၇၊ ဖေဖော်ဝါရီ၁၂ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တွင် ကျင်းပခဲ့သည့် နှစ်၇၀မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အစိုးရအဖွဲ့ဝင် တပ်မတော်အရာရှိကြီးများနှင့်အတူ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ |​ အေအက်ဖ်ပီ)

ငြိမ်းချမ်းရေးသက်ပြင်းချသံ

ပြည်တွင်းစစ်ဒဏ် အနည်းငယ်သာခံစားရသည့် ဒေသအချို့ပင်လျှင် လက်နက်ကိုင်အဖွဲ့အစည်းများရှိနေပါက ယင်းအခြေအနေသည် ရွေးကောက်ပွဲများကို တစ်နည်းတစ်ဖုံ လွှမ်းမိုးနိုင်သည်။

၂၀၁၅တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့သည် ၎င်းတို့နှင့် မျိုးနွယ်တူ နိုင်ငံရေးသမားများဦးဆောင်သည့်ပါတီများကို မဲပေးရန်ထက် အင်န်အယ်လ်ဒီပါတီကိုသာ မဲပေးကြရန် ၎င်းတို့ကိုထောက်ခံသူများက တိုက်တွန်းခဲ့ဖူးသည်။ ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းမှာ အင်န်အယ်လ်ဒီပါတီသာ အနိုင်ရ၍ အစိုးရဖြစ်လာပါက တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ တိုင်းရင်းသားများဘက်က တစ်ပန်းသာလိမ့်မည်ဟူသည့် ယူဆချက်ကို လက်ကိုင်ထားသောကြောင့်ဖြစ်သည်။

သို့သော် အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တိုးတက်မှုအနည်းငယ်သာရှိခဲ့သဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စိတ်ပျက်ခဲ့ကြသည်။ ယင်းသင်ခန်းစာကြောင့် လက်နက်ကိုင်အဖွဲ့အစည်း တော်တော်များများက ယခုနှစ်တွင်မူ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းရင်းသားပါတီများကိုသာ မဲပေးကြရန် ထောက်ခံသူများသို့ ပြောင်းလဲတိုက်တွန်းတော့သည်။

၎င်းတို့၏ ယူဆချက်မှာလည်း ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်လွှတ်တော်များတွင် တိုင်းရင်းသားများ၏ပါဝင်မှုကို ရွေးကောက်ပွဲကတစ်ဆင့် မြှင့်တင်ခြင်းဖြင့် နောင်ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အထောက်အကူပြုစေရန်ဖြစ်သည်။ ထိုယူဆချက်အရ တိုင်းရင်းသားပါတီများသည် လွှတ်တော်အတွင်း ဗဟိုချုပ်ကိုင်မှုလျှော့ချရေးအတွက် အရေးဆိုခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်ပါဝင်ခြင်းဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆွေးနွေးညှိနှိုင်းမှုကို အားကောင်းစေမည်ဖြစ်သည်။

ယခုနှစ်တွင် သဘောထားပြောင်းလဲခဲ့သည်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (လက်နက်ကိုင်အဖွဲ့အစည်း) ဖြစ်သည်။ KNPP သည် ၂၀၁၂တွင် သမ္မတဟောင်းဦးသိန်းစိန် ဦးဆောင်သော ပြည်ခိုင်ဖြိုးအစိုးရနှင့် နှစ်ဘက်သဘောတူအပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့သည်။

KNPP သည် ၂၀၁၅ရွေးကောက်ပွဲတွင် ကယားပြည်နယ်ရှိ မဲဆန္ဒရှင်များကို အင်န်အယ်လ်ဒီပါတီအား မဲပေးရန် အကြီးအကျယ်တိုက်တွန်းခဲ့သည်ဟု လွိုင်ကော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ဖရွန်းတီးယားမြန်မာကို ဩဂုတ်တွင် ပြောကြားခဲ့ဖူးသည်။

KNPP အတွင်းရေးမှူး ခူးဒန်နီရယ်လ်ကမူ ယခုနှစ်ရွေးကောက်ပွဲတွင် ၎င်းတို့သည် တိုင်းရင်းသားပါတီများကို ပိုမိုအနိုင်ရစေလိုကြောင်း ရွေးကောက်ပွဲမတိုင်ခင်က ဖရွန်းတီးယားမြန်မာကို ပြောကြားခဲ့ဖူးသည်။ ဒေသခံတိုင်းရင်းသားများပါဝင်သည့် အစိုးရကသာ တိုင်းရင်းသာများ၏ အသံကိုပို၍နားထောင်ပြီး ၎င်းတို့အတွက် ပိုအလုပ်လုပ်လိမ့်မည်ဟု ယူဆသဖြင့်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တကယ်တော့ သူတို့က ရွေးကောက်ပွဲကို စိတ်မဝင်စားဘူးဆိုတာ ပြချင်တာပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲက ဒီနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူးဆိုတာသူတို့ (မွန်ပြည်သစ်ပါတီ)က တခြားသူတွေကို သိစေချင်တယ်လို့ ကျွန်တော်ယူဆတယ်”

နိုင်မန်း (မွန်သတင်းအေဂျင်စီက အကြီးတန်းသတင်းထောက်)

ကရင်ပြည်နယ်တွင်မူ ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာ၁၅ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ကရင်နိုင်ငံရေးပါတီများ (ဥပမာအားဖြင့် အသစ်ဖွဲ့စည်းထားသော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ)ကို “တစ်ခဲနက် မဲပေး”ကြရန် ကရင်လူထုကို တိုက်တွန်းခဲ့သည်။

၂၀၁၅တွင် ကရင်အမျိုးသားအစည်းအရုံးက မည်သည့်နိုင်ငံရေးပါတီကိုမျှ ယခုကဲ့သို့ လူသိရှင်ကြား ထောက်ခံအားပေးခြင်းမပြုခဲ့ပေ။ ယင်းမူဝါဒအပြောင်းအလဲနှင့်ပတ်သက်၍ ကေအင်န်ယူအထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုမူးကို မေးမြန်းရာ “ကရင်ပြည်သူများက လွှတ်တော်အခန်းကဏ္ဍမှာ ပါဝင်ခြင်းကဖြစ်စေ၊ တခြားလွှတ်တော် မဟုတ်တဲ့နည်းလမ်းတွေကနေ ပူးပေါင်းခြင်းကဖြစ်စေ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို မြန်မြန်ဆန်ဆန် အောင်မြင်အောင် ပါဝင်ပူးပေါင်းလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြန်လည်ဖြေဆိုသည်။

ကေအင်န်ယူ၏ သဘောထားပျော့ပြောင်းလာခြင်းကြောင့်လည်း ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်သည့် မဲဆန္ဒနယ်အရေအတွက်သည် ယခုနှစ်တွင် လွန်ခဲ့သည့် ၂၀၁၅ကထက် ပိုမိုများပြားလာသည်။ ကရင်ပြည်နယ်တွင် ကျေးရွာအုပ်စု၁၈၈ခုအနက် ၂၀၁၅တွင် ၉၄ခု၌ ရွေးကောက်ပွဲမကျင်းပခဲ့ပေ။ ယခုနှစ်တွင်မူ ရွေးကောက်ပွဲမကျင်းပသည့် ကျေးရွာအုပ်စုမှာ ၅၃ခုသာရှိရာ ကျင်းပသည့်နေရာ ပိုမိုများပြားလာသည့် သဘောဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲနေ့တွင် ကေအင်န်ယူက ၎င်းထိန်းချုပ်ရာ ဒေသများက မဲဆန္ဒရှင်အချို့ မဲရုံများသို့ သွားရောက်နိုင်ရန် အကြိုအပို့စီစဉ်ပေးခဲ့သည်။

ရွေးကောက်ပွဲနှင့်လက်နက်ကိုင်ပဋိပက္ခဆက်စပ်မှုပုံရိပ်က မွန်ပြည်နယ်အတွင်းတွင်လည်း အလားတူဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီသည် မွန်ညီညွတ်ရေးပါတီ (နိုင်ငံရေးပါတီ) ကို ရွေးကောက်ပွဲတွင် ပေါ်ပေါ်ထင်ထင် ထောက်ခံခဲ့ခြင်းမရှိပေ။ သို့တိုင် မွန်ညီညွတ်ရေးပါတီဖြစ်ပေါ်လာရန် နောက်ကွယ်ကလှုပ်ရှားရာတွင် မွန်ပြည်သစ်က အဓိကကျခဲ့သည်။ မွန်ညီညွတ်ရေးပါတီသည် ၂၀၁၅တွင် အချင်းချင်းယှဉ်ပြိုင်ခဲ့ကြသည့် မွန်နိုင်ငံရေးပါတီနှစ်ခု ပေါင်းစည်း၍ ၂၀၁၉တွင် အသစ်ဖွဲ့စည်းခဲ့သော ပါတီတစ်ခုဖြစ်သည်။

ယင်းသို့လူသိရှင်ကြားကြေညာချက်ထုတ်၍ မဲပေးကြရန် ပေါ်ပေါ်ထင်ထင် ထောက်ခံခြင်း မပြုသည်မှာ မွန်ပြည်သစ်က မွန်ညီညွတ်ရေးပါတီသည် မဲဆန္ဒနယ်အများစုတွင် အနိုင်ရလိမ့်မည်ဟု ယုံကြည်၍ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ၏ ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအတွင်းရေးမှူး Nai Seik Lyi က ဆိုသည်။

TNLA ကဲ့သို့ပင် မွန်ပြည်သစ်ကလည်း ရွေးကောက်ပွဲတွင် ပါတီတစ်ခုခုကို ထောက်ခံမှုမပြုဘဲ ကြားနေသဘောထားဖြင့် ရပ်တည်ခဲ့သည်။ အမှန်စင်စစ် အာဏာရပါတီ​​ဦးဆောင်သည့် မအောင်မြင်ခဲ့သော ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်သာမက တပ်မတော်နှင့်တစ်သံတည်းနီးပါးထွက်သည့် အင်န်အယ်လ်ဒီပါတီ၏ ငြိမ်းချမ်းရေးမူဝါဒအချို့အပေါ် မွန်ပြည်သစ်က စိတ်ပျက်နေခဲ့သည်။

“တကယ်တော့ သူတို့က ရွေးကောက်ပွဲကို စိတ်မဝင်စားဘူးဆိုတာ ပြချင်တာပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲက ဒီနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူးဆိုတာသူတို့ (မွန်ပြည်သစ်ပါတီ)က တခြားသူတွေကို သိစေချင်တယ်လို့ ကျွန်တော်ယူဆတယ်”ဟု မွန်သတင်းအေဂျင်စီက အကြီးတန်းသတင်းထောက် နိုင်မန်းက သုံးသပ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ဒေသရှိ ၎င်းတို့ထိန်းချုပ်သော ကျေးရွာနှစ်ဒါဇင်ခန့်တွင် မွန်ပြည်သစ်က ကိုဗစ်-၁၉ကာကွယ်ရေးအကြောင်းပြ၍ မည်သည့်နိုင်ငံရေးပါတီကိုမျှ မဲဆွယ်စည်းရုံးခွင့်မပြုခဲ့ပေ။ သို့သော် မွန်ညီညွတ်ရေးပါတီက အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးနောက်ပိုင်းတွင်မူ ခွင့်ပြုခဲ့သည်။

မွန်ပြည်သစ်ပါတီအတွင်းက သတင်းရင်းမြစ်များ၏ အဆိုအရ ၎င်းတို့က မွန်ညီညွတ်ရေးပါတီကို မွန်ပြည်နယ်လွှတ်တော်အတွက် နေရာအများအပြားတွင် အနိုင်ရစေလိုသည်။ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အရှိန်ရလာစေရန်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

အင်န်အယ်လ်ဒီပါတီ၏ လားရှိုးမြို့နယ်ဥက္ကဋ္ဌဦးစိုင်းရင်ထွန်းကို ဩဂုတ်၉ရက်က ပါတီရုံးတွင် မြင်တွေ့ရစဉ်။ ၎င်းသည် လားရှိုးပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

တပ်မတော်၊ ပြည်ခိုင်ဖြိုးနှင့် ပြည်သူ့စစ်များ

ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးနိုင်သည့် နောက်ထပ်လက်နက်ကိုင်အဖွဲ့အစည်းမှာ တပ်မတော်ဖြစ်သည်။ ၎င်း၏ထိန်းချုပ်မှုအောက်တွင်ရှိသော နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖွဲ့များကလည်း ရွေးကောက်ပွဲကို လွှမ်းမိုးနိုင်သည့် အင်အားစုများဖြစ်သည်။

၂၀၁၀ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများ၏ ကြိုတင်မဲများကြောင့် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။

ယခုနှစ်အစောပိုင်းက ရွေးကောက်ပွဲနည်းဥပဒေများကို လွှတ်တော်တွင် ပြင်ဆင်ချက်အရ တပ်တွင်းမဲရုံများကို တပ်ပြင်ပသို့ ရွှေ့ပြောင်းခဲ့သော်လည်း မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများ၏ ကြိုတင်မဲပေးမှုမှာ လျှို့ဝှက်သည့် လုပ်ငန်းစဉ်တစ်ခုအဖြစ် ကျန်ရှိနေသည်။

တပ်မတော်တပ်ရင်းများနှင့် ၎င်းတို့၏မိသားစုဝင်များရှိသည့် မြို့နယ်များက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် နိုင်ငံအတွင်း တပ်မတော်သားများ ခေတ္တတာဝန်ကျရာ အရပ်ဒေသများသို့ မဲလက်မှတ်များကို စာတိုက်ကတစ်ဆင့် ပေးပို့လေ့ရှိသည်။ ယခုနှစ်၊ အောက်တိုဘာ၈ရက်မှ၂၁ရက်အတွင်း တပ်မတော်သားများသည် ရောက်ရာအရပ်၌ အထက်အရာရှိများစီစဉ်မှုအောက်တွင် ဆန္ဒမဲပေးခဲ့ကြသည်။

ယင်းသို့ကြိုတင်ဆန္ဒမဲပေးသည်ကို နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့် လေ့လာစောင့်ကြည်သူများမဆိုထားနှင့် ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများပင် အပြည့်အဝ စောင့်ကြည့်နိုင်ခွင့်မရှိပေ။ အဆိုပါကြိုတင်ဆန္ဒမဲများကို တပ်မတော်သားများ၏ မူလမဲဆန္ဒနယ်ရှိ ကော်မရှင်အဖွဲ့ခွဲများသို့ ရွေးကောက်ပွဲနေ့အမီ ပြန်လည်ပေးပို့ခဲ့သည်။

၂၀၁၅ရွေးကောက်ပွဲတွင် ကြိုတင်မဲပြဿနာသည် ၂၀၁၀ကလောက် မဆိုးဝါးခဲ့ပေ။ ယင်းသို့ဖြစ်ရသည်မှာ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများအကြား ရရှိသောဆန္ဒမဲ ကွာဟချက်ကြီးမား၍ဖြစ်သည်။ ယခုနှစ်တွင်မူ တပ်မတော်တပ်ရင်းများ အလုံးအရင်းရှိသော ရှမ်းပြည်နယ်အရှေ့ဘက်ရှိ မဲဆန္ဒနယ်များတွင် ပြည်ခိုင်ဖြိုးပါတီသည် ရလဒ်ကောင်းများရရှိခဲ့သည်။

ယခင်ကပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများသည် တပ်မတော်နှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်နွှယ်ခဲ့ကြသူများဖြစ်သည်။ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်ခိုင်ဖြိုးသည် တိုင်းရင်းသားပြည်သူ့စစ်အဖွဲ့များ၏ ခေါင်းဆောင်များကို ၎င်းတို့၏ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးချယ်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။ ယင်းတို့အနက် ထင်ရှားသူနှစ်ဦးမှာ ပန်ဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့် (ပန်ဆေးကျော်မြင့်)နှင့် တာမိုးညဲပြည်သူ့စစ် ခေါင်းဆောင် ဦးမြင့်လွင်ဖြစ်သည်။

ယခုနှစ်ရွေးကောက်ပွဲအကြိုကာလတွင် တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့တွင် တပ်အပြောင်းအရွှေ့များပြုလုပ်ခဲ့သည်။ ယင်းသို့ တပ်အရွှေ့အပြောင်းသည် မဲဆန္ဒရှင်ဦးရေနည်းပါးသည့် ဒေသများတွင် မဲရလဒ်ကိုလွှမ်းမိုးရန်အတွက်လောဟု အချို့က မေးခွန်းထုတ်ခဲ့သည်။ ယင်းကဲ့သို့ ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးနိုင်သည့် လုပ်ဆောင်ချက်ကိုလည်း ယခုနှစ်ဆန်းပိုင်းက အင်န်အယ်လ်ဒီလွှမ်းမိုးသည့် လွှတ်တော်က ပြုလုပ်ခဲ့သည်။ လွှတ်တော်တွင် ရွေးကောက်ပွဲနည်းဥပဒေကိုပြင်ဆင်၍ မဲဆန္ဒနယ်တစ်ခုတွင် မဲပေးခွင့်ရရန် အနည်းဆုံးနေထိုင်ရမည့်သက်တမ်းကို ရက်ပေါင်း၁၈၀မှ ၉၀သို့ လျှော့ချခဲ့သည်။

တပ်မတော်သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကပါ ရွေးကောက်ပွဲမတိုင်မီကာလတွင် တပ်အရွှေ့အပြောင်းများပြုလုပ်ခဲ့ရာ ၎င်းတို့အကြား တိုက်ပွဲများဖြစ်ပွားပြီး ရွေးကောက်ပွဲကို ထိခိုက်လိမ့်မည်ဟု ဒေသခံများက စိုးရိမ်ခဲ့ကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံသတင်းရင်းမြစ်များကမူ တပ်မတော်သည် ဩဂုတ်တွင် ၎င်းတို့ဒေသသို့ တပ်အမြောက်အမြားရွှေ့ပြောင်းခဲ့သည်ဟု ဖရွန်းတီးယားမြန်မာကို ပြောသည်။ သို့သော် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ နယ်မြေချဲ့ထွင်လာသည့် RCSS အဖွဲ့ကြောင့် ယင်းသို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုသည်။

တပ်မတော်နှင့် RCSS အဖွဲ့တို့အကြား ပြင်းထန်သောတိုက်ပွဲများ ဇွန်နှင့်ဇူလိုင်တို့တွင် ကျောက်မဲမြို့နယ်တစ်ဝိုက်တွင် ဖြစ်ပွားခဲ့သည်။ ယင်းသို့ နည်မြေမတည်ငြိမ်မှုကြောင့်ပင် ရွေးကောက်ပွဲကော်မရှင်က ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၂ခုတွင် ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

သို့ရာတွင် ရွေးကောက်ပွဲအတွက် အခြားနိုင်ငံရေးပါတီများစိုးရိမ်သည်မှာ ပြည်ခိုင်ဖြိုးပါတီအတွက်သာဖြစ်လေ့ရှိသည့် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲများ ဖြစ်သည်။

၂၀၁၅တွင် ယင်းအငြင်းပွားဖွယ်ကြိုတင်မဲများကြောင့်ပင် ဒုတိယသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်းသည် လားရှိုးမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည်။ ထိုစဉ်က ရွေးကောက်ပွဲနေ့တွင် အင်န်အယ်လ်ဒီအမတ်လောင်း ဦးထွန်းရွှေသည် ၄၉မဲအသာဖြင့် ဦးဆောင်နေသော်လည်း နောက်ပိုင်းတွင် ရောက်ရှိလာသော ကြိုတင်မဲ ၅,၀၀၀ကျော်ကြောင့် ဒေါက်တာစိုင်းမောက်ခမ်းကို ရှုံးနိမ့်ခဲ့သည်။

“ရှေ့တန်းကနေ ပုံကြီးကြီးတွေနဲ့ ရောက်လာတဲ့မဲတွေပေါ့ဗျာ။ အဲဒီမဲတွေအားလုံးက ပြည်ခိုင်ဖြိုးအတွက်ပဲ”ဟု ယင်းဖြစ်စဉ်နှင့် အကျွမ်းတဝင်ရှိခဲ့သည့် အင်န်အယ်လ်ဒီပါတီဝင်တစ်ဦးက ပြန်ပြောင်းပြောပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်တပ်ရင်းများ အများအပြားရှိသော်လည်း ၂၀၁၅ကထက်စာလျှင် ယခုနှစ်တွင် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူအရေအတွက် အနည်းငယ်သာရှိခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးနှစ်ဆန်းဦး၏ အဆိုအရ ယင်းဒေသတွင် ဩဂုတ်အထိ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန် လျှောက်ထားသည့် အဖွဲ့တစ်ဖွဲ့မျှမရှိခဲ့ပေ။ ၂၀၁၅တွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စောင့်ကြည့်လေ့လာသူ ၅၀၀မှ ၈၀၀အထိ ရှိခဲ့သည်။

လားရှိုးပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ အင်န်အယ်လ်ဒီပါတီဝင် စိုင်းရင်ထွန်းက စောင့်ကြည့်လေ့လာသူများမရှိသည့် အနေအထားတွင် ၎င်းတို့အနေဖြင့် ယှဉ်ပြိုင်ရသည်မှာ ၂၀၁၅ကထက် ပို၍စိုးရိမ်ဖွယ်အနေအထားဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် စစ်ရေးပဋိပက္ခနှင့် တပ်မတော်၏ များပြားလှသော တပ်ရင်းတပ်ဖွဲ့များ ရှိနေသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အင်န်အယ်လ်ဒီပါတီက နေရာအများစုအနိုင်ရရေးကိုလည်း သိပ်မမျှော်လင့်ကြောင်း ၎င်းကဆိုသည်။

၁၉၉၀နှင့် နှိုင်းယှဉ်ပါက ၂၀၁၅တွင် ရှမ်းမြောက်တွင် အနိုင်ရရေးမှာ အင်န်အယ်လ်ဒီပါတီအတွက် ခက်ခဲသော ပုစ္ဆာတစ်ခုဖြစ်ခဲ့ပြီး ယခုနှစ်တွင် အဖြေရရှိရန် ပိုမိုခက်ခဲလိမ့်မည်ဟု စိုင်းရင်ထွန်းကဆိုသည်။

အင်န်အယ်လ်ဒီပါတီသည် ရှမ်းပြည်နယ်အတွင်း ၂၀၁၅ကထက်စာလျှင် အနည်းငယ်သာသော ရလဒ်ဖြင့်သာ အနိုင်ရရှိခဲ့သည်။ ပြည်နယ်မဲဆန္ဒနယ်တွင် ၃၃နေရာ၊ အမျိုးသားလွှတ်တော်တွင် လေးနေရာနှင့် ပြည်သူ့လွှတ်တော်တွင် ၁၄နေရာသာ အနိုင်ရရှိခဲ့သည်။

မဲဆွယ်စည်းရုံးမှုကာလအတွင်း လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကန့်သတ်ချက်များ၊ ခြိမ်းခြောက်မှုများ၊ တိုက်ပွဲများကြောင့် မတည်ငြိမ်မှုများ၊​ မဲဆန္ဒနယ်များ၌ ရွေးကောက်ပွဲမကျင်းပနိုင်သည့် အခြေအနေများနှင့် အင်န်အယ်လ်ဒီအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ​ ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရမှုတို့ကို ခြုံငုံကြည့်လျှင် ယခုနှစ်ရွေးကောက်ပွဲကို ပြည်တွင်းစစ်က အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိသည်ကို အထင်အရှား မြင်တွေ့နိုင်ရပေသည်။

(မှတ်ချက်။    ။ ယခုဆောင်းပါးသည် ရွေးကောက်ပွဲမတိုင်ခင်က အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သဖြင့် အချို့အကြောင်းအရာများကို ယခုအချိန်အခါနှင့် ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ဖော်ပြအပ်ပါသည်)

မောင်မောင် ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar