တပ်မတော် တပ်ရင်းမှူးနှစ်ဦးထံမှ ဖေဖော်ဝါရီ ၁၂ ရက်နေ့က သိမ်းယူသွားသည့် စစ်အသုံးအဆောင်ပစ္စည်းများအား ပြန်လည်ပေးအပ်ခြင်းမရှိပါက လိုအပ်သလို အရေးယူသွားမည်ဟု တပ်မတော်က RCSS/SSA အဖွဲ့အား ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် သတိပေးလိုက်သည်။
အဆိုပါနေ့ ညနေပိုင်းတွင် တပ်ရင်း ၂ ရင်းမှ တပ်ရင်းမှူးနှစ်ဦးသည် ယာယီတာဝန်ပြီးဆုံးသဖြင့် တောင်ကြီးမှ ကျိုင်းတုံသို့ စစ်မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် RCSS/SSA အဖွဲ့က တားဆီးကာ ယာဉ်ပေါ်ပါသည့် အသုံးအဆောင်များကို သိမ်းဆည်းသွားခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောကြားသည်။
ထိုအချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းနှင့်ကျိုင်းတုံ အကြား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ RCSS/SSA အဖွဲ့မှ အင်အား ၅၀ ဦးခန့်က ဆက်ကြေး ကောက်ခံနေကြပြီး ၎င်းတို့က သိမ်းဆည်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။
“ယခုဖြစ်စဉ်မှာ တပ်မတော်သားများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဖြစ်သည်ကို သိလျက်နှင့် ဆောင်ရွက်မှုသည် ထာဝရငြိမ်းချမ်းရေးအတွက် ကြီးမားသည့် ဆန့်ကျင်ဘက် စိန်ခေါ်မှုတစ်ခုဖြစ်သည်” ဟု တပ်မတော်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
RCSS/SSA အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးထားပြီးသောအဖွဲ့အစည်းဖြစ်သော်လည်း လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင်လည်း စာချုပ်ပါအချက်အလက်များအား ဖောက်ဖျက်ကျူးလွန် ခဲ့သဖြင့် အကြိမ်ကြိမ်သတိပေးနေရသည့် အဖွဲ့အစည်းဖြစ်သည်ဟု တပ်မတော်က ပြောကြားသည်။
ထို့ကြောင့် သဘောတူစာချုပ်များနှင့် ထုတ်ပြန်ချက်များအား ချိုးဖောက်၍ တပ်မတော်အရာရှိများထံမှ ယူဆောင်သွားသော အသုံးအဆောင်ပစ္စည်းများအားလုံးကို RCSS/SSA အနေဖြင့် တပ်မတော်ထံ အမြန်ဆုံး ပြန်လည်ပေးအပ်ရန် အကြောင်းကြားထားသည်ဟုလည်း ဆက်လက်ပြောကြားသည်
ပြန်လည်ပေးအပ်ခြင်းမရှိပါက “လိုအပ်သလိုအရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း” တပ်မတော်၏ သတိပေးချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လုံခြုံရေးသတိကင်းမဲ့စွာဆောင်ရွက်ခဲ့ကြသော တပ်မတော် အရာရှိများကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ဆက်လက်ဖော်ပြထားသည်။