စစ်ရေးလေ့ကျင့်ရာသို့ ဝင်ရောက် ဖြတ်ကျော် ပျံသန်းခဲ့သည့် လေယာဉ်သုံးစီးအား အမျိုးအစား စိစစ်နေ

Sea Shield 2015 လေ့ကျင့်မှုတွင် ပါဝင်သည့် စစ်ရေယာဉ်တစ်စီး။ ဓာတ်ပုံ- တပ်မတော်(ရေ) ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

Sea Shield 2015 လေ့ကျင့်မှုတွင် ပါဝင်သည့် စစ်ရေယာဉ်တစ်စီး။ ဓာတ်ပုံ- တပ်မတော်(ရေ)

တပ်မတော် (ရေ)က စစ်ရေးလေ့ကျင့်မည့်နေရာသို့ ကိုးမိနစ်ကြာ ဝင်ရောက် ဖြတ်ကျော်ပျံသန်းခဲ့သည့် လေယာဉ်သုံးစီးအား အမျိုးအစား စိစစ်နေဆဲဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညတွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ကို ဖေဖော်ဝါရီ ၂၂ မှ မတ် ၂ ရက်နေ့အထိ လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၂၈ မိနစ်မှ ၃၇ မိနစ်အထိ အမျိုးအစား စိစစ်ဆဲ မြန်နှုန်းမြင့် လေယာဉ်သုံးစင်း မြောက်အရပ်မှ တောင်အရပ်သို့ ဝင်ရောက်ပျံသန်းခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်(ရေ)က ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းများကို ကိုကိုးကျွန်းရေပြင်တွင် လေ့ကျင့်ဆောင်ရွက်သွားမည်ဟု ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကြေညာခဲ့သည်။ လေ့ကျင့်ခန်း ဆောင်ရွက်နေစဉ် အဆိုပါ ဧရိယာမှ ငါးမိုင်ပတ်လည်သို့ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သဗ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ အောက် ဖြတ်ကျော် ပျံသန်းခြင်းမပြုရန် သတိပေးထားသည်။

လေ့ကျင့်ခန်းပြုလုပ်ရန် သတ်မှတ်ထားသည့် ဧရိယာကို အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ စစ်သံရုံးများ၊ ပြည်တွင်းသတင်းဌာနများကဆင့် ကြိုတင်အသိပေးထားသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် အမြောက်၊ ဒုံးပျံပစ်ခတ်လေ့ကျင့်မှုများ ပါရှိသဖြင့် မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် ထပ်မံအသိပေး အကြောင်းကြားမှုများကို ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုကို ကြည့်ရှုကွပ်ကဲရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကိုကိုးကျွန်းသို့ ရောက်ရှိနေပြီဖြစ်သည်။

တပ်မတော်(ရေ)က Sea Shield လေ့ကျင့်မှုများကို ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များကလည်း ပြုလုပ်ခဲ့သည်။ သို့သော် အဆိုပါ လေ့ကျင့်မှုများတွင် ပါဝင်သည့် စစ်သင်္ဘောအရေအတွက်နှင့် အချက်အလက် အသေးစိတ်ကို သတင်းထုတ်ပြန်လေ့မရှိပေ။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar