ရဲမွန်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး မထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်စေရေးအတွက် ဆွေးနွေးမှုများပြုလုပ်နိုင်ရန် တိုင်းရင်းသားနယ်မြေများတွင် ပြုလုပ်နေသည့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းပေးမည်ဟု တပ်မတော်က ယနေ့ ကြေညာလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ နေပြည်တော်တွင် ယနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့က တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာခဲ့ခြင်းဖြစ်သည်။ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်နားမည့်ကာလမှာ ဒီဇင်ဘာ၂၁ ရက် (ယနေ့)မှ ၂ဝ၁၉ ခုနှစ်၊ ဧပြီ ၃ဝ ရက်နေ့အထိ ဖြစ်သည်။
ထို့သို့ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားသည့်ကာလအတွင်း စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ညှိနှိုင်းဆွေးနွေးသွားရန်လည်း တပ်မတော်က တိုက်တွန်းထားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ အရာရှိကြီးများနှင့် သက်ဆိုင်ရာ နယ်မြေအလိုက် စစ်တိုင်းမှူးများဖြင့်ဖွဲ့စည်းထားကြောင်းလည်း တပ်မတော်က ပြောကြားသည်။
စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို လေးလကျော်အကြာ ရပ်ဆိုင်းထားမည်ဟု ကြေညာသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း အပြန်အလှန်တိုက်ခိုက်ခြင်း၊ ဒေသခံတိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်းတို့ကို မပြုလုပ်ရန်၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံမှု၊ ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွား မထိခိုက်စေရန် စသည်တို့အတွက် တာဝန်ယူရန် ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့ပြီး ယင်းကိစ္စရပ်များဖြစ်ပေါ်လာပါက တပ်မတော်က လိုအပ်သလို တားဆီးဆောင်ရွက်သွားမည်ဟု သတိပေးထားသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးက တပ်မတော်၏ ကြေညာချက်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကောင်းမွန်သော်လည်း မြောက်ပိုင်းအဖွဲ့များနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးလုပ်ငန်းစဉ်ကို လေးလအတွင်း ပြီးပြတ်ရန် ခက်ခဲနိုင်သည်ဟု ပြောသည်။
“လေးလအတွင်း ဆွေးနွေးမှုတွေ တိုးတက်ကောင်းမွန်ဖို့ တော်တော်လေးတော့ ကြိုးစားကြရမယ်ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကိုးကန့် (MNDAA)၊ ရခိုင် (AA)နှင့် တအာင်း (TNLA)တို့ အဖွဲ့သုံးဖွဲ့က စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက် ပါဝင်သွားမည်ဟု ဒီဇင်ဘာ ၁၂ ရက်က ကြေညာခဲ့သည်။ တပ်မတော်၏ ကြေညာချက်သည် ယင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ကို ပြန်လည်တုန့်ပြန် အကြောင်းပြန်ခြင်းလည်း ဖြစ်သည်။
ယခုကဲ့သို့ တပ်မတော်က ကြေညာခြင်းမပြုမီ တပ်မတော်ဘက်မှ ပြည်ထောင်စုဝန်ကြီးတစ်ဦးက သမ္မတထံ လာရောက်တင်ပြ အကြောင်းကြားခဲ့သည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီဇင်ဘာ ၂၁ ရက်နေ့က သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ထိုမတိုင်မီလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဆွေးနွေးတိုင်ပင်မှုများရှိခဲ့သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကလည်း တပ်မတော်၏ ကြေညာချက်ကို ကြိုဆိုကြောင်း သတင်းထုတ်ပြန်ခဲ့သည်။