နိုင်ငံတစ်ဝန်း ပဋိပက္ခကြောင့် လူသစ်စုဆောင်းမှုအရှိန်မြှင့်တင်သည့်အနေဖြင့် စစ်ကောင်စီ အာဏာပိုင်များသည် လမ်းမများပေါ်တွင် လူငယ်များကို အသားလွတ်ဖမ်းဆီးခြင်းနှင့် ဧည့်စာရင်းစစ်ချိန်တွင် ခေါ်ဆောင်သွားခြင်း စသည့် နည်းလမ်းများကို ပိုမိုအသုံးပြုလာသည်။ ယခင်က လာဘ်ထိုးလျှင် ပြန်လွတ်လာသော်လည်း ယခုတွင်မူ လာဘ်ထိုးရန် မလွယ်ကူတော့ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် တက်ကြွလှုပ်ရှားသူများက ဆိုသည်။
ဖရွန်တီးယား
ဒေါ်စန်းနွယ်၏သားဖြစ်သူက နိုဝင်ဘာလဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်၌ ညအိပ်ရန် ထွက်လာခဲ့သည်။ ထိုညမှာ သားအမိနှစ်ယောက် နောက်ဆုံးအတူရှိခဲ့ရသည့် ညလည်းဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် သားဖြစ်သူကို စစ်ကောင်စီအာဏာပိုင်များက စစ်မှုထမ်းရန် အတင်းအကျပ် ခေါ်ဆောင်သွားခဲ့သည်။
အသက် ၂၂ နှစ်သာရှိသေးသည့် သားဖြစ်သူသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ သံမဏိစက်ရုံတစ်ခုတွင် အလုပ်လုပ်ပြီး စက်ရုံဝန်းထဲရှိ အဆောင်တွင် နေသည်။ လှိုင်သာယာ (အရှေ့)မြို့နယ်ရှိ မိဘများ၏နေအိမ်သို့ လာရောက်လည်ပတ်သည့် တစ်ရက် သူရောက်ပြီး နာရီအနည်းငယ်ခန့်အကြာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် အာဏာပိုင်များ ဧည့်စာရင်းစစ်ရန် ရောက်ရှိလာသည်။
၂၀၂၁စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက ညအိပ်ညနေဧည့်သည်များ လာရောက်ပါက ဧည့်စာရင်းတိုင်ရမည်ဟု ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေတွင် ပြန်လည်ပြဋ္ဌာန်းခဲ့သည်။ ထိုချိန်မှစ၍ အာဏာပိုင်များက ဧည့်စာရင်း စစ်ဆေးလာသည်။ ထိုသို့ ဧည့်စာရင်းစစ်ဆေးခြင်းဖြင့် နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားသူများကို ခြေရာခံလေ့ရှိပြီး အင်အားချိနဲ့လာသည့် စစ်တပ်အင်အားကို ပြန်လည်ဖြည့်တင်းရန် လူသစ်စုဆောင်းရာတွင်လည်း အသုံးပြုသည်။
“လာစစ်တဲ့အခါ အိမ်ရှိလူကုန်အပြင်ထွက်ပေးရတယ်။ နောက်တော့ စစ်တဲ့အဖွဲ့က သူတို့စာရင်းထဲက ဧည့်စာရင်းတိုင်ထားတဲ့ နာမည်တွေကို ခေါ်တယ်” ဟု ဒေါ်စန်းနွယ် (လုံခြုံရေးအရအမည်လွှဲထားသူ) က ဆိုသည်။
“ကျမ သားက ဧည့်စာရင်းမတိုင်ထားတော့ အခန်းထဲပဲနေနေတာ။ သူတို့က တွေ့သွားတာနဲ့ ထွက်ပြေးတော့ ဧည့်စာရင်းစစ်တဲ့အဖွဲ့က မိသွားပြီး စစ်ကားပေါ်ခေါ်တင်သွားကြတာပဲ”
နောက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဒေါ်စန်းနွယ်လိုက်သွားသည့်အခါ သားဖြစ်သူကို လှိုင်မြို့နယ်ရှိ စစ်ကြောရေးစခန်းတစ်ခုသို့ ပို့ဆောင်စစ်ဆေးနေကြောင်း ပြောသည်။ ထိုစစ်ကြောရေးရုံးသို့ လိုက်သွားသည့်အခါ ဝင်ခွင့်မရသလို မည်သည့်မေးခွန်းမျှလည်း မေးမြန်းစုံစမ်းခွင့်မရခဲ့ပေ။ တစ်လခန့်အကြာမှ သားဖြစ်သူ မည်သည့်နေရာ ရောက်ရှိနေသည်ကို သိရှိခွင့်ရခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း တစ်နေရာသို့ ရောက်ရှိနေကြောင်း သားဖြစ်သူက ဖုန်းဖြင့် အံ့အားသင့်ဖွယ် ဆက်သွယ်လာသည်။
“သူက ဟိုပုန်းက စစ်သင်တန်းကျောင်းမှာရောက်နေပြီး အထက်လူကြီးဖုန်းနဲ့ခေါ်တာလို့ ပြောတယ်။ စစ်တပ်ထဲ စစ်မှုထမ်းဖို့ ထည့်ခံလိုက်ရပြီး ခုတော့စစ်သင်တန်းတက်နေရတယ်” ဟု ဒေါ်စန်းနွယ်က ဖရွန်တီးယားသို့ ပြောသည်။
“အဲဒီကတည်းကစပြီး အဆက်အသွယ် ထပ်မရတော့ဘူး။ အခု သူဘယ်မှာလဲ ဆိုတာလည်း မသိဘူး။ သူ့အထက်လူကြီးဖုန်းကို ခေါ်ပေမဲ့လည်း ခေါ်မရဘူး”
စစ်တပ်အတွင်း စစ်သည်အင်အားပြုန်းတီးမှု ကာလကြာရှည်လာသည်နှင့်အမျှ အတင်းအကျပ်ဖမ်းဆီးပြီး လူသစ်စုဆောင်းသည့် သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်။ ရှမ်းမြောက်၊ ကချင်နှင့် ရခိုင်ပြည်နယ်များရှိ စစ်မျက်နှာပြင်က အရှုံးများအပြင် နိုင်ငံတစ်ဝန်း ပဋိပက္ခစစ်မီးကြောင့် တပ်တွင်းစစ်သည်အင်အား လျော့နည်းသည့် ပြဿနာသည် ပိုမိုဆိုးရွားလာသည်။
ထိုပြဿနာကိုဖြေရှင်းရန် စစ်ကောင်စီက ယမန်နှစ် ဖေဖော်ဝါရီတွင် အရွယ်ရောက်ပြီးသူတိုင်း မလွဲမသွေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေကို ယခင် စစ်အာဏာရှင်လက်ထက်တွင် ရေးဆွဲခဲ့သော်လည်း ပြဋ္ဌာန်းခဲ့ခြင်း မပြုပေ။
အသက် ၁၈မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈မှ ၂၇ နှစ်အတွင်း အမျိုးသမီးများသည် နှစ်နှစ် စစ်မှုထမ်းရမည်ဖြစ်ပြီး အရေးပေါ်အခြေအနေတွင် ငါးနှစ်အထိ စစ်မှုထမ်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ လက်ရှိကာလသည် အရေးပေါ်အခြေအနေ အတွင်း ရှိနေသေးပြီး ထိုအရေးပေါ်အခြေအနေကို အာဏာသိမ်းသည့်နေ့ကစ၍ ကြေညာခဲ့ခြင်းဖြစ်သည်။ အကြမ်းအားဖြင့် နိုင်ငံအတွင်း စစ်မှုထမ်းရန် အကျုံးဝင်သည့် လူဦးရေ ၁၄သန်းခန့်ရှိသော်လည်း စစ်ကောင်စီကမူ အမျိုးသမီးများကို လတ်တလော စစ်မှုထမ်းအဖြစ် ခေါ်ယူရန်မရှိသေးဟု ဆိုထားသည်။
ယခင်က လူသစ်စုဆောင်းပုံမှာ စစ်တပ်အရာရှိများသည် လမ်းတွင် တွေ့ကရာလူ (အထူးသဖြင့် အမျိုးသားများ)ကို ဖမ်းဆီးလေ့ရှိပြီး ပေါ်တာ (အထမ်းသမားများ) သို့မဟုတ် တပ်သားသစ်များအဖြစ် ခေါ်ဆောင်သွားလေ့ရှိသည်။ သို့သော် စစ်မှုထမ်းဥပဒေအရ လူသစ်စုဆောင်းရာတွင် စနစ်ကျစေရန် လုပ်ငန်းစဉ်များ ချမှတ်ထားသည်။
အထူးသဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းထားပြီး ၎င်း၏ လက်အောက်တွင် ဒေသန္တရဆပ်ကော်မတီများရှိကာ ၎င်းတို့က အကျုံးဝင်သည့် လူစာရင်းကို စိစစ်ရသည့်အပြင် စစ်မှုထမ်းရန် ဆင့်ခေါ်ရသည်။ စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနက နည်းဥပဒေကို ဇန်နဝါရီ ၂၃ရက်တွင်မှ အပြီးသတ်ရေးဆွဲထားသည်။ ထိုနည်းဥပဒေတွင် ကော်မတီများ၏ လုပ်ပိုင်ခွင့်များ၊ ကျန်းမာရေးနှင့် အခြားအကြောင်းများကြောင့် ကင်းလွတ်ခွင့်များပါဝင်ကြောင်း နိုင်ငံပိုင် သတင်းဌာနများက ဖော်ပြခဲ့သည်။
သို့သော် တရားဝင်ဖွဲ့စည်းထားသည့် ကော်မတီအသီးသီးသည် နည်းဥပဒေမပြဋ္ဌာန်းသေးခင် တစ်နှစ်ခန့်ကတည်းက စတင်အလုပ်လုပ်နေပြီဖြစ်သည်။ ဒေါ်စန်းနွယ်၏ သားနှင့် အခြားဖမ်းဆီးခံရသူများကိုမူ ထိုနည်းဥပဒေပါ လုပ်ငန်းစဉ်နှင့် ပြဋ္ဌာန်းချက်များအတိုင်း လူသစ်စုဆောင်းခဲ့ခြင်း မဟုတ်ပေ။ ဤသည်ကို ထောက်ရှုသော် စစ်ကောင်စီနှင့် ၎င်း၏ လူသစ်စုဆောင်းရေး ဆပ်ကော်မတီများသည် ၎င်းတို့သတ်မှတ်ထားသည့် အရေအတွက် ပြည့်မီအောင် ဥပဒေပြင်ပနည်းလမ်းများကို အသုံးပြုလာကြသည်။
ယခုအခါ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် (၉) ကို ခေါ်ယူနေပြီဖြစ်သည်။ စစ်ကောင်စီသည် ယမန်နှစ်က ပထမဆုံးအသုတ် စတင်ခေါ်ယူစဉ်က သတ်မှတ်ဦးရေ ၅,၀၀၀နီးပါး စုဆောင်းနိုင်ခဲ့သော်လည်း နောက်ပိုင်းအပတ်စဉ်လေးခုတွင် တစ်ပတ်စဉ်လျှင် တပ်သားသစ် ၄,၀၀၀ခန့်သာ စုဆောင်းနိုင်ခဲ့ကြောင်း သုတေသန အဖွဲ့တစ်ခုဖြစ်သည့် ဗမာ့ရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့က အောက်တိုဘာတွင် ထုတ်ပြန်သည့် လေ့လာမှုတစ်ခုတွင် ဆိုသည်။ မကြာသေးမီကာလတွင် နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းများကိုမူ မတွေ့ရှိရသေးပေ။

လူမုန်းများသည့် စစ်တပ်တွင် စစ်မှုထမ်းလိုသူမှာ မရှိသလောက်နီးပါးဖြစ်သည်။ လူငယ်အမျိုးသား အများအပြားသည် ထိုင်းကဲ့သို့ ပြည်ပနိုင်ငံများသို့ ထွက်ပြေးကြသည့်အပြင် အညာဒေသကဲ့သို့ လက်နက်ကိုင်တော်လှန်ရေးတပ်များ ထိန်းချုပ်ရာနယ်မြေများသို့ တိမ်းရှောင်ကြသည်။ အချို့လူငယ်အမျိုးသားများကမူ ဘက်တစ်ဘက်ကို ရွေးချယ်ရန် စစ်ကောင်စီက အတင်းအကျပ် ဖိအားပေးသည်ဟု ခံစားလာရသဖြင့် ထိုတော်လှန်ရေးတပ်ဖွဲ့များသို့ ဝင်ရောက်ကြသည်။
“ဒေသအသီးသီးက လူပေါင်း ၁၀၀ နီးပါးကို လက်ခံထားပြီးတော့ သင်တန်းသားသစ်တွေကိုလည်း လေ့ကျင့်ပေးနေပါတယ်” ဟု စစ်ကိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ရင်းမှူး ဇွဲဝေယံစိုးက ဖရွန်တီးယားသို့ ပြောသည်။
သို့သော် စစ်မှုထမ်းဥပဒေ၏ အာဏာစက်ကွင်းမှ လူတိုင်းမလွတ်နိုင်ပေ။
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ အမျိုးသမီးတစ်ဦးကမူ ငွေကြေးမတတ်နိုင်သည့်အပြင် အဆက်အသွယ်မရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များသို့ ဝင်ရောက်ရန် သို့မဟုတ် ၎င်းတို့၏ နယ်မြေများသို့ သွားရောက်ရေးမှာ အသက်၂၀သာရှိသေးသည့် သားဖြစ်သူ သို့မဟုတ် မိသားစုဝင်များအတွက် “ရွေးချယ်စရာတစ်ခု” မဟုတ်ကြောင်း ဆိုသည်။
“စားဝတ်နေရေးက ရှိသေးတယ်လေ။ အဲဒီတော့ ဒီတိုင်းပဲ ဘာမှပြဿနာမတက်အောင် နေနေရတယ်” ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။
ပြဿနာမတက်အောင် နေသည်ဆိုခြင်းမှာ ယခင်က နိုင်ငံရေးအတိုက်အခံများသာ အဖမ်းမခံရအောင် သတိကြီးကြီးဖြင့် နေရသကဲ့သို့ စစ်မှုထမ်းရန် အကျုံးဝင်သူများလည်း နေ့စဥ်လူနေမှုဘဝတွင် သွားသတိ၊ လာသတိဖြင့် နေထိုင်ရခြင်းကို ဆိုလိုသည်။
“ခုဆို လူငယ်တွေက အိမ်မှာ ညမအိပ်ရဲကြတော့ဘူး။ သူတို့က ညဘက်လမ်းပေါ် ရဲကား မြင်ရင်တောင် ကြောက်လန့်ပြီး ပြေးကြတယ်။ ည ၈နာရီနောက်ပိုင်းဆို လူတွေကအပြင်မထွက်ရဲကြတော့ဘူး” ဟု မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်ရှိ အမျိုးသမီးတစ်ဦးက ဖရွန်တီးယားသို့ ပြောသည်။
စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသဖြင့် မန္တလေးမြို့ခံများသည် ထိုကဲ့သို့ သတိကြီးကြီး နေထိုင်ကြရသည်။ ဒီဇင်ဘာလအတွင်း စစ်ကောင်စီက မန္တလေးမြို့တွင် လူငယ် ၃၉၁ဦးကို ဖမ်းဆီးခဲ့သည်ဟု မန္တလေးသပိတ်ကော်မတီက သတင်းထုတ်ပြန်သည်။
ရန်ကုန်မြို့နှင့် အနီးတဝိုက် နယ်ဘက်ဒေသများသည်လည်း လူငယ်လူရွယ်များအတွက် လုံခြုံသည့် နေရာများမဟုတ်ပေ။ ကော့မှူးမြို့နယ်၊ တောင်ချောင်ကျေးရွာရှိ မိခင်တစ်ဦးက ၎င်း၏သားဖြစ်သူသည် ယမန်နှစ်၊ အောက်တိုဘာ၈ရက်တွင် မိသားစုထံသို့ အလည်အပတ် လာရောက်ခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် မိဘနေအိမ်မှ အပြန် ပျောက်ဆုံးသွားကြောင်း ဆိုသည်။
အသက်၂၂နှစ်ရှိပြီဖြစ်သည့်သားဖြစ်သူသည် လှိုင်သာယာ (အရှေ့) မြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ပြီး စက်ရုံအနီး အဆောင်တစ်ခုတွင် နေထိုင်သည်။
“အဆောင်က သူငယ်ချင်းတွေက သူပြန်ရောက်မလာဘူးလို့ပြောတယ်။ အဲဒီမှာပဲ ကျမသား ပျောက်သွားပြီဆိုတာသိလိုက်ရတာ” ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။
ခြောက်ရက်အကြာတွင် သားဖြစ်သူက ဖုန်းဆက်လာပြီး ဖြစ်ကြောင်းကုန်စင် ပြောပြသည်။ ၎င်းကိုဦးစွာ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုသို့ စစ်သားများက ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ခြေလျင်တပ်ရင်း၈၈ တပ်စခန်းသို့ ထပ်မံခေါင်ဆောင်သွားကြောင်း သူကဆိုသည်။
“တစ်ပတ်တစ်ခါသားနဲ့ ဖုန်းပြောရတယ်။ တခါတလေကျ သုံးရက်တစ်ခါ” ဟု သားသည်မိခင်က ဇန်နဝါရီ၁၅ရက်တွင် ပြောသည်။ ယင်းနောက်တွင် သားဖြစ်သူသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ စစ်သင်တန်းကျောင်း၊ ထိုမှတစ်ဆင့် နမ့်စန်မြို့သို့ ထပ်မံရွှေ့ပြောင်းခံရကြောင်း အဆိုပါအမျိုးသမီးက ဆိုသည်။
“ပြီးခဲ့တဲ့အပတ်ကတော့ သိပ်မကြာခင် ရှေ့တန်းသွားရတော့မယ်လို့ ပြောတယ်။ ပြီးတော့ ဘာလစာမှလည်း မရဘူးတဲ့”
“သားအတွက် ဘာမှမလုပ်ပေးနိုင်ဘူးလို့ ပြောရတယ်။ ကျမတတ်နိုင်တာက ဘေးကင်းဖို့ ဆုတောင်းရုံပဲ။ ဘာလို့လဲဆို သူ့ကို ပြန်လွှတ်ပေးအောင် ပိုက်ဆံလည်းမပေးနိုင်ဘူး။ သားကလည်း ဘာပိုက်ဆံမှမပေးဖို့နဲ့ သူ့အတွက် ဆုတောင်းပေးဖို့ပဲမှာတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စစ်မှုထမ်းဥပဒေ စတင်အသက်သွင်းစဉ်က ရွေးချယ်ခံရသူများ၏ မိသားစုများက စစ်မှုထမ်းခြင်းမှ ရှောင်လွှဲနိုင်အောင် သက်ဆိုင်ရာ အာဏာပိုင်များကို လာဘ်ထိုးခဲ့ကြသည်။ အချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများကမူ စစ်မှုမထမ်းလိုသည့် လူငယ်များ၏ မိဘများထံမှ ငွေကြေးကောက်ခံပြီး အခြားလူတစ်ဦးကို ငွေပေး၍ အစားထိုးစေသည်။ သို့သော် ယင်းသို့ အာဏာပိုင်များကို လာဘ်ထိုးကာ ငွေပေး၍လူစားထိုးမှုများသည် နောက်ပိုင်းတွင် အလုပ်မဖြစ်တော့ပေ။ လိုအပ်သည့် တပ်သားအရေအတွက် စုဆောင်းရန် စစ်ကောင်စီက အပြင်းအထန် ဖိအားပေးသဖြင့် အာဏာပိုင်များက လာဘ်မယူတော့ခြင်း ဖြစ်နိုင်သည်။
“ပြီးခဲ့တဲ့ အောက်တိုဘာလအထိကို မန္တလေးမှာ ဖမ်းခံရရင် ငွေပေးလိုက်လို့ရသေးတယ်။ နိုဝင်ဘာ လောက်ကျတော့ အဲဒီလို ငွေနဲ့ရှင်းလို့မရတော့ဘူး။ ငွေပေးရင်တောင်မှ သူတို့က လူလိုတာ ငွေလိုတာ မဟုတ်ဘူးလို့တောင် ပြောကြတယ်” ဟု မန္တလေးသပိတ်ကော်မတီဝင် တစ်ဦးက ပြောသည်။
ဒီဇင်ဘာ၂၂ရက်တွင် စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရသည့် အသက်၂၉နှစ်အရွယ် တူဖြစ်သူအတွက် ငွေကြေးအမြောက်အမြား လာဘ်ထိုးခဲ့သည့်တိုင် စစ်တပ်က ပြန်မလွှတ်ပေးဟု မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
“ညဘက်အပြင်ထွက်တုန်း အဖမ်းခံလိုက်ရတာ။ မိသားစုက ချက်ချင်းလိုက်ပြီး ငွေပေးပေမဲ့ ပြန်လွှတ်မပေးဘူး” ဟု ၎င်းက ပြောသည်။
“ငွေသိန်း ၃၀လောက်ပေးလိုက်ရပေမဲ့ ဘယ်သူ့ကို ပေးလိုက်ရလဲ မသိဘူး။ ရှမ်းပြည်ဘက်ကို ပို့ခံလိုက်ရပြီး နောက်တော့ မကွေးဘက်ရောက်သွားတယ်လို့လည်း ကြားတယ်။ သူနဲ့ အဆက်အသွယ်လုပ်လို့လည်းမရဘူး။ အဲဒီတော့ ဘာမှ သေချာမသိဘူး။ အတင်းအကျပ် စစ်မှုထမ်းဖို့ ခေါ်သွားခံရတာတစ်ခုပဲ သေချာသိတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကော့မှူးမြို့နယ်က တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးဖြစ်သည့် ဒေါ်စုစုနွေးက စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုကော်မတီက စစ်မှုထမ်းခေါ်ယူရာတွင် တရားလက်လွတ် ဆောင်ရွက်ချက်များကို တိုင်ကြားနိုင်ကြောင်း အများပြည်သူ့ကို ပြောဆိုထားသော်လည်း “လက်တွေ့တွင် ထိထိရောက်ရောက် အရေးယူခြင်းမရှိ” ဟု ဆိုသည်။ ဒေါ်စုစုနွေးသည် စစ်မှုထမ်းကိစ္စကြောင့် အခက်အခဲဖြစ်နေသူများကို ကူညီပေးနေသူဖြစ်သည်။
ဥပဒေမဲ့ ဖမ်းဆီးမှုများအပြင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်များ၊ ကိုယ်ဝန်သည် အမျိုးသမီးများ၏ ခင်ပွန်းများ သို့မဟုတ် နာမကျန်းသည့် မိအိုဘအိုကို လုပ်ကျွေးရသူများ စသဖြင့် ကင်းလွတ်ခွင့်ရသူများကိုပါ လူသစ်စုဆောင်းခြင်းကဲ့သို့ တရားလက်လွတ် ဆောင်ရွက်ချက်များ ဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။
အောက်တိုဘာ၉ရက်က လှိုင်သာယာ (အရှေ့) မြို့နယ်တွင် တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ထားသည့် လူတစ်စုက လူငယ်တစ်ဦးကို ဖမ်းဆီးပြီး အာဏာပိုင်များထံ တပ်သားသစ်အဖြစ် ရောင်းစားခဲ့ကြောင်း သူကဆိုသည်။
“မြို့နယ်အဆင့်ကနေ တိုင်းစစ်ဌာနချုပ်တွေနဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထိ စာအဆင့်ဆင့် တင်ပေမဲ့ ဘယ်တော့ပြန်လွှတ်ပေးမယ်ဆိုတာကို မပြောပြကြဘူး” ဟု ၎င်းက ဖရွန်တီးယားကို ပြောသည်။
ထိုဖမ်းဆီးခံရသည့် လူငယ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်သင်တန်းတက်ရောက်ခဲ့ရပြီး ယခုအခါသင်တန်းဆင်းပြီဟု သိရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။