စစ်ပွဲနှင့် စီးပွားရေးလုပ်ငန်း

မြန်မာနိုင်ငံတွင် ဓာတ်အားလိုအပ်ချက် လွန်စွာမြင့်မားနေသော်လည်း ကချင်ပဋိပက္ခ၏ ရှေ့တန်းစစ်မျက်နှာနေရာများရှိ အမေရိကန်ဒေါ်လာ သန်း၂၅၀ တန်ရေအားလျှပ်စစ်စက်ရုံမှာ ၂၀၁၁ ခုနှစ် ဖွင့်လှစ်သည့်နေ့ကတည်းက အချည်းနှီးဖြစ်နေသည်။

ရဲမွန်နှင့် သောမတ်စ်ကင်း(န်) ရေးသားသည်။ ဓာတ်ပုံ – ခွန်လတ်

ယခုသတင်းဆောင်းပါးကို ပဋိပက္ခသတင်းအစီရင်ခံမှု Crisis reporting အတွက် ပူလစ်ဇာစင်တာက ထောက်ပံ့ချီးမြှင့်သည်။

ကေအိုင်အေ စစ်သားလေးဦးသည် လက်ဖက်ရည်သောက်ကြ၊ စီးကရက်သောက်ကြရင်း ကြီးမားသည့်ရွက်ဖျင်တဲကြီး တစ်ခုအတွင်း အပန်းဖြေနေကြသည်။

ရံဖန်ရံခါ သူတို့ထဲမှ တစ်ဦးက ထလျှောက်ကာ ပါးလျသည့် ဝါးထရံမှနေ၍ အောက်ဘက်တောင်ကြားထဲသို့ စိုက်ကြည့်သည်။

ဆင်ခြေလျှောတလျှောက် မီတာ ၁၀၀ ခန့်အကွာတွင် တပ်မတော်စခန်း တစ်ခုရှိသည်။ နီးနီးကပ်ကပ် ရှိနေကြသည့် အညိုရောင်တဲစုတစ်စုက ရေအားလျှပ်စစ်စီမံကိန်း တာပိန် – ၁ ရေကာတာ၏ မီတာ ၅၀ မြင့်သောနံရံရိပ်အောက်မှာ ရှိနေသည်။ တာပိန် – ၁ သည် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှ ပဋိပက္ခ၏ရှေ့တန်းလိုင်းကို သိသာထင်ရှားစွာ အမှတ်အသားပြုထားသည်။

ပြည်နယ်မြို့တော်မြစ်ကြီးနားအလွန် မြောက်ဘက်ပိုင်းရှိ ဧရာမရေအားလျှပ်စစ်စီမံကိန်းများမှာ အာရုံအစိုက်ခံရဆုံးဖြစ်နေစဉ် ၂၀၁၁ ဇွန်လက ကေအိုင်အေနှင့် တပ်မတော်ကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးမှာ ယခုအရပ်၌ကျိုးပျက်ခဲ့ရသည်။ ယနေ့အချိန်ထိ နှစ်ဘက်စလုံးက အပြန်အလှန် အပြစ်ဖို့နေဆဲဖြစ်သည်။

ဝေးလံ၍လူနေကျဲပါးသော ယင်းနေရာမှစသည့် ပဋိပက္ခသည် ကချင်ပြည်နယ်တဝန်းမှသည် ရှမ်းပြည်မြောက်ပိုင်းထိ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ရက်ပိုင်းအတွင်း နှစ်ဘက်စလုံးက ရှေ့တန်းကို အင်အားဖြည့်တင်းခဲ့သည်။ ကေအိုင်အေက တပ်မတော်လှုပ်ရှားမှုကို ဟန့်တားရန် တံတားပေါင်း ဒါဇင်ချီ၍ ဖျက်ဆီးခဲ့သည်။ ယင်းသို့ဖျက်ဆီးခဲ့သည့် တံတားများထဲတွင် တာပိန်ရေကာတာသို့ သွားသည့်လမ်းပေါ်ရှိ နမ့်ဖက်ခါမြစ်ပေါ်က တံတားတစ်စင်းလည်း ပါဝင်ခဲ့သည်။

ယနေ့အချိန်တွင် နိုင်ငံသား တစ်သိန်းကျော်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အားလုံးနီးပါးမှာ စစ်ရှောင်စခန်းများတွင် ရှိနေသည်။ ရှေ့တန်းနေရာများမှာလည်း မြေမြုပ်ဗုံးများ ချထားသည်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညိနှိုင်းမှုများမှာ တခါတရံ တိုးတက်ဟန်ရှိသော်လည်း ပဋိပက္ခမှာ တရားဝင်သက်ဝင်လှုပ်ရှားနေဆဲဖြစ်သည်။ တိုက်ခိုက်မှုက အချိန်မရွေး ပြန်စနိုင်သည်။

ပဋိပက္ခကိုဆွပေးရာ၌ တာပိန်လို ရေအားလျှပ်စစ်စီမံကိန်းများက မည်သည့်အခန်းကဏ္ဍမှ ပါဝင်ကြသနည်း။

ပျော်ရွှင်မှုများနှင့် ပြည့်နေခြင်

ကန်ထရိုက်တာဖြစ်သည့် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Sinohydro သည် ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာတွင် လုပ်ငန်းစတင်သောအခါ အကွန့်အညွန့်များပါသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော ဒေသခံများသည် ဗုံသံစည်းချက်နှင့် ကနေသည်ဟု ဖော်ပြထားသည်။ လူတွေက ပျော်ရွှင်မှုအပြည့်ရှိသည်ဟု ကုမ္ပဏီက မှတ်ချက်ပေးသည်။

သို့သော်လည်း နောက်ကွယ်တွင် လူတိုင်းပျော်နေသည်တော့ မဟုတ်ပေ။ မပျော်သူများလည်း ရှိသည်။ အနည်းဆုံးတော့ မပျော်သူတွေထဲမှာ ကေအိုင်အေပါဝင်နိုင်ပြီး တာပိန် စီမံကိန်းများနှင့် ပတ်သက်၍ ကေအိုင်အေကို မတိုင်ပင်ခဲ့ပါ။ ဆည်များမှာ ၎င်းတို့ဆယ်စုနှစ်များစွာ ထိန်းချုပ်လာခဲ့သည့် နယ်မြေအတွင်းရှိသည်ဟု ကေအိုင်အေက အခိုင်အမာဆိုသည်။

တာပိန်သည် တရုတ်ရင်းနှီးမြုပ်နှံသူများ (အများစုက တရုတ်နိုင်ငံပိုင်ကုမ္ပဏီများ)  ၂၀၀၀ ပြည့်လွန်နှစ်များအလယ်က စစ်အစိုးရနှင့် ညှိနှိုင်းခဲ့သော ရေအားလျှပ်စစ်စီမံကိန်းများထဲမှ တစ်ခုဖြစ်သည်။ စီမံကိန်းအများအပြားမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ ပဋိပက္ခဖြစ်နေသည့် ဧရိယာများထဲတွင်ရှိသည်။ လူ့အသိုင်းအဝိုင်းများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကဲ့သို့ အခြားပါဝင်ပတ်သက်သူများကို ညှိနှိုင်းမှုလုပ်ငန်းစဉ်မှ ခြွင်းချန်ခဲ့သည်။ ညှိနှိုင်းမှုကို စစ်အစိုးရတောင်းဆိုမှုဖြင့် တံခါးပိတ်ပြုလုပ်ခဲ့သည်။

တိုင်ပင်မှုမရှိဘဲ အကောင်အထည်ဖော်သည့် ကြီးမားသော အခြေခံအဆောက်အအုံစီမံကိန်းများက ပဋိပက္ခကို ပြန်လည်ဦးတည်နိုင်ကြောင်း ကေအိုင်အေနှင့် အရပ်ဘက်အဖွဲ့အစည်းများက သတိပေးထားသည်မှာ ကြာနေပြီဖြစ်သည်။ ထိုစီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာသက်ရောက်မှုများအပြင် တပ်မတော်သည် မြန်မာနိုင်ငံမြောက်ပိုင်း၌ စစ်ပုံသွင်း တပ်ချထားမှုတိုးမြင့်ရန်နှင့် နယ်ပယ်ချဲ့ထွင်ရန် ဆင်ခြေတစ်ခုအဖြစ် ရေအားလျှပ်စစ်နှင့် အခြားအခြေခံအဆောက်အအုံစီမံကိန်းများကို အသုံးပြုနေသည်ဟု ၎င်းတို့က စွပ်စွဲကြသည်။

ယင်းစီမံကိန်းအများစုမှာ အကောင်အထည်ဖော်မှု အစောပိုင်းအဆင့်မှာပင် ရပ်တန့်ခဲ့သည်။

သို့ရာတွင် တာပိန် – ၁ ကိုမူ ဆက်လက်လုပ်ဆောင်ရန် စစ်အစိုးရနှင့် ရင်းနှီးမြှုပ်နှံမှုပါတနာများက တွန်းအားပေးခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ဝေးလံတဲ့တိုင်းရင်းသားပြည်နယ်တွေက ပဋိပက္ခဖြစ်လေ့ရှိတဲ့ နေရာတွေက စီစဉ်ထားတဲ့ ဆည်တွေရဲ့ လူမှုရေးသက်ရောက်မှုနဲ့ပတ်သက်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆယ်စုနှစ်များစွာ တင်ပြနေတဲ့ ပြဿနာတွေ ရှင်သန်နေတဲ့ သာဓကတစ်ခုပါ” ဟု International Rivers ၏ ထိုင်းနှင့် မြန်မာဆိုင်ရာ ကမ်ပိန်းဒါရိုက်တာ မစ္စပီယန်ပေါန်ဒီးတက်စ်က ပြောသည်။

အချို့ကလည်း ကေအိုင်အေကို နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေး တပ်မတော်၏ အစီအမံနှင့် ပတ်သက်၍ တင်းမာမှုမြင့်မားနေသည်ကို ထောက်ဆကာ ပဋိပက္ခအတွက် တရုတ်၏ရင်းနှီးမြှုပ်နှံမှုကို အပြစ်မဆိုချင်သဖြင့် ပေါ့ပျက်ပျက်ဖော်ပြကြသည်။

“ကချင်ပြည်နယ်မှာရှိတဲ့ တရုတ်ဆည်တွေက အတိုက်အခိုက်ရပ်စဲမှုပြိုကွဲရတဲ့ အကြောင်းရင်းတော့ မဟုတ်ပါဘူး” ဟု ဝါရှင်တန်အခြေစိုက် လုံခြုံရေးဉာဏ်ကြီးရှင်အဖွဲ့ Henry L Stimson Center မှ အကြီးတန်းအဖွဲ့ဝင် မစ္စယွန်ဆွန်းက ၂၀၁၁ ဇူလိုင်လတွင် ရေးသားခဲ့သည်။ “ဒီဆည်တွေက နေပြည်တော်နဲ့ ကေအိုင်အေကြားက ရန်လိုမှုကို ပိုဆိုးစေပေမဲ့ သူတို့ရဲ့နေရာတွေ ရှေ့တိုးဖို့ ဆည်တွေကို မဟာဗျူဟာကုတ်အားအဖြစ် အများအားဖြင့် နှစ်ဘက်စလုံးက အသုံးချနေကြပါတယ်” ၎င်းကပြောကြားသည်။

ဝါရင့်ဂျာနယ်လစ် မစ္စတာ ဘာတေးလ်လင့်တနာကတော့ ယင်းအမြင်ကို သဘောတူပြီး ပဋိပက္ခဖြစ်ရတာဟာ နယ်ခြားစောင့်တပ်ဖွဲ့လုပ်ဖို့ ကေအိုင်အေက ငြင်းပယ်မှုကို တပ်မတော်က ဒေါသထွက်ခြင်းကြောင့်ဟု ဆိုသည်။ Frontier က မတ်လ၌ လိုင်ဇာသို့သွားရောက်သည့်အခါ ယင်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ကေအိုင်အေအရာရှိများက ဆွေးနွေးလိုစိတ်မရှိခဲ့ပေ။

ပဋိပက္ခဖြစ်ရသည်မှာ ရေအားလျှပ်စစ်စီမံကိန်းများကြောင့် မဟုတ်ကြောင်း ကေအိုင်အေပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။ “ဒါက နိုင်ငံရေးကစားပွဲတစ်ခုပါ။ ကျွန်တော်တို့ တရုတ်အစိုးရ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုကို ဝေဖန်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကြားကနေပဲ ရပ်တည်မှာပါ” ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကေအိုင်အေစိုးမိုးရာနယ်မြေမှ တွေ့ရသည့် တာပိန်ဆည်။ ဓာတ်ပုံ - ခွန်လတ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကေအိုင်အေစိုးမိုးရာနယ်မြေမှ တွေ့ရသည့် တာပိန်ဆည်။ ဓာတ်ပုံ – ခွန်လတ်

ငွေကစကားပြောသည့်အခါ

နယ်ပယ်ချဲ့ထွင်မှု၊ သို့မဟုတ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုများအပေါ် စိုးရိမ်မှုများထက် တာပိန် – ၁ စီမံကိန်းမဖွင့်မီနှင့် ဖွင့်ပြီး ကန်ထရိုက်စည်းကမ်းချက်၊ ငွေပေးချေမှုတို့နှင့်ပတ်သက်၍ ထပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာသည်။

တာပိန် – ၁ အတွက် အလွန်အမင်းအားနည်းညံ့ဖျင်းသည့် ကန်ထရိုက်စည်းကမ်းချက်များကြောင့် ကချင်ပြည်နယ်မှာ စိတ်ပျက်ဖွယ်ဖြစ်နေကြောင်း ယူနန်ရှိ ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးဆိုင်ရာ လေ့လာသုံးသပ်သည့် Water ဂျာနယ်မှ ၂၀၁၆ စာတမ်း၌ ဖော်ပြထားပြီး ယင်းသို့အားနည်းမှုက အပစ်ရပ်မှုကို ကျိုးပျက်စေခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်သည်ဟုလည်း ဆိုသည်။

တင်းမာမှုများမှာ စီမံကိန်းစတင်ကတည်းက ဖြစ်သည်။ တရုတ်အာဏာပိုင်များက ကေအိုင်အေထံ အခွန်ပေးရန် ငြင်းဆန်သောအခါ ကေအိုင်အေသည် ၂၀၀၈ စက်တင်ဘာတွင် တာပိန်ဆည် လုပ်ငန်းခွင်ဝန်းကျင် နေရာနှစ်ခုစလုံး၌ စစ်သားများ စတင်ချထားခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ထိုစဉ်က အစီရင်ခံခဲ့သည်။ တရုတ်လုပ်သားများ လုပ်ငန်းခွင်နေရာနှင့် ဆောက်လုပ်ရေးနေရာမှ ထွက်ပြေးခဲ့ပြီး လုပ်ငန်းရပ်တန့်ခဲ့ရသည်ဟုလည်း ဖော်ပြခဲ့သည်။

တရုတ်တို့က ကေအိုင်အေကို ယွန် ၁ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၂၇၇,၀၀၀) ပေးမှသာ တရုတ်အလုပ်သမားများ ပြန်လာနိုင်ခဲ့သည်။ တာပိန်ဆည်ဘေးရှိ ကေအိုင်အေတပ်စခန်း တစ်ခုကို တပ်မတော်က ဖျက်ဆီးခဲ့သည်ဟု စွပ်စွဲချက်ပေါ်လာချိန် နောက်နှစ်ဖေဖော်ဝါရီတွင် တင်းမာမှုများ မြင့်တက်ခဲ့ပြန်သည်။ ပြည်နယ်မြို့တော် မြစ်ကြီးနား၌ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အဆိုပါတပ်စခန်းကို နောက်ပိုင်းတွင် ပြန်လည်တည်ဆောက်ခဲ့သည်။

တိကျသည့် အသေးစိပ်အချက်အလက်များကို ထောက်ပြရန် ခက်ခဲသော်လည်း ကေအိုင်အေကို ကျေနပ်စေရန် နောက်ထပ်ငွေပေးချေမှုများလည်း ရှိခဲ့သည်။ ကေအိုင်အေက တရုတ်လုပ်သားများကို ခြိမ်းခြောက်သည့်အခါ တာပိန် – ၁ ကို အကောင်အထည်ဖော်သည့် နိုင်ငံပိုင် China Datang Corporation က နောက်ထပ်အပိုဆောင်း ယွမ်သန်း ၂၀ (ဒေါ်လာ ၃ ဒသမ ၇ သန်း) ပေးခဲ့သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စု International Rivers ကပြောသည်။ ငွေပေးချေမှုမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအခွန်ဟု ကုမ္ပဏီက ဖော်ပြခဲ့ကြောင်း ယင်းအုပ်စုကပြောသည်။

China Datang သည် တာပိန် – ၁ ကို ရှေ့တိုးဆောင်ရွက်ရန် ကေအိုင်အေထံ ဒေါ်လာ ၂ ဒသမ ၄ သန်းပေးအပ်ခဲ့သည်ဟု ကေအိုင်အေအကြီးတန်းအရာရှိများနှင့် ဆွေးနွေးပြောဆိုချက်များကိုကိုးကား၍ လူ့အခွင့်အရေးအုပ်စု Fortify Rights မှ မစ္စတာ မက်သယူးစမစ်က ၂၀၁၅ က နယူးယော့ခ်တိုင်းမ်တွင် ရေးသားခဲ့သည်။

ထို့အပြင် ကေအိုင်အေနယ်မြေဘက်သို့လည်း လျှပ်စစ်ဓာတ်အားအချို့ပေးရန် တောင်းဆိုမှုကို China Datang ကသဘောတူခဲ့သော်လည်း ကန်ထရိုက်တွင် တရားဝင်ထည့်သွင်းရန်ကိုမူ ငြင်းပယ်ခဲ့သည်ဟု စမစ်က ရေးသားခဲ့သည်။

ယင်းသို့ ငွေပေးချေမှုမှာ ၂၀၁၁ သြဂုတ်လက သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ ပြောကြားချက်ဖြစ်သော “စီမံကိန်းကို အတားအဆီးမရှိ ချောချောမောမော အကောင်အထည်ဖော်နိုင်ဖို့ တရုတ်ကုမ္ပဏီက ကေအိုင်အေကို ယွန် ၁၅ သန်း လျှို့ဝှက်ပေးခဲ့တယ်လို့ ကျွန်တော်တို့ ကြားပါတယ်” ကိုရည်ညွှန်းဖော်ပြသည်။

အပေါ်ယံအားဖြင့် ယင်းသို့ငွေပေးချေမှုများမှာ လုပ်ငန်းဖြစ်မြောက်ဟန်ရှိသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ ယင်းရေအားလျှပ်စစ်စက်ရုံ ပုံမှန်အတိုင်းလည်ပတ်နေသည်။ ၂၀၀၈ သြဂုတ် ၂၆ မှ ၂၀၁၅ ဒီဇင်ဘာ ၃၁ အထိ ရွှေလီ – ၁ နှင့် တာပိန် – ၁ စီမံကိန်းများမှ ဓာတ်အားကီလိုဝပ်နာရီ  ၁၂ ဒသမ ၄၇ ဘီလျံဝယ်ယူခဲ့သည်ဟု China Southern Power Grid က ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ သို့သော်လည်း ဝန်ကြီးဌာနစာရင်းဇယားများ၊ သတင်းရင်းမြစ်များက တမျိုးတဖုံဖော်ပြနေသည်။

ဓာတ်ပုံ - ခွန်လတ်

ဓာတ်ပုံ – ခွန်လတ်

ဈေးနှုန်းစစ်ပွဲ

ကချင်လို တခေါခနှင့် တရုတ်လို တယင်ဟုခေါ်ဆိုသည့် တာပိန်မြစ်သည် ဧရာဝတီ၏ မြစ်လက်တက် တစ်ခုဖြစ်ပြီး ၂၄၆ ကီလိုမီတာသာ ရှည်လျားသည်။ သို့ရာတွင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် အလားအလာမှာ ၂ ဒသမ ၆ ဂစ်ဂါဝပ်အထိရှိနိုင်သည်ဟု ခန့်မှန်းထားပြီး အားလုံးနီးပါးကို နယ်စပ်၏ တရုတ်ဘက်ခြမ်းတွင် ဖွံ့ဖြိုးအောင်ပြုလုပ်ထားသည်။

တာပိန် – ၁ သည် နိုင်ငံပိုင် China Datang Corporation ၏ လက်အောက်ခံ Datang (Yunnan) United Hydropower Developing Co. Ltd က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူဆောင်ရွက်ရန် စီစဉ်ခဲ့သည့် မြန်မာနိုင်ငံရှိ တာပိန်မြစ်ပေါ်က ရေအားလျှပ်စစ်စီမံကိန်း နှစ်ခုထဲက တစ်ခုဖြစ်သည်။

မူလသဘောတူညီချက် စည်းကမ်းချက်အရ ၂၄၀ မီဂါဝပ် စီမံကိန်းမှ ထုတ်လုပ်သည့် ဓာတ်အားမှ ၈ ရာခိုင်နှုန်းဝန်းကျင်ကို မြန်မာက အခမဲ့ရရှိမည်ဖြစ်ပြီး ကျန်ဓာတ်အားကို ၅၀၀ ကေဗီ ထပ်ဆင့်ပို့လွှတ်လိုင်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည်၊ သို့မဟုတ် မြန်မာနိုင်ငံရှိ မဟာဓာတ်အားလိုင်းသို့ ဖြန့်ဖြူးမည်ဖြစ်သည်။

နောက်ထပ်မြစ်အောက်ဘက် တာပိန် – ၂ သည်လည်း ဖက်စပ်စီမံကိန်းတစ်ဖြစ်ပြီး ၁၄၀ မီဂါဝပ်ထုတ်လုပ်ရန် တပ်ဆင်ထားကာ ပြည်တွင်းသုံးအတွက် သီးသန့်ဓာတ်အားထုတ်လုပ်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဆိုသည်။ ယင်းစီမံကိန်းအတွက် နားလည်မှုစာချွန်လွှာကို ၂၀၀၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော်လည်း လုပ်ငန်း စတင်ထားဟန်မရှိပေ။

သေးငယ်သည့်ရေလှောင်ကန်နှင့်အတူ တာပိန် – ၁ ဆိုင်ရာလုပ်ငန်းမှာ ယခင်နှင့်စာလျှင် လျင်လျင်မြန်မြန်နှင့် ဆက်လက်ဆောင်ရွက်နိုင်ခဲ့သည်။ ဆောက်လုပ်ရေးကို တရုတ်နိုင်ငံပိုင် Sinohydro ကုမ္ပဏီကို ကန်ထရိုက်ပေးခဲ့ပြီး ၂၀၀၇ ဒီဇင်ဘာလတွင် စတင်ခဲ့သည်။

၂၀၁၀ စက်တင်ဘာက စက်ရုံသည့် လုပ်ငန်းလည်နေခဲ့ပြီဖြစ်ကြောင်း Datang ကကြေညာခဲ့သည်။ သတင်းအချက်အလက် ဝန်ဆောင်မှုအုပ်စု Interfax ၏ အဆိုအရ ကုမ္ပဏီသည် ရင်မင်ဘီ ၁ ဒသမ ၇ ဘီလျံ (ဒေါ်လာ သန်း၂၅၀)တန်စက်ရုံ၏ အဆင့်ကို အနာဂတ်တွင် ၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည်ထိ မြှင့်တင်ရန် စီစဉ်ခဲ့သည်ဟု ကုမ္ပဏီက ပြောကြားခဲ့ကြောင်းသိရသည်။

ကုမ္ပဏီသည် မြန်မာအစိုးရထံ မလွှဲပြောင်းမီ တည်ဆောက်လည်ပတ်လွှဲပြောင်းစနစ်အရ နှစ် ၄၀ ကြာလည်ပတ်မည်ဟု အစီရင်ခံစာကဆိုသည်။ တရားဝင်ဖွင့်ပွဲ တစ်ခုကို ၂၀၁၁ ဇန်နဝါရီလက ကျင်းပခဲ့သည်။

သို့သော်လည်း လအနည်းငယ်ကြာသောအခါ ထုတ်လုပ်မှုရပ်တန့်ခဲ့သည်။ ထို့နောက်မကြာမီ တပ်မတော်နှင့် ကေအိုင်အေကြား ထိုနေရာတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

နောက်ပိုင်းတွင် ထုတ်လုပ်မှုကို ပြန်လည်ပြုလုပ်ခဲ့သော်လည်း ထုတ်လုပ်နိုင်စွမ်းမှာ သိသိသာသာ လျော့ကျခဲ့သည်ဟု ဝန်ကြီးဌာနသတင်းရင်းမြစ်များနှင့် အမေရိကန်အတိုင်ပင်ခံကုမ္ပဏီ Delphos International ၏ ၂၀၁၇ အစီရင်ခံစာတစ်ခုအရ သိရသည်။ ယင်းကုမ္ပဏီက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စာရင်းဇယားများကို အခြေခံခဲ့ခြင်းဖြစ်သည်။

တပ်ဆင်ထားသည့် ဓာတ်အားထုတ်လုပ်နိုင်စွမ်း ၉၀ မဂ္ဂါဝပ်ကိုသာ တာပိန် – ၁ တွင် ရရှိနိုင်ပြီး ၂၀၁၃ မှ ၂၀၁၆ ထိ နှစ်စဉ်မှတ်တမ်းတင်ထားသည့် တာပိန် – ၁ ၏ ထုတ်လုပ်နိုင်မှုမှာ ပျမ်းမျှ ၃၀ ဂစ်ဂါဝပ်နာရီရှိရာ ထုတ်လုပ်နိုင်စွမ်း၏ ရာခိုင်နှုန်းအနည်းငယ်သာရှိသည်ဟု အစီရင်ခံစာက ဖော်ပြခဲ့သည်။

အဓိကပြသနာမှာ ယူနန်ပြည်နယ်တွင် ရေအားလျှပ်စစ်ကို အလွန်ကြီးမားစွာ ဖြည့်ဆည်းနေရခြင်းဖြစ်သည်။ ၂၀၀၅ မှ ၂၀၁၄ အထိ ယင်း၏ပြည်နယ်အဆင့် တပ်ဆင်ထားသည့် လျှပ်စစ်စွမ်းအားမှာ ၁၃ ဒသမ ၃ ဂစ်ဂါဝပ်မှ ၅၇ ဂစ်ဂါဝပ်အထိတိုးမြင့်လာပြီး အများစုမှာ ရေအားလျှပ်စစ်မှ ဖြစ်သည်။

မိုးရာသီအတွင်း အလွန်ကြီးမားသည့် ဖြည့်ဆည်းမှုမှာ စိုးရိမ်ရသည့်အတွက် ဂျင်နရေတာများကို ပိတ်ထားရန်၊ သို့မဟုတ် အနားပေးရန် လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ဓာတ်အားလိုင်းမှာ ဓာတ်အား အားလုံးကို ပို့လွှတ်နိုင်ခြင်းမရှိဟု Water တွင် ထုတ်ဝေသည့် ၂၀၁၆ စာတမ်း၌ ဖော်ပြချက်အရ သိရသည်။ ဓာတ်အားခ လက်ကားဈေးနှုန်းများမှာ တရုတ်နိုင်ငံ၏ အခြားအစိတ်အပိုင်းများထက် များစွာနည်းပါးနေသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေသော်လည်း တာပိန် – ၁ မှ ဓာတ်အားကို လိုအပ်သည့်နေရာသို့ စနစ်တကျ ပို့လွှတ်နိုင်ခြင်းမရှိပေ။ စီမံကိန်းသည် အနီးရှိ ဗန်းမော်နှင့် ဆက်သွယ်ထားသော်လည်း ထိုနေရာမှ အမျိုးသားမဟာဓာတ်အားလိုင်းသို့ တခုတည်းသော ချိတ်ဆက်မှုမှာ ၆၆ ကေဗီလိုင်း တစ်ခုဖြစ်ပြီး ယင်းမှာ ကြီးမားသည့် ဓာတ်အားပို့လွှတ်မှုအတွက် မသင့်တော်ပေ။

၂၀၂၁ မှစကာ တာပိန် – ၁ မှ နှစ်စဉ် ၃၄၉ ဂစ်ဂါဝပ်နာရီ ထုတ်ယူရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် စမ်းသပ်အစီအစဉ်တစ်ခုရှိသည်ဟု Delphos အစီရင်ခံစာ၌ ဖော်ပြထားသည်။ သို့ရာတွင် ပို့လွှတ်နိုင်စွမ်း တိုးတက်မှုရှိနေ မရှိနေမှာ မရှင်းလင်းသေးပေ။

သုံးသပ်ချက်ပေးရန် မေတ္တာရပ်ခံသော်လည်း China Datang Corporation က မတုံ့ပြန်ခဲ့ပေ။

၂၀၁၁ တိုက်ပွဲကာလက ကျေးရွာသား ၁၀၀ ခန့်မှာ ဗန်းမော်နှင့် မိုးမောက်မြို့များသို့ စစ်ရှောင်ပြေးခိုခဲ့ကြောင်း ဒေသခံတို့ကပြောပြသည်။ ဓာတ်ပုံ - ခွန်လတ်

၂၀၁၁ တိုက်ပွဲကာလက ကျေးရွာသား ၁၀၀ ခန့်မှာ ဗန်းမော်နှင့် မိုးမောက်မြို့များသို့ စစ်ရှောင်ပြေးခိုခဲ့ကြောင်း ဒေသခံတို့ကပြောပြသည်။ ဓာတ်ပုံ – ခွန်လတ်

ရေအားလျှပ်စစ်စီမံကိန်းနှစ်ခုရဲ့ ဇာတ်လမ်းတစ်ပုဒ်

Frontier က ကေအိုင်အိုဌာနချုပ် လိုင်ဇာမှ တာပိန်ဆည်သို့ သွားရောက်ခဲ့သည်။ နှစ်နာရီကြာခရီးစဉ်မှာ လေးဘီးယက်ကားနှင့်သာ သွားနိုင်သည့် မြေသားလမ်းအတိုင်း သွားခဲ့ရသည်။ လမ်းက တရုတ်နှင့်နယ်စပ်ဖြစ်သည့်  မိုင်းလိုင်ချောင်းတလျှောက် တောင်ဘက်သို့ ကွေ့ကောက်သွားပြီး ချောင်းက တာပိန်မြစ်ထဲသို့ စီးဝင်ကာ တြိဂံနယ်ခြားဒေသအသွင်ဆောင်နေသည်။

တာပိန်မြစ်ကို ဖြတ်ပြီးနောက် လမ်းက မြေမြုပ်မိုင်းများရှိသည်ဆိုသည့် သတိပေးဆိုင်းဘုတ်တစ်ခုတွင် လမ်းချိုးသည်။ တောင်ဘက် တစ်ကီလိုမီတာခန့်အကွာတွင် တာပိန် – ၁ နှင့် ကေအိုင်အေတပ်စခန်းရှိသည်။ မြောက်ဘက်သို့ တာပိန်မြစ်အတိုင်း နောက်ထပ်တစ်ကီလိုမီတာခန့်သွားလျှင် ကေအိုင်အိုနယ်တွင်ရှိနေသည့် အူမာကာဇပ်ကျေးရွာသို့ ရောက်သည်။

မြစ်ဘေးတွင် အိမ်ငယ်လေးများ ဒါဇင်အနည်းငယ် ရှိနေသည့်ရွာမှာ Frontier ၏ကား မောင်းဝင်လာချိန်၌ လူသူကင်းမဲ့နေဟန်ရှိသည်။ ခဏအကြာတွင် ဒေသခံအချို့က သတိဖြင့်ချဉ်းကပ်လာပြီး ကျွန်တော်တို့ ဘယ်သူဘယ်ဝါဆိုသည်ကို ဂျိန်းဖောစကားဖြင့်မေးလာရာ သင်္ကာမကင်းလေသံပါနေသည်။

ပဋိပက္ခမဖြစ်ခင်က ရွာတွင် လူ ၁၀၀ ခန့်နေထိုင်ခဲ့သော်လည်း ပဋိပက္ခဖြစ်ချိန် ၂၀၁၁ ခုနှစ်တွင် လူအများစုမှာ ဗန်းမော်နှင့် မိုးမောက်သို့ ထွက်ပြေးခဲ့ကြသည်ဟု ၎င်းတို့ကရှင်းပြသည်။ လူ ၃၀ ခန့်မှာ မကြာခင်ပြန်လာပြီး စွန့်ပစ်ထားခဲ့သော အိမ်နီးချင်းဟောင်းများ၏ နေအိမ်များတွင် နေထိုင်လျက်ရှိသည်။

တာပိန်မြစ်၏ မျက်နှာချင်းဆိုင်ကမ်းခြေပေါ် တရုတ်ပိုင်မြေပေါ်၌ ကြီးမားသည့် ပန်းရောင်အဆောက်အအုံကြီး တစ်ခုရှိသည်။ ယင်းမှာ ရေအားလျှပ်စစ်စက်ရုံတစ်ခုနှင့် သိပ်မတူသော်လည်း Daying 4 ရေအားလျှပ်စစ်စက်ရုံအဖြစ် သိထားကြသည်။ Water က ထုတ်ဝေခဲ့သည့် စစ်တမ်းအရ ထိုစက်ရုံကို ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး တပ်ဆင်အားမှာ ၈၇၅ မဂ္ဂါဝပ်ဖြစ်သည်။ စက်ရုံ၏နောက်ဘက်ရှိ တောင်ကုန်းများပေါ်တွင် ၂၂၀ ကီလိုဗို့ ဓာတ်အားပို့လွှတ်သည့် ကြိုးကို သွယ်တန်းထားသည်။

ဓာတ်အားထုတ်လုပ်ရန် တာပိန်မြစ်မှ ရေကို ၁၇ ကီလိုမီတာရှိ လမ်းလွှဲဥမင်လိုဏ်ခေါင်းမှတဆင့် ဖြည့်ဆည်းပေးသည်။ ယင်းမှာ တောင်များဖြတ်သန်းကာ အူမာကာဇပ်၏ မျက်နှာချင်းဆိုင်တွင် ပေါ်ထွက်လာသည်။

တရုတ်ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် Duoyuan သည် ကေအိုင်အိုနှင့် သဘောတူညီမှု တစ်ခုရရှိပြီးနောက် Daying 4 ကို တည်ဆောက်ခဲ့သော်လည်း မြန်မာအစိုးရ၏ အတည်ပြုချက်မပါရှိခဲ့ပေ။ နိုင်ငံ၏ နယ်ခြားအမှတ်ဖြစ်ပြီး တချိန်က အားကောင်းခဲ့သော Daying 4 ၏ မြစ်ညာဘက်မှာ ခြောက်သွေ့သည့် ချောင်းတစ်ခု၏ကြမ်းပြင်ထက် မဆိုစလောက်သာ ပိုလေ့ရှိသည်။

စီမံကိန်းနှစ်ခုအကြောင်း မေးသည့်အခါ ရွာသားများက Daying 4 မှ ဓာတ်အားဝယ်ရသည်ဟု ဒေသခံ ထောဒေါင်အောင် Htaw Dao Awng က ပြောသည်။ သို့သော်လည်း ဈေးကြီးပြီး တစ်ယူနစ်ကို ကျပ်၂၀၀ ဝန်းကျင်ရှိကာ မြန်မာဘက်ခြမ်းက ကောက်ခံသည်ထက် ခြောက်ဆနီးပါးရှိသည်။

“ကျွန်မတို့တတ်နိုင်ရုံလေးပါ။ ကျွန်မတို့ တကယ်လိုလားတာက ကချင်အစိုးရ (ကေအိုင်အိုကို ရည်ညွှန်းသည်)၊ ဒါမှမဟုတ် မြန်မာအစိုးရဆီက ဓာတ်အားရဖို့ပါ” ဟု သူကပြောသည်။

မြစ်အောက်ဘက် သုံးကီလိုမီတာပင်မဝေးသည့် နေရာတွင် ကေအိုင်အေစစ်သားများမှာ ၎င်းတို့၏ ရွက်ဖျင်တဲတွင် အပန်းဖြေနေသည်။ ရံဖန်ရံခါ တာပိန် – ၁ ရေလှောင်ကန်၏ တည်ငြိမ်နေသည့် ရေပြင်နှင့် အနီးရှိ တပ်မတော်စခန်းကို ထထ ကြည့်လေ့ရှိသည်။တာပိန်ဆည်၏ တရုတ်ပြည်ဘက်ခြမ်းမှ ဓာတ်အားလိုင်းများကို တွေ့ရစဉ်။ ဓာတ်ပုံ - ခွန်လတ်

တာပိန်ဆည်၏ တရုတ်ပြည်ဘက်ခြမ်းမှ ဓာတ်အားလိုင်းများကို တွေ့ရစဉ်။ ဓာတ်ပုံ – ခွန်လတ်

စကားနှင့်ရော ကျည်ဆံများနှင့်ပါ အပြန်အလှန် စစ်ထိုးနေကြ

၂၀၁၁ ခုနှစ်က ဒါးပိန်တွင် တိုက်ခိုက်မှုများ မည်သို့ဖြစ်လာရသည်ဆိုသည်နှင့်ပတ်သက်၍ တပ်မတော်နှင့် ကေအိုင်အေတို့၏ ပြောဆိုချက်များမှာ သိသိသာသာပင် ကွဲပြားနေသည်။ ထိုစဉ်ကစခဲ့သော တိုက်ခိုက်မှုမီးပွားမှာ ယခုချိန်ထိ ဆက်လက်တောက်လောင်လျက်ရှိသည်။

ဇွန်လ ၈ ရက်တွင် ဆည်အနီးရှိ ကေအိုင်အေစစ်သားများက တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားသဖြင့် ထိုအဖမ်းခံစစ်သားကို လွှတ်ပေးရန် ဆွေးနွေးညှိုနှိုင်းရန် ကြိုးစားခဲ့သော တပ်မတော်အရာရှိ နှစ်ဦးကိုပါ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု တပ်မတော်က စွပ်စွဲသည်။

ထိုအချိန်က အစိုးရမီဒီယာသတင်းအရ ဇွန်လ ၉ ရက်တွင် တပ်မတော်စစ်ကြောင်းတစ်ခုကို ကေအိုင်အေတပ်က စတင်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ ဤသည်မှာ တကျော့ပြန်တိုက်ခိုက်မှုကို တရားဝင် ပြန်လည်ပြုလုပ်ကြသည့် သဘောပင်ဖြစ်သည်။ ဇွန် ၁၁ ရက်တွင် ကေအိုင်အေတို့အား ဆုတ်ခွာထွက်သွားရန် တပ်မတော်က အမိန့်ပေးခဲ့သည်။ ကေအိုင်အေတို့က ငြင်းဆန်ခဲ့သောကြောင့် တပ်မတော်မှာ မလွှဲမရှောင်သာဘဲ ကေအိုင်အေယာယီစခန်းကို တိုက်ခိုက်ကာ ဇွန် ၁၁ ရက် ညနေတွင် သိမ်းပိုက်ခဲ့သည်ဟု ထိုအချိန်က အစိုးရသတင်းစာ မြန်မာ့အလင်း၌ သတင်းဖော်ပြခဲ့သည်။

တရုတ်အလုပ်သမားပေါင်းများစွာမှာ တိုက်ပွဲများကြောင့် ထိုနေရာတွင် တစ်ပတ်ကြာ ပိတ်မိနေခဲ့ကြသည်။ ဇွန်လ ၁၄ ရက်ကျမှသာ သယ်ထုတ်နိုင်ခဲ့ကြသည်။ “ကေအိုင်အေတို့အား တပ်မတော်က တိုက်ခိုက်ခဲ့ရခြင်း၏ တခုတည်းသော ရည်ရွယ်ချက်မှာ တပ်မတော်သားများနှင့် နိုင်ငံအတွက် အရေးပါသော ရေအားလျှပ်စစ်စီမံကိန်းကို ကာကွယ်ရန်သာဖြစ်ပြီး ကျူးကျော်လိုခြင်း၊ ဖိအားပေးလိုခြင်းရည်ရွယ်ချက် တစက်မျှ မရှိပါဟု” မြန်မာ့အလင်းသတင်းစာတွင် ရေးသားခဲ့သည်။

သို့သော် ကေအိုင်အေ၏ ပြန်ကြားရေးက နောက်ပိုင်းတွင် ဤသို့ထုတ်ပြန်ခဲ့သည်။ ရဲတပ်သားတစ်ဦးနှင့် တပ်မတော်အရာရှိနှစ်ဦးမှာ မိမိနယ်မြေပေါ် ကျူးကျော်ဝင်ရောက်လာသောကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်းဖြစ်ပါသည်။ ဇွန်လ ၉ ရက် နံနက်စောစောတွင် ဆည်အနီးရှိ မိမိတို့ရှေ့တန်းစခန်းကို တပ်မတော်က တိုက်ခိုက်ပြီး ကေအိုင်အေတပ်မှ အရာရှိတစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။ ကေအိုင်အေတပ်က ဆုတ်ခွာပေးခဲ့သော်လည်း တပ်မတော်က ဆက်လက်တိုက်ခိုက်နေခဲ့သည်။ ထိုနေ့ နှောင်းပိုင်းတွင် အကျဉ်းသားချင်းလဲလှယ်ရန် နှစ်ဘက်သဘောတူခဲ့ကြသည်။

တပ်မတော်က ပြန်လွှတ်ပေးလိုက်သော ကေအိုင်အေစစ်ဗိုလ်မှာလည်း ရရှိထားသည့်ဒဏ်ရာဖြင့်ပင် ထိုနေ့ ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။ သို့သော် ကေအိုင်အေက ၎င်းတို့ ဖမ်းဆီးထားသော တပ်မတော်အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ပါသည်ဟု ကေအိုင်အေက ဖော်ပြသည်။ ထို့နောက် တပ်မတော်က အင်အားဖြည့်တင်းပြီး ကေအိုင်အေတို့ကို ဆုတ်ခွာသွားရန် ရာဇသံပေးသည်။ ကေအိုင်အေက ၎င်းတို့နယ်မြေမှ ဆုတ်ခွာရန် ငြင်းဆိုသောအခါ ကချင်ပြည်နယ်တွင် စစ်ပွဲပြန်ဖြစ်ခဲ့ရသည်။

အခန်းဆက်ဆောင်းပါးများ

ကချင်ပြည်နယ်၊ ရေအားလျှပ်စစ်စီမံကိန်းများ၊ ပဋိပက္ခတိုက်ပွဲများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတို့ကို လေ့လာဆန်းစစ်ထားသော ဆောင်းပါး ပထမပိုင်းဖြစ်ပါသည်။ ထိုဆောင်းပါးရေးရာတွင် Pulizer Center on Crisis Reporting က ပံ့ပိုးမှုပေးခဲ့ပါသည်။ နောက်ထုတ်မည့် Frontier စာစောင်တွင် ကချင်ပြည်နယ်မြောက်ပိုင်း၌ စွန့်ပစ်ထားခဲ့ပြီး လူတွေမေ့ပျောက်နေခဲ့သော ရေအားလျှပ်စစ်စီမံကိန်းဆီသို့ ကျွန်ုပ်တို့ သွားရောက်ပါမည်၊ ကြီးမားများပြားသောဆည်များ အဆင့်ဆင့်တည်ဆောက်ပြီး နောက်ဆုံးတွင် ၆,၀၀၀ မဂ္ဂါဝပ်ထုတ်မည့် ‘မြစ်ဆုံ’ ဆည်ဆောက်မည့် ဆည်အဆင့်ဆင့်ထဲမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ကေအိုင်အေစစ်သားတစ်ဦး ဆည်ပေါ်မှကြည့်နေပုံ။ ဓာတ်ပုံ – ခွန်လတ်

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar