စစ်တွေအနီးက ရိုဟင်ဂျာစခန်းမီးလောင်မှု ခြောက်ဦးသေဆုံး

အေအက်ဖ်ပီ

ရခိုင်ပြည်နယ်က ရိုဟင်ဂျာစခန်းတစ်ခုမှာ အောက်တိုဘာ ၁၉ ရက်နေ့ အစောပိုင်းက မီးလောင်ကျွမ်းမှုကြောင့် ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ မီးသတ်တပ်ဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီက ရေးသားထားပါတယ်။

ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးရောက်ရှိနေကြတဲ့ ရိုဟင်ဂျာမူဆလင် ခုနစ်သိန်းကျော်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်နေကြပေမယ့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အနီးက ပြည့်ကြပ်နေတဲ့ စခန်းတွေမှာလည်း ရိုဟင်ဂျာ ၁၂၉,၀၀၀ လောက် နေထိုင်နေကြပါတယ်။ နိုင်ငံတကာရဲ့ မြင်ကွင်းကနေ မေ့ပျောက်ခံနေရတဲ့ သူတို့ဟာ ၂၀၁၂ ခုနှစ် အကြမ်းဖက် ပဋိပက္ခတွေနောက်ပိုင်း သူတို့နေအိမ်တွေကို စွန့်ခွာပြီး အဲဒီ စခန်းတွေမှာ ပြောင်းရွှေ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်က လူ့အသိုင်းအဝိုင်းနှစ်ခုကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း လူရာပေါင်းများစွာ သေကြေခဲ့ကြရပါတယ်။

စစ်တွေမြို့ကနေ ၁၅ မိုင်လောက်ကွာဝေးပြီး လူပေါင်း ၄၀,၀၀ လောက် နေထိုင်ကြတဲ့ အုန်းတောချေစခန်းမှာ လောင်ကျွမ်းခဲ့တဲ့မီးဟာ သန်းခေါင်ယံအချိန်လောက်က စတင်ခဲ့ပြီး နာရီအတန်ကြာအောင် လောင်ကျွမ်းခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ အရာရှိ ဦးဟန်စိုးက အေအက်ဖ်ပီကို ပြောပါတယ်။

“ခြောက်ယောက်၊ အမျိုးသားတစ်ယောက်၊ အမျိုးသမီးငါးယောက် သေဆုံးတယ်” လို့ သူက ပြောပါတယ်။ မီးဖိုချောင်က စတင်ခဲ့တဲ့မီးဟာ အိမ်တန်းလျားရှည်ခြောက်လုံးကို လောင်ကျွမ်းသွားတယ်လို့ သူက ဆိုပါတယ်။

“မနက် ၁ နာရီ ၁၀ မိနစ်မှာ မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး ၃ နာရီလောက်မှာ လုံးဝငြှိမ်းသတ်နိုင်ခဲ့တယ်” လို့ သူက ပြောပါတယ်။

မီးလောင်မှုကြောင့် လူပေါင်း ၈၂၂ ဦးဟာ အမိုးအကာမဲ့သွားရတယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။

ရိုဟင်ဂျာတွေ နေထိုင်နေကြတဲံ အဲဒီစခန်းတွေရဲ့ အခြေအနေဟာ ဆိုးရွားလှပြီး စခန်းမှာ နေထိုင်သူတွေအနေနဲ့လည်း ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်စတာတွေမှာ ကန့်သတ်ထားမှုကို ခံနေရပါတယ်။ သူတို့ဟာ အကူအညီပေးရေးအေဂျင်စီက ပေးဝေနေတဲ့ စားနပ်ရိက္ခာတွေကိုပဲ မှီခိုအားထားနေကြရပါတယ်။

စခန်းတွေကို ဝင်ထွက်သွားလာမှုကိုလည်း တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပါတယ်။ အဲဒါကြောင့် စခန်းတွင်းနေထိုင်သူတွေဟာ ပြင်ပလောကနဲ့ အဆက်ပြတ်နေပြီးတော့ သူ့တို့ရဲ့ ဒုက္ခတွေဟာလည်း မေ့ပျောက်ခံဖြစ်နေပါတယ်။

စခန်းတွေဟာ “အလွန်အမင်း” ပြည့်လျံနေတာကြောင့် မီးလောင်မှုတွေဟာ ဖြစ်လေ့ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရုံး (OCHA) ထံက သိရပါတယ်။

“စခန်းအများအပြားမှာ လူတွေက သူတို့မိသားစုနေထိုင်ဖို့ အပိုနေရာ ရရှိအောင် သူတို့နေရာတွေကနေ အဖီတွေ ထုတ်ထားလေ့ရှိတယ်။ အဲဒါကြောင့် မီးလောင်တဲ့အချိန် အလျှင်အမြန်ပဲ ပြန့်နှံ့သွားပုံရပါတယ်” လိုပ OCHA ရဲ့ ပြောရေးဆိုခွင့်ရှိသူ Pierre Peron က ပြောပါတယ်။

စစ်တွေကနေ စခန်းကိုလာတဲ့လမ်းတွေ မကောင်းတဲ့အတွက် မီးသတ်ကားတွေ ရောက်ရှိတာ နှေးကွေးခဲ့တယ်လို့ အနီးနားက စခန်းတစ်ခုမှာ နေထိုင်တဲ့ ဦးလှဝင်းက အေအက်ဖ်ပီကို ပြောပါတယ်။ ရေမရှိတာကလည်း မီးငြှိမ်းသတ်ရေးအတွက် အတားအဆီးဖြစ်စေတယ်လို့ သူကပြောပါတယ်။

“စခန်းတွေနားမှာ ရေကန်မရှိဘူး” လို့ သူက ပြောပါတယ်။ “အဲဒါကြောင့် မီးက အများကြီး ဖျက်စီးသွားတာ” လို့ သူကဆိုပါတယ်။

စစ်တွေမြို့အနီးက စခန်းပေါင်း ၂၀ နီးပါးကို လာမယ့်လတွေအတွင်း ပိတ်တော့မယ်လို့ မြန်မာအစိုးရက ပြောကြားထားပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar