ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရက်စက်မှုတွေအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ့တပ်မတော်က အရာရှိကြီးငါးဦးကို ဒဏ်ခတ် ပိတ်ဆို့အရေးမယ်လို့ သြစတြေးလျက အောက်တိုဘာ ၂၃ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
အရေးယူမှုတွေမှာ ပါဝင်တဲ့သူတွေကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဗိုလ်ချုပ်မောင်မောင်စိုး၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်ချုပ်ခင်မောင်စိုးတို့ ဖြစ်ကြပါတယ်။
လူမဆန်တဲ့ ရက်စက်မှုတွေက ကျူးလွန်ခဲ့ကြတဲ့ စစ်ဆင်ရေးတွေကို အမိန့်ပေးခဲ့ကြတယ်လို့ ယုံကြည်ရတဲ့ အဲဒီအရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမှာ ဖြစ်သလို သူတို့အနေနဲ့ သြစတြေးလျကို လာရောက်ခွင့်ကိုလည်း ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်ခတ်ခံရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ငွေကြေးဆိုင်ရာ ဆက်နွယ်မှု မပြုလုပ်ဖို့လည်း တားမြစ်ထားပါတယ်။
သူတို့ငါးဦးဟာ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကိုလည်း ခံထားရပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောဟာ ၂ဝ၁၅ ခုနှစ် သြဂုတ်လမှ ၂ဝ၁၇ ခုနှစ်အကုန်ထိ အမှတ်-၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်ခဲ့ပါတယ်။ စစ်ဆင်ရေး အထူးအဖွဲ့ဟာ တပ်မတော်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ကို ကြီးကြပ်ရပြီး ရိုဟင်ဂျာတို့အပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုများအတွက် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောမှာ တာဝန်ရှိတယ်လို့ ဥရောပသမဂ္ဂက ပြောကြားထားပါတယ်။
၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာကနေ ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာအထိ အနေုာက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ကို ဦးဆောင်ရတဲ့ ဗိုလိချုပ်မောင်မောင်စိုးကတော့ အမေရိကန်နဲ့ ကနေဒါတို့ရဲ့ အရေးယူမှုကိုလည်း ခံထားရပါတယ်။ ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေကို ဆောင်ရွက်ခဲ့တဲ့ တပ်မ ၉၉ ကိုတော့ ဗိုလ်မှူးချုပ် သန်းဦးက ဦးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ငါးဦးအနက် ဗိုလ်ချုပ်မောင်မောင်စိုးဟာ တပ်မတော်ကနေ ထုတ်ပယ်ခံခဲ့ရပြီးဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇောဟာလည်း တပ်မတော်ကနေ နုတ်ထွက်သွားပြီး ဖြစ်ပါတယ်။ ကျန်သုံးဦးကတော့ တပ်မတော်မှာ ဆက်လက် တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။