The charred remains of a South Dagon Township ward administration office are seen after residents burned the office down in defiance of the junta's attempt to install its own appointee.
တောင်ဒဂုံမြို့နယ်ရှိ မီးရှို့ခံရ၍ ပြာကျသွားသော ရပ်ကွက်အုပ်ချုပ်ရေးရုံးတစ်ခုကို မြင်တွေ့ရစဉ်။

စစ်ကောင်စီလက်အောက်မှာ အသက်မဝင်နိုင်သေးတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးယန္တရား

အာဏာသိမ်းမှုအလွန်တွင် တပ်မတော်သည် ဒေသန္တရအုပ်ချုပ်ရေးယန္တရားအသက်ဝင်အောင် ရုန်းကန်နေရဆဲဖြစ်သည်။ စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများသည် မကြာခဏဆိုသလို ပစ်မှတ်ထားတိုက်ခိုက်ခံရသဖြင့် မြန်မာနိုင်ငံအတွင်း နေရာအတော်များများတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ခြင်းမရှိသေးပေ။

ဖရွန်းတီးယားမြန်မာ

သာကေတမြို့နယ်၊ အမှတ်(၇) အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်သည် မေ၃ရက်၊ ညနေ၃နာရီခန့်တွင် ရပ်ကွက်အတွင်း မြေနီလမ်းပေါ်ရှိ အုပ်ချုပ်ရေးမှူးရုံးသို့ တစ်ဦးတည်း လာရောက်၍ ရုံးထိုင်ခဲ့သည်။ ရည်ရွယ်ချက်ကား ရပ်ကွက်အတွင်းနေသူများ မပျက်မကွက် ဧည့်စာရင်းတိုင်ရေးဖြစ်သည်။

“ပုံမှန်ကတော့ နှစ်ယောက်ရုံးထိုင်တာ။ အဲဒီနေ့တော့ သူက တစ်ယောက်တည်း အစောကြီးလာဖွင့်တယ်။ သူကလည်း ဝီရိယ ကောင်းတယ်လေ”ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သည့် အသက်၃၀ဝန်းကျင်ခန့် အမျိုးသားတစ်ဦးက ပြောသည်။

ရပ်ကွက်ရုံးဖွင့်ပြီး ၁၅မိနစ်ခန့်အကြာတွင် နှာခေါင်းစည်းတပ်ဆင်ထားသော လူငယ်သုံးဦး ဆိုင်ကယ်စီး၍ ရောက်လာသည်။ တစ်ဦးက အပြင်တွင်ရပ်စောင့်နေပြီး နှစ်ဦးက ဧည့်စာရင်းတိုင်ရန်ဟုဆိုကာ ရပ်ကွက်ရုံးထဲသို့ ဝင်သွားသည်။

“ဧည့်စာရင်းတိုင်ဖို့ လာတာပြောတယ်။ ခနနေတော့ သုတ်သီးသုတ်ပျာနဲ့ ပြန်ထွက်လာပြီး ဆိုင်ကယ် မောင်းထွက်ပြီး ပြေးသွားတာပဲ”ဟု အဆိုပါ သတင်းရင်းမြစ်ကပင် ပြောသည်။

“ပြီးတော့ ဦးသက်ပိုင် ထွက်လာတယ်။ ခန္ဓာကိုယ်မှာ သွေးတွေနဲ့။ ဓားဒဏ်ရာတွေရောပဲ။ သွေးတွေကတော့ အများကြီးပဲ”ဟု ၎င်းက လွန်ခဲ့သည့် မေလဆန်းက အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသည်။

ဦးသက်ပိုင်ကို ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ကြသော်လည်း ရရှိသောဒဏ်ရာပြင်းထန်သဖြင့် ယင်းနေ့၊ ညနေ၄နာရီခွဲတွင် သေဆုံးခဲ့သည်။ ရပ်ကွက်အနီး ဘုန်းကြီးကျောင်းတွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာမှတ်တမ်းများအရ ဦးသက်ပိုင်ကို ဓားဖြင့်ထိုးသတ်သွားသူများမှာ လူငယ်သုံးဦးဖြစ်ကြောင်း ရပ်ကွက်နေပြည်သူအချို့က ဆိုသည်။

“ဘယ်သူတွေလဲ၊ ဘာတွေလဲ မသိဘူး။ အုပ်ချုပ်ရေးမှူးကတော့ သေသွားတယ်”ဟု ရပ်ကွက်နေ အမျိုးသားက ပြောသည်။

သာကေတမြို့နယ်၊ အမှတ်(၇)အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးသက်ပိုင်သည် ဖေဖော်ဝါရီ၁ရက် အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီက ပြန်လည်ခန့်အပ်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနက် ပထမဆုံးလုပ်ကြံသတ်ဖြတ်ခံခဲ့ရသူဟု ဆိုနိုင်သည်။

ထိုဖြစ်စဉ်နောက်ပိုင်း အလားတူဖြစ်ရပ်များက တိုင်းပြည်အတွင်း နေရာအနှံ့တွင် ခပ်စိတ်စိတ် ဖြစ်လာသည်။ ဦးသက်ပိုင်လုပ်ကြံခံရပြီး သုံးရက်ခန့်အကြာတွင် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမည်မသိလူနှစ်ဦးက ဓားဖြင့်ထိုးသတ်ခဲ့သည်။ အလားတူ မေ၉ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို လူငါးဦးက သေနတ်ဖြင့်ပစ်ခတ်၍ လုပ်ကြံသတ်ဖြတ်ခဲ့သည်။ မေ၃ရက်မှစ၍ ယခုချိန်အထိ လုပ်ကြံသတ်ဖြတ်ခံရသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးအရေအတွက်မှာ ၁၀ဦးထက်မနည်းရှိပြီဖြစ်သည်။

လက်ရှိအချိန်တွင် အရပ်က​ “အုပ်ကြီး”ဟု ခေါ်သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်ရင်း မိမိကိုယ်တိုင်ကလည်း အန္တရာယ်လက်တစ်ကမ်းအကွာ ရောက်ရှိနေသကဲ့သို့ ဖြစ်သည်။

‘သူတို့ တော်တော်ကြောက်နေတယ်’

“သူတို့က ရပ်ကွက်အုပ်ချုပ်ရေးရုံးကို ပြန်လည်ပတ်ဖို့ ကြိုးစားတာပဲ”ဟု မရမ်းကုန်းမြို့နယ်၊ အမှတ်(၄) ရပ်ကွက်တွင်နေထိုင်သည့် ကိုနှင်းဦး (အမည်လွှဲ)ကပြောသည်။

ကိုနှင်းဦးတို့ ရပ်ကွက်သူ၊ ရပ်ကွက်သားများသည် စစ်တပ်အာဏာသိမ်းမှုကို မနှစ်မြို့သဖြင့် ဖေဖော်ဝါရီ ကတည်းက ရပ်ကွက်အုပ်ချုပ်ရေးရုံးများ ပြန်မဖွင့်နိုင်အောင် စစ်ကောင်စီနှင့် မပူးပေါင်းခြင်းဖြင့် ဖိအားပေးခဲ့ကြသည်။

သို့သော် ဆန္ဒပြပွဲများကို အရှိန်မြှင့်ဖြိုခွင်းခဲ့သည့် မတ်လနှောင်းပိုင်းတွင်မူ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များသည် အမှတ်(၄)ရပ်ကွက်ကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့သည်။ ဧပြီ၂၆ရက်၊ ညနေပိုင်းတွင်မူ ရဲနှင့်စစ်သားများ တင်ဆောင်ထားသော ပစ်ကပ်ကားနှစ်စီးနှင့် အဖြူရောင်စလွန်းကားတစ်စီးတို့ အဆိုပါရပ်ကွက်အတွင်းသို့ ဝင်ရောက်လာသည်။ ရှေ့ဆုံးကကားတွင် တပ်ဆင်ထားသည့် လော်စပီကာမှလည်း ကျယ်လောင်သော သတိပေးသံတစ်ခု ထွက်ပေါ်လာသည်။

“မိဘပြည်သူများ ခင်ဗျား။ ရပ်ကွက်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လိုသူများ ပုန်းအောင်းနေတယ်လို့ သတင်းရရှိထားပါတယ်။ မိဘပြည်သူများအနေနှင့် နေအိမ်များတွင် ညအိပ်ညနေ၊ လာရောက်တည်းခိုသူများရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဧည့်စာရင်းတိုင်ကြားကြရန် အသိပေး အကြောင်းအကြားအပ်ပါတယ်။ ဧည့်စာရင်းလာရောက် တိုင်ကြားခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာအရေး ယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်”ဟု သတိပေးသံက ဆိုသည်။

“ဒါက အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်ရုံးက ပထမဆုံး လိုက်ကြေညာတာပဲ”ဟု ကိုနှင်းဦးက ပြောသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီအာဏာသိမ်းမှုအလွန်တွင် တိုင်းပြည်ကို နိုင်နိုင်နင်းနင်းအုပ်ချုပ်နိုင်ကြောင်း လက်တွေ့ပြသရန် လိုအပ်လာပြီဖြစ်ရာ အုပ်ချုပ်ရေးယန္တရား၏ အောက်ခြေလက်တံများဖြစ်သော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးစနစ် ပီပြင်လာအောင် ကြိုးပမ်းအားထုတ်ခြင်းလည်းဖြစ်သည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေဆိုတာ အုပ်ချုပ်ရေးယန္တရားရဲ့ အခြေခံယူနစ်ပဲ။ အဲဒါ မလည်ပတ်နိုင်ရင် အာဏာရတယ်လို့ ပြောလို့မရဘူး။ အဲဒီတော့ စစ်တပ်က ဒါကို အသက်ဝင်အောင်လုပ်ဖို့ ကြိုးပမ်းလာတာပဲ”ဟု အသက်၂၈နှစ်ရှိပြီဖြစ်သည့် ကိုလျန်းထက်က ပြောသည်။

တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော ကိုလျန်းထက်သည် မိတ်ဆွေများအနှင့်အတူ လှိုင်သာယာမြို့နယ်အတွင်း နေရာအချို့တွင် ရပ်ကွက်အုပ်ချုပ်ရေးယန္တရားများ မလည်ပတ်နိုင်အောင် အများပြည်သူကို လှုံ့ဆော်ခဲ့ကြသည်။ သို့သော် မတ်၁၄ရက်က လှိုင်သာယာရှိ ဆန္ဒပြပွဲများကို အလွန်ကြမ်းတမ်းသည့်ဖြိုခွင်းမှုဖြစ်စဉ်နောက်ပိုင်းတွင် ၎င်းတို့အဖွဲ့လှုပ်ရှားရာတွင် အစစ်အဆေး၊ တင်းကျပ်မှုများကြောင့် အခက်အခဲများ ကြုံတွေ့လာရသည်။

စစ်ကောင်စီသည် အုပ်ချုပ်ရေးယန္တရား၏ အောက်ခြေလက်တံများဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးရုံးများ ပြန်လည်ဖွင့်လှစ်ရေးကို စစ်အုပ်ချုပ်ရေး မာရှယ်လောကြေညာထားသည့် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ် တို့တွင် စတင်အသက်သွင်းခဲ့သည်။

စစ်အုပ်ချုပ်ရေးကြေညာပြီး ရက်သတ္တပတ်အကြာ မတ်၂၀ရက်ခန့်မှစတင်၍ ရွှေပြည်သာရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများကို ရဲနှင့်စစ်သားများ၏ အစောင့်အရှောက်ဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

“မတ်၂၀မှာ ပြန်ပြီး စဖွင့်တယ်။ ဖွင့်ပြီးတဲ့နောက် ဧည့်စာရင်းတွေ လာတိုင်ခိုင်းတယ်။ ရာအိမ်မှူးတွေကိုလည်း အရင်လူဟောင်းတွေကို ပြန်ခန့်တယ်”ဟု ရွှေပြည်သာမြို့နယ်အတွင်းက (ထ/၁၆)ရပ်ကွက်တွင် နေထိုင်သည့် အသက်၂၈နှစ်အရွယ်ရှိ ကိုအောင်ကျော်(အမည်လွှဲ)က ပြောသည်။

စစ်ကောင်စီသည် အဆိုပါမြို့နယ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးရုံးများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ပထမဆုံးလုပ်ဆောင်ချက်မှာ ရပ်ကွက်နေပြည်သူများကို ဧည့်စာရင်းတိုင်စေခြင်းဖြစ်သည်။ အဆိုပါ ဧည့်စာရင်းများကို အသုံးပြုပြီး ရပ်ကွက်များတွင် လူအဝင်အထွက်၊ ထိုမှတစ်ဆင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ခြေရာခံဖမ်းဆီးရန် ကြိုးပမ်းခြင်းလည်းဖြစ်သည်။

“ရုံးဖွင့်ပြီးရင် အစဆုံးလုပ်တာက ဧည့်စာရင်းပဲ။ ရပ်ကွက်တွေထဲမှာ ဘယ်သူရှိတယ်။ ဘာလုပ်တယ်ဆိုတာ တွေကို သူတို့က ထိန်းချုပ်ဖို့ ကြိုးပမ်းမှာပဲ”ဟု ကိုလျန်းထက်က ပြောသည်။

လှိုင်သာယာမြို့နယ်များတွင်လည်း မတ်၂၃ရက်မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးရုံးများကို ပြန်လည်ဖွင့်လှစ်စေခဲ့သည်။ အချို့ရပ်ကွက်များတွင် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး စသည့် ရပ်ကွက်အုပ်ချုပ်ရေးစနစ်တွင် ပါဝင်သူများ အဆင်သင့်မရှိဖြစ်နေခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွင်ပါဝင်ခဲ့သူများကို ပြန်၍ပင်တာဝန်ပေးအပ်ခဲ့ရသည်။

ထိုသို့ ပြန်လည်ခန့်အပ်ခံရသူများတွင် လှိုင်သာယာအမှတ်(၃)ရပ်ကွက်တွင်နေထိုင်သည့် ကိုကျော်ကြီး(အမည်လွှဲ) လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ၎င်းသည် အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် ရပ်ကွက်အတွင်း ရာအိမ်မှူးအဖြစ် တာဝန်ပေးအပ်ခံရသူလည်းဖြစ်သည်။

“ရပ်ကွက်ရုံးကို စစ်သားတွေ၊ ရဲတွေနဲ့ ဖွင့်ပြီးတော့ ကျနော့်ကိုပြန်ကူညီပေးနိုင်မလားဆိုပြီး ရုံးကိုခေါ်ပြီးတော့ ပြောတယ်”ဟု ၎င်းက ဧပြီ၂၃ရက်တွင် ပြောသည်။

ကိုကျော်ကြီး၏ အဆိုအရ လှိုင်သာယာမြို့နယ်နှစ်ခုတွင် ရပ်ကွက်အုပ်ချုပ်ရေးရုံးအချို့ ပြန်လည်ဖွင့်လှစ် နိုင်သော်လည်း အားလုံးတော့မဟုတ်ပေ။ ပြန်လည်ဖွင့်လှစ်နိုင်သည့် ရပ်ကွက်အုပ်ချုပ်ရေးရုံးတိုင်းလည်း အခြားအဆင့်များဖြစ်သော ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ခန့်ထားနိုင်ခြင်းမရှိပေ။

“ကျနော်တို့ရပ်ကွက်မှာဆိုရင် ကျနော်နေတဲ့အပိုင်းမှာ ရာအိမ်မှူး ၄၀လောက်ရှိတယ်။ အခုက ၁၀ယောက် ကျော်နဲ့ပဲ လည်ပတ်နေရတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ကိုကျော်ကြီးနှင့် လုပ်ဖော်ကိုင်ဖက် ရာအိမ်မှူးဟောင်းတစ်ဦးတို့မှာ မည်သည့်ရာထူးမျှ မရယူထားဘဲ အိမ်ထောင်စု ၁,၀၀၀ဝန်းကျင်ခန့်ရှိသည့် ၎င်းတို့ရပ်ကွက်အတွင်း ဧည့်စာရင်းတိုင်သည့် ကိစ္စအဝဝကို လိုက်လံဆောင်ရွက်ပေးသည့် တာဝန်ယူထားသည်။

ကိုကျော်ကြီးနှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်တို့မှာ ယင်းသို့တောင်းဆိုလာသည်ကို ငြင်းဆန်လျင်လည်း မဖြစ်။ ယခုလို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်နေသည်မှာလည်း အန္တရာယ်ကြီးလှပြီး ဘေးပတ်ဝန်းကျင်ကို အရိပ်တကြည့်ကြည့်ဖြင့် နေထိုင်ရသည်။

ယင်းမှာ စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ အပူသောကတစ်ခုလည်း ဖြစ်သည်။

ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး ခန့်အပ်နိုင်ခြင်းမရှိသည်မှာလည်း အခြားအကြောင်းအရင်းမဟုတ်ပေ။ လှိုင်သာယာမြို့နယ်အတွင်း ပြန်လည်ဖွင့်လှစ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများက အုပ်ချုပ်ရေးမှူးများက ဒေသခံအချို့အား ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများအဖြစ် တာဝန်ပေးခန့်အပ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ပေ။ အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားတွင်ပါဝင်ခြင်းကို အများပြည်သူ ငြိုငြင်မည်၊ အမျက်ဒေါသထွက်မည်ကို စိုးရိမ်ကြ၍ဖြစ်သည်။

“တချို့ကို မြို့နယ်(အုပ်ချုပ်ရေးဌာန)က ပြန်ခန့်တယ်။ မလုပ်ကြဘူး။ ကြောက်ကြတယ်”ဟု လှိုင်သာယာ၊ အမှတ်(၁)ရပ်ကွက်ရှိ ဒေါ်တင်ထွေး(အမည်လွှဲ)က ပြောသည်။ ဒေါ်တင်ထွေးသည် အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် အဆိုပါရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ခဲ့သည်။

“ရုံးဖွင့်တယ်။ ရုံးထိုင်တယ်။ ဧည့်စာရင်းတိုင်ခိုင်းတယ်။ ဒါပေမဲ့ လူမလောက်တော့ အလုပ်တွေကို ထင်သလောက်မလုပ်နိုင်ဘူး။ ရှင်းရှင်းပြောရရင် သူတို့ အပြည့်အဝ မလည်ပတ်နိုင်ဘူး”ဟု ၎င်းက ပြောသည်။

သာကေတ၊ အမှတ်(၇) အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်ပိုင် အသတ်ခံရသည့်ဖြစ်စဉ်မျိုးသည် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ခန့်အပ်ခံရသူများကို အမြဲတစေ ခြောက်လှန့်နေသည်။

“နောက်တစ်ယောက် ထပ်ခန့်ဖို့ မလွယ်ဘူး။ တော်တော်များက အသတ်ခံရမှာ ကြောက်တယ်လေ”ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

အမှတ်(၇)ရပ်ကွက်နေ ပြည်သူအချို့ကို ဖရွန်းတီးယားမြန်မာက ယခုသီတင်းပတ်တွင် ထပ်မံ၍ ဆက်သွယ်မေးမြန်းရာ အများစုက ဦးသက်ပိုင်ကို အစားထိုးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ် ခန့်အပ်ထားခြင်းရှိ၊ မရှိကို မသိကြပေ။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ အပြည့်အဝမလည်ပတ်နိုင်သည်မှာ မြို့စွန်ဆင်ခြေဖုံးရပ်ကွက်များသာ မဟုတ်ပေ။ မြို့တွင်းလူနေမှုသိပ်သည်းသော ဒေသများဖြစ်သည့် မရမ်းကုန်းနှင့် တောင်ဥက္ကလာပကဲ့သို့ မြို့နယ်များတွင်လည်း လက်ရှိအချိန်ထိ ရပ်ကွက်အုပ်ချုပ်ရေးရုံးများ ယခင်စာရင်းရှိ အင်အားအတိုင်း အပြည့်အဝ ပြန်၍မလည်ပတ်နိုင်သေးပေ။ ထို့ပြင် အဆိုပါမြို့နယ်များရှိ ပြန်ဖွင့်နေပြီဖြစ်သော အုပ်ချုပ်ရေးမှူးရုံးများကိုလည်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းတင်းကျပ်ကျပ် ယူထားသည်။

“အုပ်ချုပ်ရေးမှူးတွေက ရဲတွေ၊ စစ်သားတွေမရှိရင် ရုံးမထိုင်ရဲဘူး”ဟု တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်တွင် နေထိုင်သည့် အသက်၄၀အရွယ်ရှိ ဦးကျော်ဦး(အမည်လွှဲ)က ပြောသည်။

“တစ်ပတ်တစ်ရက်လောက်ပဲ ရုံးထိုင်တယ်။ ကျန်တာကို အိမ်မှာပဲ ဒိုင်လျှိုလေးလုပ်တယ်။ မလည်ပတ်တာတော့ မဟုတ်ဘူး။ ခိုးကြောင်ခိုးဝှက် လုပ်နေရတယ်”ဟု ၎င်းတို့နေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံး၏ အခြေအနေကို ဦးကျော်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးရုံးများကို လုံခြုံရေးတင်းကျပ်စွာဖြင့် ပြန်လည်ဖွင့်လှစ်ရခြင်းမှာ လုပ်ကြံသတ်ဖြတ်ခံရမှုကို ကာကွယ်ရန်အပြင် အခြားအကြောင်းအရင်းတစ်ရပ်ရှိနေသေးသည်။ မတ်လလယ်ခန့်ကစ၍ ရန်ကုန်ရှိ မရမ်းကုန်း၊ အင်းစိန်၊ စမ်းချောင်း၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် သာကေတ အစရှိသည့် မြို့နယ်များအပါအဝင် နေရာအတော်များများက ရပ်ကွက်အုပ်ချုပ်ရေး ရုံးများတွင် မီးလောင်မှုနှင့် ဗုံးပေါက်ကွဲမှုများ ခပ်စိတ်စိတ်ဖြစ်ပွားခဲ့သည်။

အဆိုပါလုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို ယခုချိန်အထိ တိတိကျကျမသိရှိရသေးပေ။

ဧပြီလအတွင်းက တောင်ဒဂုံရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးတစ်ရုံး မီးလောင်နေစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ပေါက်ကွဲမှုများ၊ မီးရှို့ခံရသည့်ဖြစ်စဉ်များကြောင့် တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်များတွင်လည်း အုပ်ချုပ်ရေးရုံးအချို့ ပြန်လည်ဖွင့်လှစ်သည့်တိုင် အပြည့်အဝလည်ပတ်နိုင်ခြင်းမရှိသေးပေ။ ရပ်ကွက်အချို့တွင် ဧည့်စာရင်းတိုင်သည့်အဆင့်ပင် မညွှန်ကြားနိုင်သေးကြောင်း တောင်ဒဂုံ၊ အမှတ်(၁၇)ရပ်ကွက်နေ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကျနော်တို့ ရပ်ကွက်ရုံးဖွင့်ဖို့ အုပ်ချုပ်ရေးမှူးက နေတဲ့သူတွေနဲ့ လာညှိတယ်။ ဒါပေမဲ့ ပြည်သူတွေက သဘောမတူဘူး။ အဲဒီတော့ ရုံးတော့ဖွင့်တယ်။ လာတော့ မထိုင်ဘူး”ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

“အဓိက,ကတော့ ကျနော်တို့ရပ်ကွက်နားက အမှတ်(၁၈)ရပ်ကွက်နဲ့ (၅၃) ရပ်ကွက်မှာ ဧပြီလတုန်းက ရုံးတွေ မီးလောင်ထားတယ်။ အဲဒီတော့ ရုံးမဖွင့်ရဲဘူး။ သူတို့ တော်တော်ကြောက်နေကြတယ်”

ကျေးလက်အုပ်ချုပ်ရေးလည်း အခြေမတည်နိုင်သေး

စစ်ကောင်စီသည် မြို့ကြီးများတွင်သာမက ကျေးလက်ဒေသများတွင်ပါ ၎င်း၏ အုပ်ချုပ်ရေးယန္တရားများကို အသက်သွင်းရန် ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲဖြစ်သည်။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြပွဲများကို လူသေစေသည်အထိ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့သည် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များကို ရရာလက်နက်များဖြင့် ပြန်လည်ခုခံလာကြသည်။

“မြို့ပေါ်ရပ်ကွက်တွေမှာကတော့ (ရပ်ကွက်အုပ်ချုပ်ရေး)ရုံးတွေပြန်ဖွင့်ထားတယ်။ ရွာတွေဘက်ကိုတော့ မထိန်းချုပ်နိုင်သေးဘူး”ဟု အသက်၂၈နှစ်အရွယ် ဒေသခံတစ်ဦးက ပြောသည်။

အထူးသဖြင့် ရွှေဘိုမြို့အနောက်ဘက်ရှိ အိမ်ခြေထောင်ချီရှိသော သီးလုံး၊ ကျားရွာ၊ ဆင်အင်းနှင့် မြင်းစီးစသည့် ကျေးရွာအုပ်စုများတွင် စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးခန့်အပ်ရန် အလွန်ခက်ခဲနေကြောင်း ဒေသခံများက ဆိုသည်။

ဧပြီ၂၉ရက်က သီးလုံးရွာတွင် ရွာသားများက စစ်ကောင်စီ၏ သတင်းပေးအဖြစ် ၎င်းတို့စွပ်စွဲထားသည့် “ဒလန်”များကို တိုက်ခိုက်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြားမြို့တစ်ခုဖြစ်သော ဒီပဲယင်းရှိ ကျေးရွာများတွင်မူ ကျေးရွာအုပ်ချုပ်ရေးမှူး အမည်စာရင်းကိုပင် တရားဝင်မကြေညာနိုင်သေးပေ။

“သူတို့ခန့်ထားတဲ့လူတော့ ရှိလိမ့်မယ်။ ဒါပေမဲ့ တရားဝင်လာမခန့်နိုင်သေးဘူး”ဟု ဒီပဲယင်းမြို့ခံတစ်ဦးဖြစ်သူ ကိုဖိုးအောင်က ပြောသည်။

ဒေသခံပြည်သူအများစုဖြင့် ဖွဲ့စည်းထားသည့် ဒေသန္တရကာကွယ်ရေးအဖွဲ့များ၏ရန်ကြောင့် စစ်ကောင်စီက ခန့်အပ်သည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် အများအားဖြင့် သတိကြီးကြီးထားကြရသည်။ အဆိုပါရပ်/ကျေးအုပ်ချုပ်ရေးစနစ်ကို ပြန်အသက်သွင်းရန် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးလက်ကာကွယ်ရေးအဖွဲ့များကို ပစ်မှတ်ထား၍ ဖမ်းဆီးဖြိုခွင်းလာသည်။ သို့တိုင် လက်ရှိအချိန်ထိ အပြီးတိုင်ချေမှုန်းနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်ဖွဲ့များက ကျေးလက်နေပြည်သူများကို ဖိအားပေး၍ ကျေးရွာအုပ်ချုပ်ရေးမှူးများ အတင်းခန့်ထားပါကလည်း ၎င်းတို့ပြန်သွားသည့်အချိန်တွင် အဆိုပါအုပ်ချုပ်ရေးမှူးများ အသက်အန္တရာယ်ကျရောက်ရသည်ဟု ကိုဖိုးအောင်က ဆိုသည်။ အထူးသဖြင့် ကျေးရွာကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို ပစ်မှတ်ထားတိုက်ခိုက်ကြကြောင်း ၎င်းကဆိုသည်။

“ဒီပဲယင်းမှာ ရွာ၆၃အုပ်စုရှိတယ်။ ၅၀လောက်မှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ (ဒေသခံများ မိမိကိုယ်ကိုယ် အုပ်ချုပ်ရန် ဖွဲ့စည်းထားသော အဖွဲ့များ) တွေက အားကောင်းနေတယ်။ အဲဒီတော့ ခန့်အပ်ဖို့က မလွယ်ဘူးဖြစ်နေတယ်”ဟု သူကပြောသည်။

ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် အုပ်ချုပ်ရေးယန္တရားလည်ပတ်ရန်  အဓိကကျသည့် အစိတ်အပိုင်းများဖြစ်ရာ ခုခံမှုများရှိနေသည့်တိုင် စစ်ကောင်စီက ၎င်းတို့ကို အမြန်ဆုံးခန့်အပ်၍ အုပ်ချုပ်ရေးရုံးများပြန်ဖွင့်ရန် ကြိုးပမ်းလာလိမ့်မည်ဟု ကိုလျန်းထက်က ခန့်မှန်းသည်။

“ရပ်ကျေးအုပ်ချုပ်ရေးမလည်ပတ်နိုင်ရင် စစ်ကောင်စီအတွက် အာဏာဆိုတော ဗလာနတ္တိပဲ”ဟု ၎င်းက ပြောသည်။ ရပ်ကွက်ရုံးများ မလည်ပတ်နိုင်အောင် လုပ်ဆောင်ခြင်းက အုပ်ချုပ်မှုယန္တရားကို ထိခိုက်စေကြောင်းလည်း ၎င်းက ထောက်ပြသည်။

အုပ်ချုပ်ရေးမှူးများရဲ့ သောက

မေ၃ရက်က ဦးသက်ပိုင်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သာကေတ အနောက်ရပ်ကွက်ရှိ နေအိမ်အချို့နှင့် လမ်းသွား၊ လမ်းလာများကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ကြောင်း ဒေသခံများကဆိုသည်။ ထို့ပြင် သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင်လည်း လုံခြုံရေးကို ပိုမိုတင်းကျပ်လာခဲ့သည်။

“ဓားထိုးမှုဖြစ်တဲ့နေ့က ကျမတို့ရပ်ကွက်ရုံးဆို ပိတ်ပါပိတ်လိုက်တယ်။ ရပ်ကွက်ရုံးမှာရှိတဲ့ လူတိုင်းကလည်း တုန်လှုပ်နေကြတယ်”ဟု သာကေတ အမှတ်(၁၀)၊ တောင်ရပ်ကွက်တွင်  နေထိုင်သူ ဒေါ်မိမိက ပြောသည်။

ဒေါ်မိမိနေထိုင်ရာ အမှတ်(၁၀)၊ တောင်ရပ်ကွက်သည် ဓားထိုးမှုဖြစ်ပွားခဲ့သော အမှတ်(၇) ရပ်ကွက်နှင့် မကမ်းမလှမ်းရှိ ရပ်ကွက်တစ်ခုလည်းဖြစ်သည်။ ထို့ပြင် အမှတ်(၁၀)၊ တောင်ရပ်ကွက်သည် လွန်ခဲ့သည့် ဧပြီလအတွင်းက အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ၍ ပျက်စီးခဲ့သော ရပ်ကွက်လည်းဖြစ်သည်။ အုပ်ချုပ်ရေးမှူးရုံးမရှိသည့်နောက်ပိုင်း ဓမ္မာရုံကို ရုံးအဖြစ် ယာယီအသုံးပြုလျက်ရှိသည်။

“နဂိုကလည်း ရပ်ကွက်ရုံးက မီးရှို့ခံထားရတယ်လေ။ သူတို့တော်တော်ကို တုန်လှုပ် ခြောက်ခြားနေတယ်”ဟု ဒေါ်မိမိက ပြောသည်။

ဒေါ်မိမိသည် မေ၄ရက်တွင် ဓမ္မရုံ၌ဖွင့်လှစ်ထားသည့် ယာယီအုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်းသွားတိုင်ခဲ့သည်။ ၎င်း၏ အဆိုအရ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အပြင်ဘက်တွင် သံဆူးကြိုးများ အထပ်ထပ် ချထား၍ အတားအဆီးများ ပြုလုပ်ထားသည်။ ဧည့်စာရင်းလာတိုင်သူများကိုလည်း ဓမ္မာရုံအတွင်းသို့ ပေးမဝင်ဘဲ အပြင်ဘက်တွင်သာ စောင့်ဆိုင်းစေသည်။

“အထဲကို ပေးမဝင်ဘူး။ ရုံးထဲကနေ လူတစ်ယောက်က စာရွက်၊ စာတမ်းတွေ လာယူတယ်။ ပြီးရင် အဲဒီလူကပဲ ဧည့်စာရင်းဖောင်ကို ပြန်ပေးတယ်။ တော်တော်ကို တင်းကျပ်ထားတယ်”ဟု ဒေါ်မိမိက ပြောသည်။

ဧည့်စာရင်းကိုလည်း ယခင်က တစ်ပတ်တစ်ခါ တိုင်ကြားရလေ့ရှိသော်လည်း ယခုတွင်မူ တစ်လတစ်ကြိမ်သာ လာရောက်တိုင်ကြားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောဆိုကြောင်း ဒေါ်မိမိက ဆိုသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် လူထုကို အလွန်ပင် ထိတ်လန့်နေသည်ဟု ၎င်းကရှုမြင်သည်။

“အရင်အပတ်က တစ်လ တစ်ခါလောက်တိုင်လို့မရဘူးလား မေးတော့ လုံးဝလက်မခံဘူး။ အခုတော့ တစ်လ တစ်ကြိမ်ပဲ တိုင်ခိုင်းတယ်”ဟု ဒေါ်မိမိက ပြောသည်။

 “သူတို့ကို အခုလို ထိတ်လန့်နေတာတွေကို ကြည်ပြီး ဧည့်စာရင်းလာတိုင်တဲ့သူတွေ ပြုံးစိစိဖြစ်နေကြတယ်။ ကျမတို့ဆို ရယ်မိမှာစိုးလို့ မနည်းထိန်းချုပ်ထားရတယ်”

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar