A member of a civilian defence force in Kani Township, Sagaing Region, holds his traditional tumi gun. (Frontier)
တူမီးသေနတ်ကိုင်ဆောင်ထားသည့် ကနီမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

စစ်ကိုင်းစစ်မျက်နှာတွင် စစ်ကောင်စီတပ်များကို အန်တုနေသည့်ဒေသခံများ

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်များကို လက်လုပ်သေနတ်များဖြင့်ပင် အထိနာအောင် အပြင်းအထန်တွန်းလှန်လျက်ရှိသည်။ သို့သော် အချို့အဖွဲ့များသည် မီးကျိုးမောင်းပျက် ရရာလက်နက်ဖြင့် မည်မျှကြာအောင် ဆက်လက်ခုခံနိုင်မည်ကို မှန်းဆ၍ စိုးရိမ်နေကြပြီး NUG အစိုးရ၏ အထောက်အပံ့ကို မျှော်လင့်နေကြသည်။

ဖရွန်းတီးယားမြန်မာ

ဧပြီ၂ရက်အစောပိုင်း ဝေလီဝေလင်းအချိန်တွင် ကနီမြို့နယ်ရှိ နေအိမ်၌ ဦးနွေဦးနေအိပ်စက်အနားယူနေစဉ် ၎င်းထံ ဖုန်းဝင်လာသည်။ တစ်ဘက်က ဆက်သွယ်လာသူမှာ ယင်းမာပင်မြို့ တောင်ဘက် သပြေအေးရွာက မိတ်ဆွေတစ်ဦးဖြစ်သည်။ ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၏ ခြောက်သွေ့သော မြေပြန့်လွင်ပြင်ကျယ်တစ်ခုတွင် တည်ရှိသည်။

ဆက်သွယ်လာသူ၏ အသံက လွန်စွာစိုးရွံ့ထိတ်ပြာလျက်ရှိသည်။ ဦးနွေဦးနေ ကြားသိလိုက်ရသည်မှာ စစ်သားနှင့် ရဲ ၁၀၀ဝန်းကျင်ခန့်သည် သပြေအေးရွာက ဆရာတော်အရှင်သောပါကကို ဖမ်းဆီးရန် နံနက်၃နာရီအချိန်ကတည်းက ရွာအတွင်းသို့ ဝင်ရောက်လာသည်ဟူ၍ ဖြစ်သည်။

သပြေအေးဆရာတော်ဟုလည်း လူသိများသည့် ဆရာတော်အရှင်သောပါကသည် ယင်းမာပင် နယ်တစ်ကြောတွင် စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုများကို တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားနေသည့် သံဃာတော်တစ်ပါးဖြစ်သလို အများပြည်သူက ကြည်ညိုလေးစားသည့် ဦးပဉ္စင်းတစ်ပါးလည်းဖြစ်သည်။

စစ်ကောင်စီဘက်က ရွာကိုဝင်စီးကာ စတင်ပစ်ခတ်ခဲ့ရာ ရွာသားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံထားရသည့် ရွာသားလေးဦးကို ဆရာတော်အရှင်သောပါကနှင့် အလဲအလှယ်လုပ်ရန် စစ်ကောင်စီတပ်များက ကမ်းလှမ်းသည်။ သို့ရာတွင် သပြေအေးရွာသားများက ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပြီး အခြားနယ်များမှ တပ်ကူများရောက်လာချိန်အထိ ဆက်လက်တောင့်ခံ၍ တိုက်ခိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

အခြေအနေကိုသိရှိသည်နှင့်တစ်ပြိုင်နက် ဦးနွေဦးနေလည်း လက်လုပ်အမဲလိုက် တူမီးသေနတ်ကို ကောက်လွယ်လိုက်ပြီး မကြာသေးမီကပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ထံမှ ဝယ်ယူထားသည့် လက်ပစ်ဗုံးနှစ်လုံးကို ခါးပိုက်ထောင်အတွင်းဝှက်၍ ဆိုင်ကယ်ဖြင့် ယင်းမာပင်ဘက်သို့ အပြေးမောင်းနှင်ခဲ့သည်။

ချင်းတွင်းမြစ်နှင့် အပြိုင်ယှဉ်လျက် တည်ရှိနေသည့် မုံရွာ-ကလေးဝ ကားလမ်းအတိုင်း မောင်းနှင်လာပြီးနောက် နေထွက်လာချိန်တွင်မူ မုံရွာ၊ ပုလဲ၊ ကနီနှင့် ယင်းမာပင်မြို့နယ်များရှိ အခြားရွာများက တူမီးသေနတ် ကိုင်ဆောင်ထားသော ရွာသားများလည်း အလျှိုလျှိုထွက်ပေါ်လာကြသည်။ ၎င်းတို့ပေါင်းစည်းမိသွားပြီးနောက် သပြေအေးရွာဘက်သို့ ချီတက်ခဲ့ကြသည်။

ဦးနွေဦးနေ သပြေအေးရွာသို့ ရောက်ရှိချိန်တွင်မူ နယ်အစုံက စုဝေးရောက်ရှိလာသော ထောင်နှင့်ချီသည့် တူမီးလက်နက်ကိုင်သည့် ဒေသခံများက ရွာကိုဝိုင်းထားလိုက်ကြပြီ ဖြစ်သည်။

ရွာသားများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား သုံးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သာလွန်အင်အားဖြင့် တိုက်ခိုက်နေသည့် တူမီးလက်နက်ကိုင် ရွာသားများဘက်က တိုက်ပွဲကို အသာစီးယူလာနိုင်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်ရတော့သည်။ မျက်မြင်သက်သေများနှင့် တိုက်ပွဲတွင် ပါဝင်သော အရပ်သားများ၏ အဆိုအရ ရဲနှင့်စစ်သား အနည်းဆုံး တစ်ဒါဇင်ခန့် သပြေအေးတိုက်ပွဲတွင် သေဆုံးခဲ့ပြီး အရပ်သားများဘက်ကမူ အကျအဆုံးမရှိဟု သိရသည်။

ယင်းသေဆုံးမှု ကိန်းဂဏန်းများအား ဖရွန်းတီးယားမြန်မာက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ ကိန်းဂဏန်း၊ အချက်အလက်များ အတည်ပြုရန် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

Members of a local civilian defence force in Kani Township, Sagaing Region. (Frontier)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အခြေခံလူတန်းစားထု၏ တော်လှန်ပုန်ကန်မှု

တူမီးသေနတ်ကိုင် ရွာသားများအတွက်မူ ဧပြီ၂ရက်တွင်ဖြစ်ပွားခဲ့သော သပြေအေးတိုက်ပွဲသည် စိတ်ဓာတ်မြှင့်တင်ပေးသည့် အောင်ပွဲတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယင်းနောက်ပိုင်းတွင် သပြေအေးသို့ ထပ်မံဝင်ရောက်ခြင်းမရှိတော့သလို ဆရာတော်အရှင်သောပါကလည်း ယနေ့ထက်တိုင် လွတ်မြောက်နေဆဲဖြစ်သည်။

ယင်းတိုက်ပွဲမတိုင်မီ တစ်လအလို၊ မုံရွာတွင် စစ်ကောင်စီတပ်များက ဆန္ဒပြပြည်သူများအား ကျည်အစစ်ဖြင့် စတင်ပစ်ခတ်၍ အကြမ်းဖက်ဖြိုခွင်းလာချိန်ကတည်းကပင် ယင်းမာပင်နယ်တစ်ကြောရှိ ကျေးရွာများတွင် ဒေသခံများက ကာကွယ်ရေးတပ်ဖွဲ့များ ကြိုတင်ဖွဲ့စည်းထားကြပြီးဖြစ်သည်။ သို့ရာတွင် သပြေအေးတိုက်ပွဲသည် ၎င်းတို့အတွက် စစ်ကောင်စီတပ်များနှင့် နဖူးတွေ့ဒူးတွေ့တိုက်ခိုက်ရသည့် ပထမဆုံးတိုက်ပွဲဖြစ်သည်။

ဆိုရလျှင် မတ်လဆန်းကတည်းကပင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးနှင့် တမူးမြို့နယ်များတွင် ဆန္ဒပြပြည်သူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စာတန်းများ၊ ကြွေးကြော်သံပါဆိုင်းဘုတ်များအစား တူမီးနှင့် အခြားရရာ လက်လုပ်လက်နက်များ ကိုင်ဆောင်လျက် စစ်ကောင်စီတပ်များကို စတင်ခုခံခဲ့ကြသည်။

ထိုကာလမှစ၍ နှစ်လတာကြာမြင့်လာချိန် ယခုအထိ စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ခုခံရေးတပ်ဖွဲ့များအကြား တိုက်ပွဲများသည် စစ်ကိုင်းတိုင်းဒေသကြီးတွင်သာမက မန္တလေးနှင့် မကွေးတိုင်းဒေသကြီး၊ ချင်းနှင့် ကယားပြည်နယ်တို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သည်။

ယင်းတိုက်ပွဲများသည် ကြီးမားကျယ်ပြန်သည့် အခြေခံလူတန်းစားကို ဗဟိုပြု၍ အောက်ခြေကအထက်သို့ ဆန်တက်သည့် ထကြွပုန်ကန်မှုဖြစ်သလို ယင်းတော်လှန်မှုအတွင်း ကျေးရွာအတော်များများက ဒေသခံများသည် ၎င်းတို့ဆန္ဒအလျောက် ရရာလက်နက် ဆွဲကိုင်ပြီး ကိုယ်ထူကိုယ်ထပါဝင်ကြသည်။

ယင်းမာပင်နယ်တစ်ကြော၌ မတ်လဆန်းကတည်းက ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များ စတင်ဖွဲ့စည်းရာတွင် ဆရာတော်ဦးသောပါကသည် စည်းရုံးလှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်ခဲ့သည်။ ရွာသားများအတွက် တူမီးသေနတ်များဖြင့်ပင် ပြုလုပ်ခဲ့ရသည့် အခြေခံစစ်သင်တန်းများ ဖြစ်မြောက်ရေးတွင် အခြားဒေသခံခေါင်းဆောင်များနှင့်အတူ ဆရာတော်လည်း ပါဝင်ကြီးကြပ်ပေးခဲ့သည်။

ချင်းတွင်းမြစ်အနောက်ဘက်၊ မုံရွာခရိုင်မြောက်ဘက်ခြမ်းက ကနီနှင့် ယင်းမာပင်နယ်များရှိ ကျေးရွာများတွင်မူ ဦးနွေဦးနေသည် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များကို ကူညီဖွဲ့စည်းပေးခဲ့သည်။ ဆရာတော် ဦးသောပါက ကဲ့သို့ပင် ဦးနွေဦးနေကလည်း စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးအခင်းအကျင်းသည် ငြိမ်းချမ်းစွာဆန္ဒပြရုံဖြင့် မရနိုင်သည်ကို ကြိုမြင်ထားခဲ့သည်။

“စစ်တပ် စပြီး အာဏာသိမ်းတဲ့ (ဖေဖော်ဝါရီ၁ရက်) နေ့ကတည်းက ဒီတိုင်းဆိုရင်တော့ လက်နက်ကိုင် တော်လှန်မှပဲ ရနိုင်မယ်ဆိုတာ သိခဲ့တယ်။ အဲဒါနဲ့ လက်နက်တွေ ရနိုင်သမျှ စစုတော့တာပဲ”ဟု ၎င်းက ဆိုသည်။

သို့သော် ဦးနွေဦးနေသည် စစ်ရေးအတွေ့အကြုံရှိသူတော့ မဟုတ်ချေ။ ရင်သွေးငယ်နှစ်ဦး၏ ဖခင်ဖြစ်ပြီး အသက်၄၁နှစ် အရွယ်ရှိသည့် ဦးနွေဦးနေသည် ဖော်ဖော်ရွေရွေနှင့် ရယ်ရယ်မောမော ပြောဆိုတတ်သူဖြစ်ပြီး ပေါင်းသင်းဆက်ဆံရ လွယ်ကူသူတစ်ဦးဖြစ်သည်။ သစ်လုပ်ငန်းနှင့် ကျွဲ၊ နွား အရောင်းအဝယ်လုပ်ငန်းတွင် ဆယ်စုနှစ်နှစ်ခုကျော်ကြာ လုပ်ကိုင်လာခဲ့သူလည်းဖြစ်သည်။ အသံဝါကြီးဖြင့် အညာလေသံ ပီပီသသ အားပါးတရ စကားပြောလေ့ရှိသည်။

ဖခင်ဖြစ်သူက ရဲအရာရှိဟောင်း ဖြစ်ခဲ့သည့်အလျောက် ဦးနွေဦးနေသည် ဆယ်ကျော်သက်အရွယ်ကတည်းကပင် သေနတ်ပစ်နည်းကို ဖခင်ဖြစ်သူနှင့် ၎င်း၏မိတ်ဆွေရဲဝန်ထမ်းအချို့ သင်ကြားပြသမှုကြောင့် တတ်မြောက်ခဲ့သည်။ အထူးသဖြင့် ခြောက်လုံးပြူးနှင့် အရင်ခေတ် ကာဘိုင်ရိုင်ဖယ်သေနတ်များနှင့် အကျွမ်းတဝင်ရှိသည်။ သို့ရာတွင် စစ်ရေးဗျူဟာအသွယ်သွယ်နှင့် ပတ်သက်သော ဗဟုသုများကိုမူ အာဏာသိမ်းမှုနောက်ပိုင်းမှသာ စတင်လေ့လာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

သပြေအေးတိုက်ပွဲအပြီးတွင် ဦးနွေဦးနေ၊ ဆရာတော် ဦးသောပါကနှင့် အခြား ဒေသခံကာကွယ်ရေးတပ် ခေါင်းဆောင်များသည် ၎င်းတို့က လူသူအင်အား သာလွန်သော်လည်း လက်နက်အကန့်အသတ်ရှိသည်ကို သဘောပေါက်လာကြသည်။ သို့ဖြစ်ရာ အချင်းချင်း ညီညီညွတ်ညွတ်ဖြင့် လက်တွဲလုပ်ဆောင်ခြင်းက အဓိက ကျသည်ကို သိရှိလာကြသည်။ ထို့ကြောင့်ပင် “ညီညွတ်သော ကျေးရွာများတပ်ဖွဲ့” (United Villages Force)ဟု အမည်ရသည့် တပ်ပေါင်းစုမဟာမိတ်အဖွဲ့တစ်ခုကို ယင်းမာပင်၊ ပုလဲ၊ ကနီနှင့် မင်းကင်းမြို့နယ်များရှိ ရွာပေါင်း ၈၀အား စုစည်း၍ ဖွဲ့စည်းခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် တပ်ဖွဲ့ဝင်များသည် သိုသိုသိပ်သိပ်၊ လျင်မြန်ဖျတ်လတ်စွာ လှုပ်ရှားရမည်ကို ကောင်းစွာနားလည်ထားကြသည်။ နေရာတစ်ခုတွင် ကာလရှည်ကြာ အင်အားများစွာ စုစည်းနေခြင်းက တစ်ဘက်ရန်သူအတွက် အလွယ်တကူပစ်မှတ်ဖြစ်လာမည်ကို ကြိုတင်တွေးဆကြသည်။ ထို့ကြောင့် မဟာမိတ်တပ်ပေါင်းစုတွင် ပါဝင်သည့် ကျေးရွာအလိုက် ခေါင်းဆောင်တစ်ဦးစီခန့်ထားပြီး ၎င်း၏အောက်တွင်မှ လူ၁၀ဦးစီကျပါဝင်သည့် ဆယ်ဦးတစ်ဖွဲ့ ယူနစ်များ (သို့မဟုတ်) ဆဲလ်များကို ကျေးရွာများတွင် ဖွဲ့စည်းထားသည်။ ကျေးရွာကြီးများတွင် ယင်းအဖွဲ့များ နှစ်ဖွဲ့နှင့်အထက် ရှိတတ်ပြီး ကျေးရွာငယ်များတွင်မူ တစ်ဖွဲ့သာ ရှိတတ်သည်။

“ကျနော်တို့က အဲဒီလို တပ်ဖြန့်ပြီး ခွဲထားလိုက်တော့ ဒီကောင်တွေ ဖြိုခွင်းရတာ အခက်တွေ့စေတာပေါ့။ ဒီလိုအဖွဲ့ငယ်လေးတွေခွဲထားလိုက်တဲ့အခါမှာ ဥပမာ သင်တန်းပေးတာမျိုးပဲဖြစ်ဖြစ် ဘယ်သူမှ သတိမထားမိဘဲ အလွယ်တကူ လှုပ်ရှားလို့ ရတာပေါ့”ဟု ဦးနွေဦးနေက ပြောသည်။

“တစ်ချိန်တည်းမှာပဲ ကျနော်တို့ ဒီအဖွဲ့တွေ အချင်းချင်းကြား ကွန်ရက်ကြီးတစ်ခုလို ချိတ်ဆက်ထားတဲ့ အခါကျတော့ စစ်တပ်က ဥပမာ ရွာတစ်ရွာကို ပစ်မှတ်ထားတယ်ဆို တခြားရွာတွေက ဒီကောင်တွေကို အမြန်ပြန်ဝိုင်းပစ်လိုက်လို့ရတယ်”ဟု ၎င်းက ပြောသည်။

သို့ရာတွင် ၎င်းတို့အတွက် ခေတ်မီလက်နက်များ ကိုင်ဆောင်နိုင်မှုမရှိခြင်းက အဓိကပြဿနာတစ်ရပ် ဖြစ်ကြောင်း ဦးနွေဦးနေက ပြောသည်။

ကနီမြို့မှ ၁၅မိုင်ခန့်အကွာတွင်ရှိသည့် မုံရွာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သလို စစ်တပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရုံးစိုက်ရာ အရပ်လည်းဖြစ်သည်။ နမခလက်အောက်တွင် ခြေလျင်တပ်ရင်းများ ဒါဇင်နှင့်ချီရှိပြီး လက်နက်ကြီး၊ ရဟတ်ယာဉ်မှအစ ဝေဟင်ထောက်လှမ်းရေးအတွက်ပါ အသုံးပြုသည့် မောင်းသူမဲ့လေယာဉ်ပျံ (ဒရုန်း)များပါရှိနေသည်။ သို့ဖြစ်ရာ ယင်းဒေသအတွင်းရှိ လက်နက်စွဲကိုင်သည့် အရပ်သားများအဖို့ တပ်မတော်ကို တိုက်ခိုက်ရခြင်းသည် လက်ရည်တစ်ပြင်တည်းရှိသော စီးချင်းထိုးမှုမျိုးတော့ မဟုတ်ပေ။

ဒေသန္တရကာကွယ်ရေးတပ်သို့ ဝင်ရောက်သူဦးရေ အလွန်များပြားနေခြင်းသည် တပ်မတော်ကို ခက်ခက်ထန်ထန် တိုက်ခိုက်နိုင်သော အခွင့်အရေးပင်ဖြစ်ကြောင်း ဦးနွေဦးနေက ပြောသည်။

“ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက်စေ့တိုင်းသာ သူတို့ စစ်တပ်ကလို လက်နက်ကို တန်းတူကိုင်နိုင်လို့ကတော့ မုံရွာခရိုင်တစ်ခုလုံးကိုပါ ကျုပ်တို့ သိမ်းပစ်နိုင်တယ်ပါ။ တော်လှန်ရေးကိုလည်း ကျုပ်တို့ အောင်မှာဗျ”ဟု ၎င်းက ပြောသည်။

ကနီမြို့နယ်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် တူမီးနှင့် ရိုးရာအမဲလိုက် ရိုင်ဖယ်သေနတ်များကိုသာ အားကိုးနေရပြီး ၎င်းတို့အနေဖြင့် ခေတ်မီစစ်လက်နက်ပစ္စည်းများအား NUG အစိုးရ သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က ပံ့ပိုးပေးရန် မျှော်လင့်လျက်ရှိသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

စစ်ရေးထောက်ပံ့မှု ရှာဖွေခြင်း

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များသည် ၎င်းတို့၏ လက်နက်အင်အားကို အဆင့်မြှင့်တင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ အကူအညီရရန် မျှော်လင့်နေသည်။

ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခုခံကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းလျက်ရှိစဉ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီလလယ်ပိုင်းကမှ ဖွဲ့စည်းပေးလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကလည်း အသိအမှတ်ပြု ထောက်ပံ့ပေးမည့် အရိပ်အယောင် ဒေသခံတို့ မြင်တွေ့လာရသည်။

သပြေအေးတိုက်ပွဲဖြစ်ပွားပြီး တစ်လကျော်အကြာ မေ၅ရက်တွင် NUG အစိုးရသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ကို ၎င်းတို့အစိုးရ၏လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းတည်ထောင်လိုက်သည်။ ကျေးရွာနှင့် မြို့နယ်အလိုက် ဖွဲ့စည်းထားရှိပြီးဖြစ်သည့် ဒေသန္တရခုခံကာကွယ်ရေးအဖွဲ့များကိုလည်း PDF တပ်ဖွဲ့၏ သစ္စာခံအဖွဲ့အစည်းများအဖြစ် ပေါင်းစည်းရန် ဖိတ်ခေါ်လိုက်သည်။

ရရာလက်နက်စွဲကိုင်တော်လှန်လျက်ရှိသည့် ဒေသကာကွယ်ရေးအဖွဲ့များစွာကလည်း NUG အစိုးရ၏ PDF တပ်ဖွဲ့ကို သစ္စာခံကြောင်း ကြေညာခဲ့ကြသည်။ ထို့ပြင် ၎င်းတို့၏ အမျိုးမျိုးသော အမည်နာမများဖြင့် ရှိနှင့်သည့် ကာကွယ်ရေးအဖွဲ့များကို PDF ၏ မြို့နယ်အလိုက်လှုပ်ရှားတပ်ဖွဲ့များအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ကြသည်။ သို့ရာတွင် PDF သည် ဗဟိုထိန်းချုပ်ကွပ်ကဲမှုစနစ်ကို လက်တွေ့တွင် ထိရောက်ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မှု မရှိသေးပေ။

PDF သည် နောင်တစ်ချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထူထောင်မည့် ဖက်ဒရယ်တပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစည်းသွားမည်ဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။

၂၀၂၀ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်အနိုင်ရခဲ့သည့် ဦးမြင့်ထွေးကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များသည် လက်ရှိအချိန်တွင် အသစ်ဖွဲ့စည်းပေါ်ပေါက်လာသည့် ကာကွယ်ရေးတပ်ဖွဲ့များအား NUG အစိုးရနှင့်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်ပေးရာတွင် အခရာကျသည်။ ဦးမြင့်ထွေးသည် ၂၀၂၀တွင် ရေဦးမြို့နယ်၏ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။

၎င်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များသည် ဒေသရှိ မြေပြင်အခြေအနေများကို NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထံ နေ့စဉ် သတင်းပေးပို့ပေးလျက်ရှိသည်ဟု ဦးမြင့်ထွေးကဆိုသည်။

“ခုခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အခြေခံစစ်သင်တန်းပို့ချပေးဖို့ ဘယ်လိုကူညီပေးနိုင်မလဲဆိုတာမျိုးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆွေးနွေးထားတာတွေ ရှိပါတယ်”ဟု ဦးမြင့်ထွေးက ပြောသည်။

ဗမာလူမျိုးအများစုနေထိုင်ရာ ပြည်မဟုခေါ်တွင်ကြသည့် တိုင်းဒေသကြီးများ၌ အစီအရီ ပွင့်အန်ထွက်ပေါ်လာသော ဒေသခုခံကာကွယ်ရေးအဖွဲ့များသည် ယခုထက်ပိုမိုကောင်းမွန်သော လက်နက်နှင့် အခြေခံစစ်သင်တန်းများ ရရှိနိုင်ဖို့ ခက်ခဲကြောင်းလည်း ၎င်းက ဝန်ခံသည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အလှမ်းဝေးတဲ့အခါကျတော့ … ကဲ၊ တည့်ပဲပြောရင် တူမီးကလွဲလို့ တခြား ဘာခေတ်မီလက်နက်မှ မရှိကြဘူးပေါ့ဗျာ။ ပိုက်ဆံရှိအုံးတော့ ပစ္စတိုလို အပေါ့စားလက်နက်မျိုးလေးတောင် ရနိုင်ဖို့မလွယ်ဘူး”ဟု ၎င်းက ပြောသည်။

သို့ပါသော်လည်း ဗမာလူမျိုးအများစုဖြင့် ဖွဲ့စည်းထားသည့် ယင်းဒေသခုခံကာကွယ်ရေးအဖွဲ့များသည် လက်ရှိတွင် NUG အစိုးရထက်စာလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံက အကူအညီကို ပို၍လက်လှမ်းမီသော အနေအထားတွင် ရှိနေသည်။

မုံရွာမြို့ အထွေထွေသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်နှင့် ကျောင်းသားခေါင်းဆောင်ဟောင်း တက်ကြွလှုပ်ရှားသူ ကိုအောင်ကျော်က ၎င်းတို့ဒေသက PDF အဖွဲ့သည် လူငယ်၁၀၀ဝန်းကျင်ခန့်ကို စစ်ပညာသင်ယူရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချို့ထံသို့ စေလွှတ်ခဲ့ကြောင်း၊ အချို့လူငယ်များမှာလည်း ကိုယ့်အစီအစဉ်နှင့်ကိုယ် သွားရောက်ခဲ့ကြောင်း ဆိုသည်။ စစ်သင်တန်းတက်ရောက်ပြီး ပြန်ရောက်လာသူများက အခြားအဖွဲ့ဝင်များကို သင်တန်းများပင် ပြန်လည်ပို့ချနေပြီဟု ၎င်းကဆိုသည်။

NUG သည် မဝေးသည့်အနာဂတ်တွင် ၎င်းတို့၏ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ပိုမိုပံ့ပိုး ကူညီပေးလာနိုင်မည်ဟု ၎င်းက မျှော်လင့်နေသည်။

“ကျနော်တို့မှာ အမှန်တော့ စိန်ခေါ်မှုတွေက အများကြီးပဲဗျ။ NUG ကာကွယ်ရေးဝန်ကြီး (ဦးရည်မွန်) နဲ့ ဆွေးနွေးဖြစ်တဲ့အခါမှာ ကျနော်တို့အနေနဲ့ လက်နက်နဲ့ တခြားအထောက်အပံ့တွေ လိုအပ်တဲ့အကြောင်း ပြောပြတယ်။ ကာကွယ်ရေးဝန်ကြီးအနေနဲ့လည်း ကျနော်တို့လိုအပ်တာတွေကို ပံ့ပိုးပေးဖို့ အစီအစဉ်ရှိတယ်လို့ ပြောကြားထားပါတယ်”ဟု ကိုအောင်ကျော်က မေ၄ရက်တွင် ပြောသည်။

NUG နှင့် မုံရွာမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းရာတွင် မည်ကဲ့သို့ ထောက်ပံ့ကူညီ သွားရန်ရှိသည်ဟူသည့် ဆွေးနွေးချက် အသေးစိတ်ကိုမူ လုံခြုံရေးအခြေအနေကြောင့် ၎င်းက ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။

လက်နက်ရရှိရန် စောင့်ဆိုင်းနေရင်းကပင် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များကို ဆက်လက်တိုက်ခိုက်နေပြီး နှစ်ဘက်အပြန်အလှန် အကျအဆုံးများသည်အထိ တိုက်ပွဲများက ပြင်းထန်လာသည်။

မေ၅ရက်က တူမီးလက်နက်ကိုင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်ယာဉ်တန်းစက်လှေသုံးစီးကို ချုံခိုတိုက်ခိုက်ခဲ့သည်။

ကနီမြို့နယ်ရှိ အထက်ကင်းရွာအနီး ရွာသားများက ချင်းတွင်းမြစ်တစ်ဘက်စီက နေရာယူလျက် အသင့်စောင့်ဆိုင်းနေပြီး အချိန်ကျသည်နှင့် တရစပ်ပစ်ခတ်တိုက်ခိုက်ရာ စစ်သားအပြည့် တင်ဆောင်လာသည့် စက်လှေနှစ်စီး အသက်လုပြေးခဲ့ရပြီး တတိယစက်လှေပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကမူ ၎င်းတို့၏စက်လှေကို ပစ်ထား၍ ထွက်ပြေးခဲ့ရကြောင်း ယင်းတိုက်ပွဲတွင် ပါဝင်သည့် ရွာသားအချို့က ဆိုသည်။

ယင်းတိုက်ပွဲတွင် ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန့်စင်မြင့်ဟု အမည်ရသည့် စစ်တပ်အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က အဖွဲ့ဝင်ခြောက်ဦး ဆုံးရှုံးခဲ့သည်ဟု ၎င်းတို့က အတည်ပြုပြောကြားသည်။

မိမိတို့ဘက်တွင် ကျဆုံးမှုရှိသည်ဆိုသော်လည်း စစ်ကောင်စီတပ်များ စွန့်ထားခဲ့ရသည့် စက်လှေပေါ်က လက်နက်ခဲယမ်းများအား သိမ်းယူနိုင်လိုက်ခြင်းကြောင့် ခံသာခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။

ယင်းတိုက်ခိုက်မှုကို တပ်မတော်က ခြောက်ရက်အကြာတွင် တုံ့ပြန်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေ ၁၁ရက်တွင် တိုက်ပွဲဖြစ်ပွားရာ အထက်ကင်းရွာ အနောက်ဘက် ခြောက်မိုင်ခန့်အကွာ၊ ချင်းတွင်းမြစ်နှင့် မုံရွာ-ကလေးဝ ကားလမ်းမကြားတွင်တည်ရှိသော သမင်ခြံကျေးရွာအုပ်စုကို ဝင်ရောက်လာသည်။ မေ၅ရက်က ချင်းတွင်းမြစ် ကြောင်းပေါ်ကတိုက်ပွဲတွင် သမင်ခြံရွာခံများ အဓိကပါဝင်နေသည်ဟု စစ်ကောင်စီက ယူဆ၍ ယင်းကဲ့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချီတက်လာသော သတင်းကြားသည်နှင့် ကျန်းမာသန်စွမ်းသည့် အမျိုးသား အများစုက ရွာနီးချုပ်စပ်ရှိတောထဲသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ သို့သော်လည်း ကျန်ရှိနေသူများအနက်က ၃၀ဦးကို စစ်တပ်က ဖမ်းဆီးလိုက်သည့်အပြင် သမင်ခြံ၌ပါ ယာယီစခန်း ချထားလိုက်သည်။

နောက်တစ်ရက်တွင် စစ်သားများသည် သမင်ခြံအနီး မုံရွာ-ကလေးဝ ကားလမ်းမကြီးနံဘေးရှိ ဇီးပင်တွင်း ကျေးရွာသို့လည်း ဝင်ရောက်စီးနင်းကာ မေ၅ရက်တိုက်ပွဲတွင် ပါဝင်နိုင်ခြေရှိသူများကို မြေလှန်ရှာခဲ့သည်။ စစ်သားများသည် တွေ့ရာမြင်ရာကို ပစ်ခတ်ပြီး ရွာခံများထံက ငွေကြေးလုယက်သည့်အပြင် ရွာသားများ မွေးမြူထားသည့်  တိရစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်ခဲ့သည်ဟု ဒေသခံများက စွပ်စွဲသည်။

ထို့ပြင် အမျိုးသမီးအချို့ အပါအဝင် ဇီးပင်တွင်းရွာခံ ၄၀ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ကျန်ရစ်ခဲ့သည့် ရွာခံများက ဆိုသည်။

“သူတို့က တွေ့တဲ့လူတိုင်းကို ရန်သူလို ဆက်ဆံတာ။ သူတို့လာပြီလို့ သတင်းကြားပြီဆိုတာနဲ့ ပြေးဖို့ပဲရှိတယ်”ဟု ဇီးပင်တွင်းရွာမှ ထွက်ပြေးတိမ်းရှောင်လျက်ရှိသူ ရွာသားတစ်ဦးက ပြောသည်။

တစ်ချိန်တည်းမှာပင် မေ၂၂ရက်တွင် ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Kani PDF)သည် စစ်ကောင်စီ ယာဉ်တန်းတစ်ခုကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်များ ဆုတ်ခွာထွက်ပြေးခဲ့ရကာ နှစ်ဘက်စလုံးတွင် အကျအဆုံးရှိခဲ့သည်။ ယင်းသို့ဖြစ်ပွားပြီး သုံးရက်အကြာတွင်မူ အမည်မသိအဖွဲ့တစ်ဖွဲ့က ကနီမြို့နယ် အထက်ပိုင်းသို့ ဆန်တက်မောင်းနှင်လာသည့် လူနှင့်ရိက္ခာထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသော​ စစ်ကောင်စီ အမြန်ရေယာဉ်များကို တိုက်ခိုက်ခဲ့သည်။ ထို့ပြင် ကနီသို့ ကုန်းကြောင်းက ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့အချို့ကိုလည်း ကနီ PDF က ချုံခိုတိုက်ခိုက်ခဲ့သည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော နယ်ခံများ နေရပ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးကြရသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အဖိုးအခကြီးသော အောင်ပွဲ

မုံရွာမြို့မှ မြောက်ဘက် ၆၂မိုင်ခန့်အကွာ၊ သာယာလှပသော ရှုခင်းများရှိသည့် ကလေးဝသို့သွားရာ လမ်းမကြီးတစ်နေရာတွင်မူ ဆယ်ရွာချောင်ဟုအမည်ရသည့် ကျေးရွာအုပ်စုတစ်ခုရှိသည်။ ရွာဆယ်ရွာသာရှိသဖြင့် ဆယ်ရွာချောင်ဟု ရှေးယခင်က မှည့်ခေါ်ခဲ့သော်လည်း မျက်မှောက်ခေတ်တွင်မူ ကျေးရွာအစုတွင် ရွာပေါင်း ၁၄ရွာအထိ ရှိနေပြီဖြစ်သည်။

ယင်း၁၄ရွာကို စုစည်းလျက် လာပို့ကျေးရွာအုပ်စုအဖြစ် အုပ်ချုပ်ရေးအဆက်ဆက်က သတ်မှတ်ထားသည်။ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်နံဘေးရှိ ကြမ်းတမ်း၍ အတက်အဆင်းကြီးသည့် တောင်တက်၊ တောင်ဆင်းလမ်းပိုင်းကို ဖြတ်သန်းမောင်းနှင်ပြီး မုံရွာမှရေတွက်လျှင် မိုင်၆၀ခန့်တွင် တည်ရှိသော ဆယ်ရွာချောင်ကို တောင်များက ပတ်ပတ်လည် ကာရံထားသည်။

ဆယ်ရွာချောင်မှကြည့်လျှင် ပတ်ပတ်လည်တွင် ပုံတောင်၊ ပုံညာ၊ မဟူရာနှင့် သမင်တောင်စသည့် သမိုင်းဝင် နာမည်ကျော်တောင်များကို မြင်တွေ့ရပြီး မိုးရာသီဆိုလျှင် စိမ်းစိုသာယာပြီး စက္ခုပသာဒ ဖြစ်ဖွယ်ကောင်းလှသည့် အရပ်ဒေသဖြစ်သည်။

စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ဖြိုခွင်းလာချိန်တွင် အခြားနယ်များကဲ့သို့ပင် ဆယ်ရွာချောင်ရှိ ဒေသခံများကလည်း ဒေသန္တရခုခံကာကွယ်ရေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။

ကနီမြို့နယ်အတွင်း အချို့နေရာများတွင် တူမီးလက်နက်ကိုင် ရွာသားများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ခိုက်မှုအချို့ ရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဧပြီ၁၇ရက်တွင် အင်အားအပြည့် တင်ဆောင်လာသည့် စစ်ယာဉ်တန်းတစ်ခု ဆယ်ရွာချောင်ကို ဖြတ်သွားမည့်အကြောင်း ဒေသခံများက သတင်းအခိုင်အမာ ရလာသည်။

ဆယ်ရွာချောင်သား ခုခံကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း အဆိုပါယာဉ်တန်းကို အလစ်တွင် အငိုက်ဖမ်း၍ ချုံခိုတိုက်ခိုက်ရန် အသင့်စောင့်ဆိုင်း ပြင်ဆင်ထားသည်။ တိုက်ပွဲဖြစ်တော့မည်ကို ကြိုသိထားနှင့်သည့် လာပို့ကျေးရွာအုပ်စုတွင်းရှိ ရွာသူ၊ ရွာသားပေါင်း ၃,၀၀၀ ဝန်းကျင်ကတော့ အနီးအနား တောများသို့ ထွက်ပြေးတိမ်းရှောင်ကြတော့သည်။

“မင်းကင်းဘက်ကနေလာတဲ့ စစ်ကား ထရပ်ကား သုံးစီးက ၄နာရီလောက်မှာ ရောက်လာတယ်။ ကျနော်တို့က လမ်းရဲ့တစ်ဖက်တစ်ချက်မှာ နေရာယူထားနှင့်ပြီးပြီ။ ရှေ့ဆုံးက ကားကို ပစ်ကွင်းထဲ ရောက်တာနဲ့ စပစ်ကြတာပဲ”ဟု အသက်၃၄နှစ်အရွယ်ရှိ ထန်းတပင်ရွာသား ကိုလှဇော်မိုးက ပြောသည်။

၆၃မိုင်တိုက်ပွဲဟုလည်း လူသိများသည့် အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးဘက်က စုစုပေါင်းအင်အား ၂,၀၀၀ဝန်းကျင်ခန့်ရှိသည်ဟု ကိုလှမိုးဇော်အပါအဝင် ယင်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် အခြားသူများက ဆိုသည်။ ထိုမျှ အင်အားများပြားရခြင်းမှာ ကနီ၊ ယင်းမာပင်၊ မင်းကင်း စသည့်မြို့နယ်များရှိ ကျေးရွာများမှ အင်အားများလည်း စုရုံးရောက်ရှိလာခြင်းကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ အင်အား ၂,၀၀၀ခန့်ရှိခဲ့သည်ဟု ဆိုသော်လည်း ၎င်းတို့အနက်က သုံးပုံနှစ်ပုံတွင်သာ တူမီးသေနတ်များရှိကြပြီး ကျန်လူများမှာမူ လေးဂွ၊ ဓားနှင့် ဒူးလေးစသည့်လက်နက်များသာ ကိုင်ဆောင်နိုင်ကြသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ထက် မနည်းသေဆုံးပြီး ထရပ်ကားတစ်စီးလည်း ပျက်ဆီးဆုံးရှုံးခဲ့သည်ဟု ဒေသခံများက ဆိုသည်။ ဒေသခံများဘက်ကမူ ခုခံကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးသာ ကျဆုံးခဲ့သည်ဟု သိရသည်။

ထိုနေ့ ည၇နာရီ၊ ၃၀မိနစ်ခန့်တွင် စစ်တပ်ဘက်က ထိုနေရာ၌ တပ်စွဲလိုက်ပြီး အပြင်းအထန် ပြန်လည်ပစ်ခတ် ခုခံခဲ့ရာ ဒေသခုခံကာကွယ်ရေးအဖွဲ့ဝင်များ တပ်ပြန်ဆုတ်လာရသည်ဟု ကိုလှဇော်မိုးက ပြန်ပြောင်းပြောပြသည်။

နောက်တစ်နေ့တွင်မူ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ပထမနေ့က ပင်ပန်းထားသည့် ဒဏ်ရှိသော်လည်း စစ်ယာဉ်တန်းအား ထပ်မံတိုက်ခိုက်ခဲ့သည်။ သို့သော် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထပ်မံတိုက်ခိုက်ပြီး မိနစ်အတန်အကြာတွင် မင်းကင်းဘက်က တပ်ကူစစ်ကားလေးစီး ရောက်ရှိလာသည်။ ၃နာရီခန့်ကြာအောင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီးနောက် စစ်တပ်ဘက်က ပုခုံးထမ်းလောင်ချာများ၊ စိန်ပြောင်းများဖြင့်ပါ တရစပ်ပစ်ခတ်လာရာ အရပ်သားခုခံကာကွယ်ရေးအဖွဲ့များ တပ်ဆုတ်ခဲ့ရသည်။

နှစ်ရက်တာကြာမြင့်ခဲ့သည့် ဆယ်ရွာချောင်တိုက်ပွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးဘက်က သုံးဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှာတော့ ၄၀ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ သို့ရာတွင် ယင်းအကျအဆုံး ကိန်းဂဏန်းများကို ဖရွန်းတီးယားမြန်မာက သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီကလည်း ယင်းတိုက်ပွဲအား တရားဝင်လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မပြုသေးပေ။

ကျဆုံးခဲ့သည့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များအနက်က တစ်ဦးမှာ အသက်၂၉နှစ်သာ ရှိသေးသည့် ကိုအောင်ဇော်ဦးဖြစ်သည်။ ဆယ်ရွာချောင်တိုက်ပွဲမဖြစ်ခင် တစ်ရက်အလို ဧပြီ၁၆ရက်ကတည်းက ၎င်းသည် နေအိမ်မှထွက်ခွာလာပြီး ဆယ်ရွာချောင်နှင့် မုံရွာမြို့လယ်ရှိ ယာကြီးကျေးရွာ၌ ဖြစ်ပွားသော တိုက်ပွဲတွင်လည်း ပါဝင်ခဲ့သည်။

ယင်းတိုက်ပွဲတွင် ဘေးကင်းခဲ့သော်လည်း ဆယ်ရွာချောင်တိုက်ပွဲတွင်တော့ ကိုအောင်ဇော်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းကိုဖမ်းဆီးခဲ့သည်။ သုံးရက်အကြာတွင် ခြေနှစ်ချောင်းကြိုးတုပ်ပြီး လက်နောက်ပြန်ကြိုးတုပ်လျက်သားဖြင့် ထိုးသွင်းဒဏ်ရာ ဗရပွနှင့် သေဆုံးနေသည့် ၎င်း၏ ရုပ်အလောင်းကို တောစပ်တစ်နေရာ၌ ရွာသားများက တွေ့ရှိခဲ့သည်။ ကိုအောင်ဇော်ဦးသည် ဇနီးသည်ကို အသက်နှစ်နှစ်နှင့် ခုနှစ်နှစ်အရွယ် သားငယ်နှစ်ဦးနှင့် ချန်ရစ်ထားခဲ့သည်။

“သူတိုက်ပွဲ (ယာကြီး) ကို သွားမယ်လို့ ပြောတယ်။ ‘မသေရင်တော့ ပြန်လာနိုင်မှာပဲ’လို့ အိမ်က မထွက်ခင်မှာ ပြောသွားတယ်”ဟု ဇနီးဖြစ်သူ မနွဲ့ကြည်က ပြောသည်။ “ဆယ်ရွာချောင် တိုက်ပွဲမစခင် နောက်တစ်နေ့ (ဧပြီ ၁၇) မနက်၄နာရီလောက် ကျတော့ ဖုန်းဆက်တယ်။ ကျမနဲ့ ကလေးတွေအတွက် သူစိတ်ပူတယ်လို့ ပြောတယ်။ အဲဒါ သူနဲ့ နောက်ဆုံးပြောရတာပါပဲ”ဟု ၎င်းကပြောသည်။

ဆယ်ရွာချောင်တွင် ကျဆုံးသွားသည့် ခုခံကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုသောအစီအစဉ်တစ်ခု ပြုလုပ်နေစဉ် မနွဲ့ကြည်က ဖရွန်တီးယားမြန်မာကို ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းဂုဏ်ပြုအစီအစဉ်ကို မုံရွာမြို့ အထွေထွေသပိတ်ဦးဆောင်ကော်မတီဝင်တစ်ဦးက ကမကထပြုစီစဉ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားအတွင်း ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား CRPH ကိုယ်စား ထောက်ပံ့ဂုဏ်ပြုမှုအပြင် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက်လည်း စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များလည်း လှူဒါန်းခဲ့သည်။ ထင်ရှားသည့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် ဝရမ်းထုတ်မခံရသော်လည်း စစ်ကောင်စီက အဓိကအလိုရှိနေသူများထဲတွင် အဆိုပါ ပုဂ္ဂိုလ်လည်း ပါဝင်သည်။

ဂုဏ်ပြုအစီအစဉ်အပြီးတွင် မျက်ရည်မကျအောင် ထိန်း၍ စကားပြောနေရသည့် ခင်ပွန်းသည် ဆုံးရှုံးထားရသူ မနွဲ့ကြည်၏ လက်ကိုဆုပ်ကိုင်လျက် အခမ်းအနားစီစဉ်သူ အမျိုးသမီးက အားပေးလိုက်သည်။

“သူက အိမ်ကောင်းကောင်းလေးတစ်လုံး ဆောက်ပေးဖို့ ကြိုးစားနေခဲ့တာပါ”ဟု မနွဲ့ကြည်က ၎င်း၏ ခင်ပွန်းအကြောင်းကို ဆက်ပြောပြသည်။ “ကျမတို့ မြေကွက်ပေါ်မှာ သူတိုင်လေးတွေ (အုတ်ဖိနပ်) တောင် စိုက်ပြီးပြီ။ ဒါပေမဲ့ စီးပွားရေးတွေက မကောင်းတော့ ရတဲ့ဝင်ငွေအကုန် စားတဲ့အထဲပဲ ထည့်နေရတာ”

ဆယ်ရွာချောင်တိုက်ပွဲ၌ ကျဆုံးခဲ့သူ သုံးဦးတွင် တစ်ဦးက မည်သူမည်ဝါဖြစ်သည်ကို မဖော်ထုတ်နိုင်သေးပေ။ အခြား ကျဆုံးသွားသူတစ်ဦးက အသက်၂၃နှစ်အရွယ် ကိုအောင်မျိုးဦး ဆိုသူဖြစ်သည်။ ၎င်းတွင် ကိုယ်ဝန်ခုနစ်လ လွယ်ပိုးထားရသည့် သက်တူရွယ်သူ ဇနီးသည်နှင့် ခြောက်နှစ်အရွယ် သမီးငယ်လေး ကျန်ရစ်ခဲ့သည်။

“သူဘာတွေလုပ်နေလဲဆိုတာ ကျမကို တစ်ခါမှပြောမပြဘူး”ဟု အမည်မဖော်ပြရန် မေတ္တာရပ်ခံထားသူ ကိုအောင်မျိုးဦး၏ ဇနီးက ပြောသည်။

“သူသေသွားပြီဆိုတဲ့ အကြောင်းကို ကျမသမီးလေးကို ပြောမပြရသေးဘူး။ သူက သူ့အဖေ တစ်နေရာကို ခရီးသွားနေတယ်လို့ပဲ ထင်နေတာ”ဟု ၎င်းက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar