ဗဟိုဘဏ်သည် ချေးငွေများကို ပိုမိုကျယ်ပြန့်စွာ ရရှိနိုင်စေရန် မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်ပစ္စည်းများကို အပေါင်ခံပစ္စည်းအဖြစ်ထား၍ ပိုထုတ်ငွေအဖြစ် ထုတ်ချေးသောစနစ်ကို ရှောင်ရှားစေနိုင်မည့် ချေးငွေပုံစံသစ်ကို ဖော်ဆောင်လျက်ရှိသည်။
ကျော်လင်းထွန်း ရေးသားသည်။
တို့ပြည်သစ်ကုမ္ပဏီကို ဦးမင်းနိုင် လုပ်ကိုင်လာခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်း ၂၀ အတွင်း သူတခါမျှ ဘဏ်မှငွေ မချေးဘူးချေ။ သူ့စီးပွားရေးလုပ်ငန်းက အသေးစား စီးပွားရေးလုပ်ငန်း မဟုတ်ပေ။ တို့ပြည်သစ်က ရထားလမ်းများကို ဖောက်ခဲ့သည်။ အဆောက်အအုံများကို ဆောက်ခဲ့သည်။ သတ္တုတွင်းများကို တူးဖော်ခဲ့သည်။
“ကျွန်တော့်ကုမ္ပဏီကို စလုပ်တုန်းက လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်အားလုံးအတွက် ကိုယ်ပိုင်ငွေသုံးပြီး လည်ပတ်ခဲ့တာပါ” ဟု သူက ပြောသည်။ ငွေထပ်မံလိုအပ်သည့်အခါတွင်လည်း သူ့မိသားစု၊ သို့မဟုတ် သူ့စီးပွားဖက်များထံမှ ချေးယူသည်။
သို့ဖြင့် လွန်ခဲ့သော လပေါင်းများစွာက တနင်္သာရီတိုင်းဒေသကြီးအတွင်း သံဖြူသတ္တုတွင်းတစ်ခုကို ကျပ်သန်း ၂၃၀ (အမေရိကန်ဒေါ်လာ ၁၈၀,၀၀၀)နှင့် ဝယ်ရမည့် အခွင့်အလမ်းတစ်ခုကို သူရခဲ့သည်။ သတ္တုတွင်းကို ဝယ်ယူရန် လိုအပ်သောငွေကို ချေးယူရန် သူဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံရှိ အကြီးဆုံး ဘဏ်များထဲမှနှစ်ခုကို သူချဉ်းကပ်ခဲ့သည်။ သို့ရာတွင် လိုအပ်သော အပေါင်အာမခံများကို သူအပြည့်အဝ မပေးနိုင်သည်ကို အံ့သြစွာ တွေ့လိုက်ရသည်။
သူပိုင်မြေကို အာမခံအဖြစ် အပေါင်ထားရန် ဘဏ်နှစ်ခုစလုံးက ပြောသည်။ ကျပ်သန်း ၂၅၀ ခန့်တန်သော ရန်ကုန်ရှိသ့ူအိမ်မှာ စုပေါင်းပိုင်ဖြစ်နေသည့်အတွက် အပေါင်ထား၍မရကြောင်း သူတို့က ပြောသည်။ လှိုင်သာယာမြို့နယ် စက်မှုဇုန်ရှိ တန်ဖိုးကြီး မြေဧကများစွာကိုလည်း လုပ်ငန်းများ ဆောင်ရွက်ထားခြင်း မရှိသေးသဖြင့် သူတို့က ငြင်းပယ်ခဲ့သည်။
“လုပ်ငန်းကို မချဲ့ထွင်နိုင်ပေမဲ့ ကျွန်တော့်စီးပွားရေးလုပ်ငန်းကို လည်ပတ်နိုင်သေးတဲ့အတွက် ကျွန်တော့်အတွက် သိပ်မထိခိုက်လှပါဘူး၊ ဒါပေမဲ့ ချေးငွေအတွက် ဘဏ်လုပ်ငန်းစနစ်ကို ကျွန်တော်တို့ အားကိုးလို့ မရသေးဘူးဆိုတာကိုတော့ သိလိုက်ရပါတယ်” ဟု သူက ပြောသည်။
ချင့်ချိန်နှိုင်းဆမှုရှိသည့် စည်းမျဉ်းဥပဒေသစ်များ
ဘဏ္ဍာရေးအဖွဲ့အစည်းများ ဥပဒေသစ်အရ ၂၀၁၇ ခု ဇူလိုင်လတွင် ချင့်ချိန်နှိုင်းဆမှုရှိသည့် ခေတ်သစ်နည်းဥပဒေများကို ထုတ်ပြန်သောအခါ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖြေရှင်းပေးရမည့် ပြဿနာမှာ ယင်းပြဿနာပင် ဖြစ်သည်။
နည်းဥပဒေလေးခုက နောက်ဆုံးတွင် ဘဏ်လုပ်ငန်းတခုလုံးကို ဂယက်ရိုက်ခတ်စေခဲ့သည်။ သို့သော်လည်း ပထမပိုင်းတွင် တုံ့ပြန်မှုများက ငြိမ်သွားသည်။ ထုတ်ပြန်သောအမိန့်ကို ဘဏ်များက အလေးအနက် ထားထားပုံမရပေ။
စက်တင်ဘာလတွင် ဗဟိုဘဏ်၏ ပြုပြင်ပြောင်းလဲမှုများကို တွေ့မြင်လာရသောအခါ အမှန်တကယ် လုပ်တော့မည်ကို သိမြင်လာကြပြီး သူတို့အတွက် အချိန်ထပ်မံလိုသေးကြောင်း သတိပေးလာသည်။ အဓိက အရေးကြီးသောအချက်မှာ ချေးငွေအားလုံး၏ ၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိ ဘဏ်ပိုထုတ်ချေးငွေများကို ၂၀၁၈ ဇန်နဝါရီတွင် အပြီးရှင်းလင်းရမည့်ကိစ္စ ဖြစ်သည်။
အောက်တိုဘာ ၂ ရက်တွင် ဘဏ်ကိုယ်စားလှယ်များနှင့် အစည်းအဝေး ကျင်းပပြီးနောက် ဗဟိုဘဏ်က နိုဝင်ဘာလတွင် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်အရ ဘဏ်ပိုထုတ်ငွေဖြင့် ချေးထားသော ဘဏ်ချေးငွေများကို အချိန်ကာလ ပုံသေသတ်မှတ်ချက်ဖြင့် ထုတ်ပေးသောချေးငွေအဖြစ် ပြောင်းလဲခွင့်ပြုပြီး အချိန်စေ့ရောက်သည့်ကာလကို အများဆုံး သုံးနှစ်ခွင့်ပြုခဲ့သည်။
ဘဏ်ပိုထုတ်ငွေဖြင့် ချေးထားသောချေးငွေများကို ၂၀၁၈ ခုနှစ် ဇူလိုင်တွင် စုစုပေါင်းချေးငွေ၏ ၅၀ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးရန် လိုသည်။
ထိုကဲ့သို့ အချိန်တိုးချဲ့ပေးသည့်တိုင်အောင် စီးပွားရေးတိုးတက်နှုန်း နှေးကွေးမှုကြောင့် နောက်ဆုံးအချိန် သတ်မှတ်ချက်ကိုပင် ဖြည့်ဆည်းရန်ခက်ခဲကြောင်း ဘဏ်အများအပြားမှ ကိုယ်စားလှယ်တို့က ရှင်းပြကြသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း သူတို့ဖောက်သည်များမှာ အတိုးကိုပင် အချိန်မီ မပေးသွင်းနိုင်ကြောင်း သူတို့က ပြောသည်။ ချေးငွေများကို ဘဏ်ပိုထုတ်ငွေအဖြစ်မဟုတ်ဘဲ အချိန်ပိုင်းချေးငွေအဖြစ် သတ်မှတ်ပါက ပြန်လည်မဆပ်နိုင်သောငွေများ ဖြစ်သွားနိုင်ကြောင်း သူတို့က ပြောသည်။
“ကြွေးကျန်တွေပြန်တောင်းဖို့ ဗဟိုဘဏ်က ဘဏ်တွေကို ဖိအားပေးနေတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေက အလူးအလဲ ရုန်းကန်နေရတော့ ဘဏ်တွေကလည်း စီးပွားရေးလုပ်ငန်းတွေဆီက ငွေရအောင်ညှစ်ထုတ်လို့ မရနိုင်အောင် ဖြစ်နေပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစီးပွားရေး ကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ပြောသည်။
ဤသို့သော စိန်ခေါ်မှုရှိသည့် ပတ်ဝန်းကျင်အခြေအနေမျိုးတွင် ကြွေးဆုံးအချိုးအစားကလည်း မြင့်တက်လျက်ရှိသည်။ ယခင်က ဘဏ်များသည် ပြန်မဆပ်နိုင်သောကြွေးများကို ပြန်ပေါင်းထည့်သွားရုံသာ ရှိသည်။ ယခုတော့ သူတို့ ထိုသို့လုပ်၍ မရတော့ချေ။ အကြောင်းနှစ်ခုရှိသည်။ ပထမအကြောင်းမှာ ဘဏ်စာရင်းစာအုပ်များရှိ ဘဏ်ပိုထုတ်ငွေဖြင့် ရှိနေသော ချေးငွေအချိုးအစားကို သူတို့လျှော့ချရမည်။ ဒုတိယအချက်မှာ ပြန်လည်မပေးဆပ်နိုင်သော ဘဏ်ပိုထုတ်ငွေများကို ချေးငွေအဖြစ် ပြောင်းလဲသည်ကို ဗဟိုဘဏ်က ပိတ်ပင်ထားသည်။
ဘဏ်များက သူတို့၏ကြွေးဆုံးများကို ထုတ်ဖော်မပြောကြားလိုသော်လည်း ကြီးထွားလျက်ရှိသော စွန့်စားမှုအန္တရာယ်များမှ ကာကွယ်ရန် အရန်ငွေကြေးကို တိုးမြှင့်ထားနေရကြောင်း ပြောကြသည်။
ယင်းသို့ဆောင်ရွက်ခြင်းသည် လက်ကျန်ရှင်းတမ်းကို ချုပ်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်၏ အကြီးတန်းအတိုင်ပင်ခံ ဦးသန်းလွင်က ပြောသည်။
“ဘဏ်တွေက အဲဒီအရန်ငွေကြေး(ကြွေးဆုံးများတန်ဖိုး၏ နှစ်ရာခိုင်နှုန်း)ကို ဗဟိုဘဏ်မှာ အပ်ထားဖို့လိုပါတယ်။ ဒါပေမဲ့ ဘဏ်ငွေအပ်နှံသူတွေကို အတိုးပြန်ပေးနိုင်ဖို့အတွက် ဘဏ်တွေကလည်း စီးပွားရေးလုပ်ငန်းတွေကို ပိုမြင့်တဲ့အတိုးနဲ့ ပြန်ထုတ်ချေးနေရပါတယ်” ဟု သူကပြောသည်။
စီမံခန့်ခွဲရေး လွဲချော်မှု၏အမွေ
ယင်းသို့သော အခက်အခဲများမှာ ဗဟိုဘဏ်၏ စီမံခန့်ခွဲရေးအလွဲများ၏ အမွေကြောင့်ဖြစ်ပြီး အထူးသဖြင့် အမြင့်ဆုံး ချေးငွေသက်တမ်းကို ၁၂ လကန့်သတ်ရန်နှင့် အပေါင်ပစ္စည်း လိုအပ်ချက်ကို စတင်တင်းကျပ်ရန် ဆုံးဖြတ်လိုက်သောကြောင့်ဖြစ်သည်။
ဗဟိုဘဏ်၏ ဆောင်ရွက်မှုက ဘဏ်ပိုထုတ်ငွေများ ပြန်လည်ပေးဆပ်ရမည့်ရက်ကို ဆက်လက်ရက်တိုးပေးနေသည့်အဖြစ်ကို ရောက်ရှိစေခဲ့သည်။ ယင်းအခြေအနေက အိမ်ခြံမြေနှင့် ဘဏ်လုပ်ငန်းကဏ္ဍ နှစ်ခုစလုံးကို အပြန်အလှန် အန္တရာယ်ပြုခဲ့သည်။
ချေးငွေများ အာမခံချက်ရစေရန် စီးပွားရေးလုပ်ငန်းများက အပေါင်ခံပစ္စည်းအဖြစ် အသုံးပြုနိုင်သော အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ အရောင်းအဝယ်ကောင်းပြီး ဈေးနှုန်းမြင့်တက်နေချိန်တွင် ယင်းအစီအစဉ်က ကောင်းပါသည်။ သို့သော် ၂၀၁၅ ခုနှစ်မှစ၍ အိမ်ခြံမြေဈေးကွက် ကျဆင်းလာသောအခါ ငွေပြန်ဖော်ပြီး ကြွေးပြန်ဆပ်ရန် မတတ်နိုင်ဘဲ ဖြစ်လာသည်။ သို့မဟုတ် ပြန်ထုတ်မရောင်းချင်အောင် ဖြစ်လာသည်။ အဘယ့်ကြောင့်ဆိုသော် ကြွေးမြီများမှာ အထပ်ထပ် ပြန်ပြန်ပေါင်းလာသည့်အတွက် ပေးဆပ်ရန်ပျက်ကွက်သော ပမာဏမှာ မည်မျှရှိသည်ကို ရှင်းလင်းပြတ်သားစွာ မသိနိုင်အောင် ဖြစ်လာသည်။
“ချေးငွေအများစုက ဆောက်လုပ်ရေးကဏ္ဍထဲမှာပဲ မြုပ်နေတုန်းပါပဲ။ အိမ်ခြံမြေဈေးကွက်ကလည်း အေးစက်နေတယ်။ ဒါကြောင့်ကြွေးတွေကို ပြန်မဆပ်နိုင်ရုံတင် မဟုတ်တော့ဘူး၊ တချို့ဆိုရင် အတိုးတောင် မပေးနိုင်တော့ဘူး။ ဒီလိုဖြစ်နေတော့ ဘဏ်တွေကလည်း တခြားစီးပွားရေးလုပ်ငန်းတွေကို ငွေထုတ်မချေးနိုင်တော့ဘူး” ဟု လှိုင်သာယာ စက်မှုဇုန်နာယက ဦးမြတ်သင်းအောင်က ပြောသည်။
ဘဏ်များက ငွေချေးရာတွင် အားလုံးနီးပါးက မြေကွက်များကိုသာ အပေါင်ခံအဖြစ်ထားပြီး ချေးသဖြင့် ၂၀၁၈ ခု စည်းမျဉ်းဥပဒေသည် “ဘဏ်စနစ်တွင် လက်ရှိဖြစ်ပေါ်နေသော ပြဿနာများ၏ အရင်းအမြစ်” ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အထူးအကြံပေး မစ္စတာ ရှောင်တာနယ်က ပြောသည်။
“ဒီအခြေအနေက ချမ်းသာပြီးသားနဲ့ အဆက်အသွယ်ကောင်းပြီးသား လူတွေကို မျက်နှာသာပေးပြီး ရန်ပုံငွေတွေနဲ့ မတည်ရင်းနှီးငွေတွေကို အိမ်ခြံမြေလုပ်ငန်းထဲ စီးဝင်သွားစေပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ အိမ်ခြံမြေဈေးတွေ မြင့်တက်ပြီး မြန်မာနိုင်ငံရဲ့ရှားပါးတဲ့ ငွေကြေးအရင်းအမြစ်တွေက ကုန်ထုတ်လုပ်ငန်းထဲ ရောက်ရမဲ့အစား ကုန်ထုတ်လုပ်မှုမဟုတ်တဲ့ အိမ်ခြံမြေဈေးကစားတဲ့အထဲ ရောက်ကုန်ပါတယ်။ အိမ်ဆောက်တဲ့လူတွေဆီမှာ ငွေတွေအလျှံပယ်ရောက်နေပြီး မြန်မာတောင်သူလယ်သမားတွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ချေးငွေမရသလောက် ဖြစ်နေပါတယ်။
“တချိန်တည်းမှာ အိမ်ခြံမြေဈေးကွက် တန်ဖိုးမြင့်မားမှုက ရန်ကုန်မြို့လို မြို့ကြီးတွေမှာ စီးပွားရေးလုပ်ဖို့ ငွေကြေးအရင်းအနှီးများတဲ့ နေရာတွေဖြစ်လာပြီး ထုတ်လုပ်မှုဗဟိုဌာနအဖြစ် မြန်မာနိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေခဲ့ပါတယ်” ဟု သူက ဆိုသည်။
စည်းမျဉ်းဥပဒေကြောင့် လက်သင့်ရာကို ငွေထုတ်ချေးသော “အလွန်ပြင်းထန်သည့်” ပြဿနာကို ဖြစ်ပေါ်စေခဲ့သည်။ ဆိုလိုသည်မှာ ဘဏ်များ၏ ငွေချေးစနစ်သည် ဘဏ်နှင့်တနည်းနည်းဖြင့် ဆက်နွယ်နေသူကိုသာ ထုတ်ချေးသည့်သဘောဖြစ်သည်။
“အထူးချေးငွေအများစုက ဘဏ်ရဲ့အစိတ်အပိုင်းအများစုကို ပိုင်ဆိုင်ထားတဲ့ အထူးကုမ္ပဏီကြီးတွေဆီ ရောက်ကုန်ကြပါတယ်။ အားလုံးခြုံကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေးစနစ်က ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်နေတဲ့နေရာတွေကို မရောက်ပါဘူး။ ဒါကလည်း အကြီးမားဆုံး ဆုံးရှုံးရတဲ့ အကြောင်းရင်း ဖြစ်ပါတယ်” ဟု မစ္စတာ ရှောင်တာနယ်က ပြောသည်။
စွန့်စားမှုအခြေပြု ချေးငှားခြင်း
ဘဏ်ပိုထုတ်ငွေဖြင့် ထုတ်ချေးခြင်းကို ပိုမိုအလေးထားလာကြသော်လည်း ၂၀၁၇ ခု ဇူလိုင်လက နည်းဥပဒေ၏ အဓိကအချက်မှာ ဘဏ်ချေးငွေကို မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အာမခံအဖြစ် ထားရှိ၍ ကာလတိုချေးငွေအဖြစ် ထုတ်ချေးသည့်စနစ်မှ ငွေသားစီးဆင်းမှုနှင့် စီးပွားရေးစီမံကိန်းအပါအဝင် အကြောင်းအမျိုးမျိုးပေါ် အခြေခံ၍ ကာလလတ်ချေးငွေအဖြစ် ထုတ်ချေးသောစနစ်သို့ ပြောင်းရန်ဖြစ်သည်။
လက်ရှိစနစ်အရ ဘဏ်များသည် “အပေါင်ဆိုင်” ကဲ့သို့ဖြစ်နေသည်ဟု ယခင်ဗဟိုဘဏ်အရာရှိဟောင်းနှင့် ဂျာမန်ဖွံ့ဖြိုးရေးအေဂျင်စီ GIZ ၏ အကြီးတန်း အကြံပေးအရာရှိ ဦးစံသိန်းကပြောကြောင်း ဇန်နဝါရီလနှောင်းပိုင်းတွင် မြန်မာတိုင်းမ်၌ ရေးသားချက်အရ သိရသည်။
“သို့ရာတွင် စွန့်စားမှုအခြေပြု၊ သို့မဟုတ် ငွေသားစီးဆင်းမှုအခြေပြု ငွေချေးစနစ်တွင် ဘဏ်များသည် လုပ်ငန်းတစ်ခုချင်းစီ၏ အားနည်းချက်၊ အားသာချက်၊ အလားအလာ၊ ချေးငွေပမာဏနှင့် အထူးသဖြင့် ချေးငွေပြန်လည်ပေးဆပ်နိုင်မှု အင်အားတို့ကို ဆုံးဖြတ်သောအခါ အလုံးစုံခြုံငုံ သုံးသပ်သောနည်းကို အသုံးပြုနိုင်သည်။
“ဘဏ်တွေက စွန့်စားမှုအခြေပြု ချေးငွေစနစ်တွေနဲ့ ပိုမိုအသားကျလာတဲ့အခါ နိုင်ငံရဲ့အက်စ်အမ်အီးတွေကို ထိထိရောက်ရောက် ထောက်ပံံ့နိုင်ဖို့အတွက် ရေရှည်ချေးငွေတွေကို ခွင့်ပြုသွားနိုင်မှာဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ကြီးကြပ်ရေးအဖွဲ့က ကိုင်တွယ်ဖြေရှင်းရန် ဆောင်ရွက်နေသော ပုဂ္ဂလိကဘဏ်များ ရင်ဆိုင်နေရသည့် ပြဿနာများကို ဗဟိုဘဏ်ကထုတ်ပြန်သော နောက်ဆုံးသုံးလပတ်ဘဏ္ဍာရေး စာရင်းအင်းသတင်းလွှာ၌ ပါရှိသည့် ကိန်းဂဏန်းများက မီးမောင်းထိုးပြထားသည်။ ချေးငွေ ၉၃ ရာခိုင်နှုန်းကို မြေယာနှင့် အိမ်ခြံမြေကို အပေါင်အဖြစ် အာမခံပေးထားပြီး ချေးငွေ၏ ၇၈ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများထံ ရောက်ရှိသွားခြင်းဖြစ်သည်။ သုည ဒသမ ၂ ရာခိုင်နှုန်းခန့်သာလျှင် အက်စ်အမ်အီးများထံ ရောက်ရှိသည်။
စွန့်စားမှုအခြေပြု ငွေချေးလုပ်ငန်းနှင့်အသားကျအောင် ဗဟိုဘဏ်က ဘဏ်များကို အားပေးလျက်ရှိသည်။ ထိုသို့ အားပေးဆောင်ရွက်ရာတွင် ပြန်လည်ပေးဆပ်နိုင်သည့် စည်းကမ်းချက်များပါဝင်သော အစီအစဉ်သစ်များ ဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေးလုပ်ငန်း အဆိုးသံသရာနှင့် ချေးယူသူ၏ ငွေသားစီးဆင်းမှုပုံစံကို ထည့်သွင်းစဉ်းစားထား၍ ဆောင်ရွက်ပေးထားသည်။
ဥပမာအားဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍသို့ ငွေချေးသောအခါ အရစ်ကျပြန်ဆပ်ငွေများကို စိုက်ပျိုးရာသီကာလ၌ လျှော့ချပြီး သီးနှံရိတ်သိမ်းရောင်းချချိန်တွင် တိုးမြှင့်ပေးရန်ဖြစ်သည်။
အတိုးနှုန်းပြဿနာ
ဗဟိုဘဏ် စည်းမျဉ်းဥပဒေသစ်ကြောင့် စီးပွားရေးလုပ်ငန်း အတော်များများအတွက် ရေတိုမှာ ငွေချေးရသော ဝန်းကျင်အခြေအနေကို ပိုမိုအခက်အခဲ ဖြစ်သွားစေနိုင်သည်။ အထူးသဖြင့် စွန့်စားရသည့် အခြေအနေ ပိုမိုမြင့်မားသည့် ငွေချေးသူများအား ငွေထုတ်ချေးရမည်ကို ဘဏ်များက စိုးရိမ်တတ်သဖြင့် အက်စ်အမ်အီးများအတွက် ပိုဆိုးသည်။
ဘဏ်များက အပေါင်ခံပစ္စည်းရင်းမြစ်များကို အမျိုးမျိုးရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အထောက်အကူ ပေးနိုင်ရေးအတွက် ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC သည် ဗဟိုဘဏ်နှင့်တွဲဖက်၍ ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်ပစ္စည်း ဘဏ္ဍာငွေ ထောက်ပံံ့ရေးဥပဒေကို ပြုစုပေးလျက်ရှိသည်။
ယင်းဥပဒေအရ ကုမ္ပဏီများက ချေးငွေကို ရယူရာတွင် ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှုကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။ “ဒီဥပဒေကို ကျွန်မတို့ ရေးဆွဲနိုင်မယ်ဆိုရင် ကုမ္ပဏီတွေက မော်တော်ကားကနေ လက်ဝတ်ရတနာအထိ ရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို အပေါင်ခံပစ္စည်းအဖြစ် အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်” ဟု IFC ၏ ဒေသဆိုင်ရာ တာဝန်ခံ Country Officer ဒေါ်ခင်သီတာမော်က ပြောသည်။
ဥပဒေအရ ဘဏ်များသည် ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်ပစ္စည်းများကို လက်ခံ၍ရနေပါပြီ။ သို့သော်လည်း စွန့်စား၍ ဆောင်ရွက်လိုသူ မရှိသလောက်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ခွင့်ပြုထားသော ဥပဒေက ဘဏ်များနှင့် ငွေချေးယူသူ နှစ်ဦးစလုံးကို အကာအကွယ်ပေးထားသည်။
စက်မှုလုပ်ငန်းရှင် ဦးမြတ်သင်းအောင်က ဘဏ်ချေးငွေအတိုးနှုန်းများ ကျဆင်းလာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။ ဗဟိုဘဏ်အတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်းရှိပြီး ဘဏ်အပ်ငွေအတိုးနှုန်းက ရှစ် ရာခိုင်နှုန်းဖြစ်သည်။ ဘဏ်များသည် ကုမ္ပဏီအားလုံးနီးပါးကို အမြင့်ဆုံးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ချေးသည့်သဘောဖြစ်သည်။
ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်လည်းဖြစ်၊ ပြည်သူူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်သက်သက်ခိုင်က စုဆောင်းငွေနှင့် ချေးငွေနှစ်ခုစလုံးအတွက် အတိုးငွေများကို ဗဟိုဘဏ်က လျှော့ချပေးရန် ဇန်နဝါရီ ၂၅ ရက်က ပြည်သူ့လွှတ်တော်သို့ အကြံပြုခဲ့သည်။
ဗဟိုဘဏ်က အပ်ငွေအတိုးနှုန်းကို ခုနစ် ရာခိုင်နှုန်းနှင့် ထုတ်ချေးငွေအတိုးနှုန်း အမြင့်ဆုံးသတ်မှတ်ချက်ကို ၁၁ ရာခိုင်နှုန်းထားပါက စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို မြှင့်တင်ပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်လိမ့်မည်ဟု ၎င်းက ပြောသည်။
သို့သော်လည်း ပုဂ္ဂလိကဘဏ်များက ဤသို့ ဆောင်ရွက်မှုကို ဆန့်ကျင်လာမည်ဖြစ်သည်။ အက်စ်အမ်အီးများကဲ့သို့သော စွန့်စားချေးယူရသူများအတွက် ဆောင်ရွက်ပေးနိုင်ရန် အတိုးနှုန်းများကို မြှင့်တင်ပေးရန် သူတို့က တောင်းဆိုထားသည်။
အက်စ်အမ်အီးများကို ချေးငွေများ ပိုမိုထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်သော အဆင့်နှစ်ဆင့်ပါ ချေးငွေအစီအစဉ်တွင် ဘဏ်ကပါဝင်ဆောင်ရွက်သောအခါ ပိုမိုလွတ်လပ်သောအတိုးနှုန်း ပေးဆောင်ရေးဝန်းကျင် ထူထောင်ရေး လိုအပ်လျက်ရှိသည်ကို အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် Small and Medium Industrial Development Bank (SMIDB) ဥက္ကဋ္ဌဟောင်း ဦးသန်းထွန်းအဖို့ ပိုမိုရှင်းလင်းစွာ တွေ့မြင်လာသည်။
ဦးသိန်းစိန်အစိုးရ၏ နောက်ပိုင်းနှစ်များတွင် ဂျိုက်ကာ ခေါ် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ Japan International Cooperation Agency – JICA က အစီအစဉ်တစ်ခုကို မိတ်ဆက်ဆောင်ရွက်ခဲ့သည်။ အစီအစဉ်အရ ဘဏ်များက ၁၃ ရာခိုင်နှုန်းအတိုးဖြင့် ချေးယူပြီး သုံးရာခိုင်နှုန်း၊ သို့မဟုတ် လေးရာခိုင်နှုန်းထပ်တိုးပြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို တဆင့်ပြန်ချေးသည်။
SMIDB က အက်စ်အမ်အီးများအတွက် ကျပ် ၁၀ ဘီလျံ ထုတ်ချေးခဲ့သည်။ “ကျွန်တော်တို့ ကျပ် ၆ ဘီလျံတောင် ပြန်မရပါဘူး” ဟု သူက ပြောသည်။
အကောင်အထည် မဖော်သေးဘဲထားသော အခြားဖြစ်နိုင်ခြေရှိသည့် အဖြေတစ်ခုမှာ နိုင်ငံခြားဘဏ်များက ပြည်တွင်းကုမ္ပဏီများကို ငွေချေးခွင့်ပြုရန်ဖြစ်သည်။ ယခုလောလောဆယ်တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာဘဏ် ၁၃ ခုသည် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်း-ပြည်ပ ဖက်စပ်လုပ်ငန်းများကိုသာ ငွေထုတ်ချေးသည်။
ချေးငွေရရှိနိုင်ရေးအတွက် အစားထိုးအရင်းအမြစ်သာ မရှိပါက “ကျွန်တော်တို့စီးပွားရေး ပြန်ပြီးနာလန်မထူနိုင်ပါဘူး။ ကျွန်တော်တို့အတွက် နိုင်ငံခြားဘဏ်တွေကသာ ပေးနိုင်တဲ့ ရေရှည်ချေးငွေမျိုး လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောသည် ။
ပျောက်ကွယ်နေသော အဖွဲ့အစည်းများ
အကျပ်အတည်း ဖြေရှင်းရေးအတွက် အဓိကကျသောအချက်မှာ ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာန Credit Bureau ဖွဲ့စည်းရေးဖြစ်ကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတို့က ပြောသည်။ ယင်းအပိုင်းတွင် ဆောင်ရွက်မှုမှာ နှေးကွေးနေသည်။ မြန်မာဘဏ်များအသင်းသည် စင်ကာပူနိုင်ငံမှ NSP Holdings ကုမ္ပဏီနှင့် ၂၀၁၄ ခုတွင် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ထို့နောက် ငွေကြေးအဖွဲ့အစည်းများ ဥပဒေနှင့် နည်းဥပဒေမူဘောင်ကို အစိုးရက ပြဋ္ဌာန်းမည်ကို စောင့်ဆိုင်းခဲ့ရသည်။
ယခုအခါ ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာန Credit Bureau ကို လက်တွေ့လုပ်ငန်း လည်ပတ်နိုင်ရန် လိုအပ်သောကျွမ်းကျင်မှုများကို IFC က ဗဟိုဘဏ်ဝန်ထမ်းများအား လေ့ကျင့်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး Credit Bureau အဖြစ် လုပ်ကိုင်ခွင့်လိုင်စင် ရရှိခဲ့ပြီးဖြစ်သော်လည်း လက်တွေ့လုပ်ကိုင်လည်ပတ်နိုင်ရန် အချိန်ယူရဦးမည်ဖြစ်ကာ လုပ်ငန်းလည်ပတ်ဖြစ်သည့်တိုင် ဘဏ်များဘက်မှာ ထိုက်သင့်သော လုံခြုံစိတ်ချရမှုရရှိစေရန် ရုန်းကန်ဆောင်ရွက်ရဦးမည်ဖြစ်ပြီး ပုံသေအပေါင်ပစ္စည်းအပေါ် ဆက်လက်မှီခို၍ ကြွေးဆုံးမည့် အန္တရာယ်မှ သူတို့ကိုယ်သူတို့ ကာကွယ်ရမည့် အခြေအနေရှိနေသည်။
ထိုအတောအတွင်း ဘဏ်များသည် နည်းဥပဒေသစ်များကို လိုက်နာနိုင်ရန် ခရီးရှည်ကြီးကို စတင်ရမည်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများမှာ ချေးငွေရှင်းလင်းရသည့်အတွက် နစ်နာမှုများရှိခဲ့သည်။ ဗဟိုဘဏ်သည် ဤအချက်ကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဉာဏ်သစ်လှိုင်က ပြောသည်။
ဗဟိုဘဏ်သည် ဘဏ်လုပ်ငန်းကဏ္ဍနှင့် စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းတွင် ပါဝင်နေသူများနှင့် ညှိနှိုင်းတိုင်ပင်သင့်ကြောင်း အင်န်အယ်လ်ဒီ၏ စီးပွားရေးအကြံပေး ဦးရဲမင်းဦးက ပြောသည်။
“စည်းမျဉ်းတွေ ထုတ်ပြန်နေတယ်ဆိုပြီး ကျွန်တော်တို့က ဗဟိုဘဏ်ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ချည်း ဆွေးနွေးနေပြီး ဒါတွေကိုထုတ်ပြန်တာကလည်း အချိန်အခါ မသင့်သေးသလို အစိုးရရဲ့စီးပွားရေးမူဝါဒတွေနဲ့ မကိုက်ညီတဲ့အတွက် ပြောနေရတာပါ” ဟု သူက ဆိုသည်။
ဝေဖန်မှုများ ရှိနေသော်လည်း ငွေကြေးလုပ်ငန်းမှာ အလုံးစုံပါဝင်မှု တိုးတက်လာစေရန်နှင့် “ရှိနေပြီးသား အထက်တန်းလုပ်ငန်းရှင်များကိုသာ မျက်နှာသာပေးနေသော” စနစ်ကို ဖယ်ရှားရန် လိုအပ်နေသေးကြောင်း မစ္စတာ ရှောင်တာနယ်က ပြောသည်။
“လောလောဆယ်မှာ သင်က လုပ်ငန်းသစ်တစ်ခုဆိုရင် ကြီးမားတဲ့စိတ်ကူးစိတ်သန်း ရှိရပါမယ်။ သင့်မှာ ထူးထူးခြားခြား ပိုင်ဆိုင်ပစ္စည်းမရှိရင် ချေးငွေရနိုင်မယ့်လမ်း မရှိပါဘူး။ အရင်းအနှီးရမယ့်လမ်း မမြင်ပါဘူး” ဟု သူက ဆိုသည်။
ဇမ္ဗူစိုး ဘာသာပြန်သည်။