ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့ခြင်းကို တိုက်ဖျက်ရန်အတွက် နိုင်ငံတကာအစိုးရများက ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည့် Financial Action Task Force က မြန်မာနိုင်ငံအား စောင့်ကြည့်သည့်စာရင်းမှ ပယ်ဖျက်လိုက်သည်။
ပါပူဝါနယူးဂီနီနှင့်အတူ မြန်မာနိုင်ငံအား ငွေကြေးခဝါချမှုကို တိုက်ဖျက်ခြင်းနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုအား တိုက်ဖျက်ခြင်းလုပ်ငန်းစဉ်များ(AML/CFT)နှင့် ပတ်သက်၍ စောင့်ကြည့်ခံရသည့် စာရင်းပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ဇွန် ၂၄ ရက်က ထုတ်ပြန်ခဲ့သော FATF ၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။
AML/CFT စနစ်အား တိုးတက်အောင် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက ထူးထူးခြားခြား ဆောင်ရွက်နိုင်မှုအတွက် FATF က ကြိုဆိုခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီတွင် FATF က ဖော်ထုတ်ပြခဲ့သည့် မဟာဗျူဟာမြောက် လိုအပ်ချက်များအတွက် လုပ်ငန်းဆောင်ရွက်ချက် စီမံကိန်းဖြင့် ကတိကဝတ်များကို ဖြည့်ဆည်းရန် တရားရေးနှင့် စည်းမျဉ်းစည်းကမ်းမူဘောင်များကို ချမှတ်ထားပြီဟု မြန်မာနိုင်ငံက တရားဝင်အသိပေးခဲ့ကြောင်း ပါရီအခြေစိုက် ၎င်းအဖွဲ့၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။
အပြန်အလှန် အကဲဖြတ်မှု အစီရင်ခံစာတွင် ဖော်ထုတ်ခဲ့သည့် AML/CFT ပြဿနာများကို အပြည့်အဝ ကိုင်တွယ်ရေး ဆက်လက်ဆောင်စဉ် မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုဆိုင်ရာ အာရှ-ပစိဖိတ် အုပ်စု(APG)နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအား ထိုကဲ့သို့ အမည်ပျက်စာရင်းမှ ဖယ်ရှားခံရခြင်းကြောင့် နိုင်ငံတကာဘဏ်များ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူစေနိုင်သည့်အတွက် ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှုကိုလည်း အနည်းငယ် တိုးတက်ရရှိနိုင်သည်ဟု Myanmar Centre for Responsible Business မှ ဗစ်ကီ ဘိုးမန်းက ပြောသည်။
၂၀၁၄ ခုနှစ်တွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတစ်ခုကို မြန်မာနိုင်ငံက စတင်ပြဋ္ဌာန်းခဲ့ပြီး တစ်ချိန်တည်းမှာပင် ငွေကြေးခဝါချမှုကို နှိမ်နင်းရန် ငွေကြေးထောက်လှမ်းရေးယူနစ်တစ်ခုကို စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာတွင် မြန်မာနိုင်ငံဗဟိုဘဏ်က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအန္တရာယ်များအား ကိုင်တွယ်နိုင်ရေးအတွက် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုအား တိုက်ဖျက်ရေးနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အား ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရေးတို့အတွက် စံနှုန်းများချမှတ်ကာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးတို့အတွက် FATF ကို ၁၉၈၉ ခုနှစ်က တည်ထောင်ခဲ့သည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ရန် အရေးယူ ဆောင်ရွက်မှုများကို အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ တိုးတက်မှုကို ထိုအဖွဲ့က စောင့်ကြည့်လျက်ရှိသည်။
သတင်း-Frontier