ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုအား ရဲတပ်ဖွဲ့က အင်အားသုံး တားဆီးပိတ်ပင်ခဲ့ပြီးနောက် ပါဝင်သူ အနည်းဆုံးရှစ်ဦးကို ဖမ်းဆီးသွားသည်။
ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး၌ စစ်ပွဲများ ရပ်တန့်ရေးအတွက် တောင်းဆိုရန် တာမွေကုန်းကျော် တံတားအောက်မှ စတင်ကာ မြို့လယ်အထိ ချီတက်ရန် စီစဉ်ထားသည့် အဆိုပါလှုပ်ရှားမှုအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များထံ မေ ၉ ရက်နေ့က ဥပဒေအရ အသိပေးတင်ပြခဲ့သော်လည်း စုဝေးချိန်တွင် ရဲတပ်ဖွဲ့က လာရောက်တားဆီးခဲ့ခြင်းဖြစ်သည်။
ပြည်သူလူထု အနှောက်အယှက်မဖြစ်စေရန်အတွက် ရန်ကုန်မြို့ မြို့နယ် ၁၁ ခုတွင် ဆန္ဒပြပွဲများကို ပိတ်ပင်ထားသည့်အမိန့်ကို ယခုချီတက်ပွဲက ချိုးဖောက်ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားသည်။
မေ ၁၂ ရက်နေ့ ညနေပိုင်းတွင် စီစဉ်ထားသည့်အတိုင်း တာမွေမြို့နယ်ရှိ Ocean Centre ရှေ့တွင် ငြိမ်းချမ်းစွာ စုဝေးမှုကို ပြုလုပ်စဉ် ခွင့်မပြုနိုင်ကြောင်း သက်ဆိုင်ရာက အင်အားသုံးပြီး လာရောက်ဟန့်တား ပိတ်ဆို့ခဲ့သည်ဟု ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ဦးဆောင်သူများက ငြိမ်းချမ်းစွာဖြင့် လူစုခွဲမည်ဖြစ်ကြောင့် မြို့နယ်ဦးစီးမှူးအား ညှိနှိုင်း ပြောကြားခဲ့ပြီးနောက် ၎င်းကလည်း သဘောတူညီခဲ့သဖြင့် ဦးဆောင်သူများက ပူးပေါင်းပါဝင်သူများအား ငြိမ်းချမ်းစွာ လူစုခွဲနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။
“ကျွန်ုပ်တို့ ငြိမ်းချမ်းစွာ လူစုခွဲနေချိန်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အမျိုးသားရေးသမားဆိုသည့် အရပ်ဝတ် လူပုဂ္ဂိုလ်များက အတင်းအဓမ္မ ဝင်ရောက်ရိုက်နှက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးခံခဲ့ရသူများအား ရန်ကင်းမြို့နယ် ရဲစခန်းသို့ ခေါ်ဆောင်သွားသည်ဟုလည်း သတင်းအချို့တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ဖမ်းဆီးမှုများကို ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကော်မတီက ကန့်ကွက်ရှုံ့ချလိုက်ပြီး ဖမ်းဆီးထားသူများအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း တောင်းဆိုလိုက်သည်။
ထို့ပြင် ငြိမ်းချမ်းစွာလူစုခွဲနေသူများအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ခြင်းအပေါ် စုံစမ်းဖော်ထုတ် အရေးယူပေးရန်နှင့် ငြိမ်းချမ်းစွာ လူစုခွဲနေသည့်ပြည်သူများအား ဥပဒေမဲ့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးရန် ခိုင်းစေသည့် အဓိက တာဝန်ရှိသူအား အစိုးရက ဖော်ထုတ်အရေးယူပေးရန်လည်း တောင်းဆိုထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် ကချင်ပြည်နယ်တွင် ပိတ်မိနေသည့် အရပ်သားများအား ကယ်တင်ပေးရေးအတွက် လှုပ်ရှားသူအနည်းဆုံး ကိုးဦးအား နိုင်ငံ၏ နေရာအချို့တွင် ဖမ်းဆီး၊ တရားစွဲဆိုမှုများ ရှိခဲ့သည်။