ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်သဘောထား ဘယ်လောက် အရေးပါသလဲ

မိုင်ဂျာယန် ညီလာခံကို တရုတ်အထူးသံတမန် တက်ရောက်လာတာဟာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်စေဖို့ တရုတ်က စိတ်ဝင်စားမှုရှိတာကို ပြသလိုက်တာ ဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်ကနေ ၃၀ ရက်အထိ ကချင်ပြည်နယ် ကေအိုင်အေ ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ ညီလာခံ တစ်ခု ကျင်းပခဲ့ပါတယ်။ အစိုးရနဲ့ အပစ်ရပ်ထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ၊ အပစ်ရပ် မထားတဲ့ အဖွဲ့တွေအပြင် တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေလည်း ပါဝင်တဲ့ ညီလာခံ ဖြစ်တာကြောင့် ဒီညီလာခံဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်မှာ အရေးပါတဲ့ ညီလာခံ တစ်ခု ဖြစ်ခဲ့ပါတယ်။

ထူးခြားချက်ကတော့ အဲဒီ ညီလာခံကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီးယား နဲ့ တရုတ်နိုင်ငံခြားရေးရာဌာနရဲ့ အာရှရေးရာ အထူးသံတမန် မစ္စတာ စုကို့ရှမ်း Mr.Sun Guoxiang တို့လည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ တခြား ဘယ်နိုင်ငံက သံတမန် တယောက်မှ တက်ရောက်တာ မတွေ့ရဘဲ တရုတ် တစ်နိုင်ငံတည်း တက်ရောက်တာဟာ ထူးခြားမှုလို့ ဆိုနိုင်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရဖို့ တကယ်လိုလားတဲ့ နိုင်ငံ ဟုတ်ပါရဲ့လား၊ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်နိုင်ငံရဲ့ သဘောထား ဘယ်လောက် အရေးပါသလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အစည်းအဝေး ဖွင့်ပွဲနေ့မှာ တရုတ်နိုင်ငံခြားရေးရာဌာနရဲ့ အာရှရေးရာ အထူးသံတမန် မစ္စတာ စုကို့ရှမ်း က ခုလို ပြောပါတယ်။ “မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျနော်တို့ ထောက်ခံမယ် တွန်းအားပေးမယ်လို့ ကျနော်အကြိမ်ကြိမ် အခါခါပြောခဲ့ဖူးပါတယ်၊ ပူးပေါင်းဆောင်ရွက်ရေးထဲမှာ၊ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ကျနော်တို့ အကူအညီပေးဖို့လည်း ပါဝင်ပါတယ်၊ ကျနော် ကုလသမဂ္ဂကတဆင့် မြန်မာနိုင်ငံ JMC (Joint Monitoring Committee ၊ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်တွေ ပူးပေါင်းဖွဲ့စည်းထားတာ) ကို အမေရိကန်ဒေါ်လာ ၃ သန်း လှူခဲ့ပါတယ်” ဆိုပြီး ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်က ဘယ်လို သဘောထားနေတယ်ဆိုတာ သိနိုင်ဖို့ အတိတ်သမိုင်းကိုတော့ နည်းနည်းပါးပါး ပြန်ဆန်းစစ်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ဇန်နဝါရီမှာ လွတ်လပ်ရေးရပြီး လက်ရှိ တရုတ်ပြည်သစ်ကတော့ ၁၉၄၉ ခုနှစ်မှာ စတင် ပေါက်ဖွားလာတာပါ။ တရုတ်နိုင်ငံမှာ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာတော့ တရုတ်အစိုးရကို အစောဆုံး အသိအမှတ်ပြု ထောက်ခံခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံ ပါပါတယ်။

လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားနေပေမယ့် အဲဒီအချိန်က အာဏာရ ဖဆပလ အစိုးရနဲ့ တရုတ်အစိုးရ ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး နယ်နိမိတ် သတ်မှတ်ရေး လုပ်ငန်းတွေကိုတောင် အောင်မြင်အောင် လုပ်ကိုင်နိုင်ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးနေဝင်း စစ်အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ အစိုးရဖွဲ့ အုပ်ချုပ်ပါတယ်။

အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက် ၁၉၆၇ ခုနှစ်မှာ တရုတ်-မြန်မာ ဆက်ဆံရေး ယိုယွင်းလာပါတယ်။ ရန်ကုန်နဲ့ နယ်မြို့အတော်များများမှာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်ပြီး တရုတ်လူမျိုးတွေ တိုက်ခိုက်ခံရပါတယ်။ ဇွန်လ ၂၇ ရက်မှာ တရုတ်သံရုံးက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ကောင်စစ်ဝန်ရုံး၊ တရုတ်ပြည်သစ် သတင်းအေဂျင်စီရုံး၊ တရုတ်မြို့ပြ လေကြောင်းဌာန အတိုက်ခိုက် ခံရပါတယ်။ တရုတ်လူမျိုးတွေ ပိုင်ဆိုင်တဲ့ ဈေးဆိုင်တွေ နေအိမ်တွေ အဆောက်အအုံတွေလည်း တိုက်ခိုက်ခံရပြီး နောက်ပိုင်း သောင်းနဲ့ချီတဲ့ တရုတ်လူမျိုးတွေ ဟောင်ကောင်၊ မကာအိုနဲ့ နိုင်ငံပြင်ပကို ထွက်ပြေးသွားခဲ့ရပါတယ်။

အနီးသမိုင်းကို ပြန်ကြည့်လိုက်ရင် မြန်မာ-တရုတ် နယ်စပ်မှာ စစ်ပွဲတွေ ဖြစ်ပွားပြီး တည်ငြိမ်မှု မရှိတဲ့ အခြေအနေဟာ တရုတ်နိုင်ငံကို အကျိုးမပြုခဲ့ဘူးဆိုတာ တွေ့နိုင်သလို၊ နယ်စပ်တွေ တည်ငြိမ်တဲ့ အခြေအနေအောက်မှာ မြန်မာနိုင်ငံနဲ့ ကူးလူး ဆက်ဆံတာ အပါအဝင် တရုတ် စီးပွားရေးအတွက် အကျိုးရှိစေတာကိုလည်း တွေ့ကြရမှာပါ။

ဒီ မြန်မာနိုင်ငံထဲက တရုတ်ဆန့်ကျင်ရေး ပဋိပက္ခကို အကြောင်းပြုပြီး တရုတ်အစိုးရဟာ ၁၉၆၈ ဇန်နဝါရီ ၁ ရက်မှာ တရုတ်နိုင်ငံထဲ ရောက်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ကေဒါတွေ၊ လူမျိုးစု ကေဒါတွေကို လက်နက်တပ်ဆင်ပေးပြီး ရှမ်းပြည်နယ် ကိုးကန့်နယ်ထဲကို ဝင်ရောက် တိုက်ခိုက်စေပါတယ်။

၁၉၆၈ မတ်လကစ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သားတွေကို လက်ဝဲကူညီရေး တပ်ဖွဲ့တွေအဖြစ် ဖွဲ့စည်းစေပြီး ဗကပ အလံအောက်ကနေ မြန်မာအစိုးရ စစ်တပ်ကို အကြီးအကျယ် တိုက်ခိုက်ပါတော့တယ်။ နောက်ပိုင်း အာဏာရှင် ဦးနေဝင်းဟာ တရုတ်နိုင်ငံနဲ့ ပြန်လည် သင့်မြတ်ဖို့ အကြီးအကျယ် ကြိုးစားခဲ့ပေမဲ့ မြန်မာနိုင်ငံ အရှေ့မြောက် နယ်စပ် ရှမ်းပြည်နယ်မှာတော့ ဗကပ တပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ကျန်ရစ်ခဲ့ပါတယ်။

၁၉၈၈ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ပြီးနောက် စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းပါတယ်။ တစ်နှစ်မကြာခင် ၁၉၈၉ မတ်-ဧပြီမှာ ဗကပ တပ်တွင်း ပုန်ကန်မှု ပေါ်ပေါက်လာပြီး ဗကပ ခေါင်းဆောင်မှု ပြိုလဲသွားပါတယ်။ ဗကပ ကနေ ခွဲထွက်ပြီး ပေါ်ပေါက်လာတဲ့ ဝ၊ ကိုးကန့်၊ မိုင်းလားနဲ့ ကချင် ၁၀၁ တပ်ဖွဲ့တွေဟာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲ ငြိမ်းချမ်းရေး ယူလိုက်ပါတယ်။

ဗကပ မရှိတော့တဲ့နောက် တရုတ်အစိုးရဟာ မြန်မာ စစ်အစိုးရနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပြီး နိုင်ငံတကာ အလယ်မှာ ထောက်ခံ ရပ်တည်ပေးပါတယ်။ အကျိုးဆက်အားဖြင့် တည်ငြိမ်သွားတဲ့ တရုတ်နယ်စပ်တွေမှာရော၊ မြန်မာနိုင်ငံတွင်းမှာပါ တရုတ်နိုင်ငံဟာ စီးပွားရေး လုပ်ငန်းတွေ အကြီးအကျယ် လုပ်ကိုင်နိုင်ပြီး အကျိုးအမြတ်တွေ ရရှိခဲ့ပါတယ်။ နယ်စပ်ဒေသတွေမှာ တိုက်ခိုက်မှုတွေ ရပ်စဲနေတာကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံက သစ်၊ ကျောက်စိမ်းနဲ့ သယံဇာတ ထုတ်လုပ်ရေးတွေကိုလည်း အကြီးအကျယ် လုပ်ကိုင်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန် မြန်မာပြည်တွင်းကို ပြန်ကြည့်ရင် တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တွေ့နိုင်ပါတယ်။ ကျောက်ဖြူ-ခွင်းမင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ ဧရာဝတီ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်း စသဖြင့် အများကြီးရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ သမုဒ္ဒရာနှစ်စင်း ပေါ်လစီအရ အိန္ဒိယ သမုဒ္ဒရာကို အသုံးပြုနိုင်ဖို့ ယူနန်ပြည်နယ် ခွင်းမင်ကနေ ကျောက်ဖြူအထိ ဘက်စုံလမ်းမကြီးကိုလည်း ဖောက်လုပ်ချင်နေပါတယ်။ အနီးသမိုင်းကို ပြန်ကြည့်လိုက်ရင် မြန်မာ-တရုတ် နယ်စပ်မှာ စစ်ပွဲတွေ ဖြစ်ပွားပြီး တည်ငြိမ်မှု မရှိတဲ့ အခြေအနေဟာ တရုတ်နိုင်ငံကို အကျိုးမပြုခဲ့ဘူးဆိုတာ တွေ့နိုင်သလို၊ နယ်စပ်တွေ တည်ငြိမ်တဲ့ အခြေအနေအောက်မှာ မြန်မာနိုင်ငံနဲ့ ကူးလူး ဆက်ဆံတာ အပါအဝင် တရုတ် စီးပွားရေးအတွက် အကျိုးရှိစေတာကိုလည်း တွေ့ကြရမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ဆန်းပိုင်း တရုတ်နယ်စပ် ကိုးကန့်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့ပုံစံမျိုးဟာလည်း တရုတ်နိုင်ငံအတွက် အကျိုးမရှိဘူးဆိုတာ တရုတ်အစိုးရပိုင်းက ကောင်းကောင်း သဘောပေါက်နေပြီ ဖြစ်ပါတယ်။

ဒီအတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် တရုတ်အစိုးရရဲ့ သဘောထားဟာ တိုက်ပွဲတွေ မဖြစ်ရေးနဲ့ တည်ငြိမ်မှု ရှိရေးပါပဲ။ ဒီအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးမှာ ဖြစ်သလို၊ တိုင်းရင်းသား လက်နက်ကိုင် အများစုကြီးဟာ တရုတ်နယ်စပ်မှာ အခြေစိုက်တာမို့ ဒီအချက်ဟာ မြန်မာ့ ငြိမ်းချမ်းရေး အတွက် အတော်လေး အရေးပါပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆိုတာ တိုက်ပွဲတွေ ရပ်စဲသွားရုံနဲ့ မပြီးဘဲ နိုင်ငံရေး ပြဿ     နာတွေ ပြေလည်ဖို့အထိ ဖြေရှင်းကြရမှာမို့၊ ဒါကိုတော့ တရုတ်နိုင်ငံက ဝင်ရောက်ဖြေရှင်းပေးလို့ ရမှာ မဟုတ်ဘဲ ကိုယ့်နိုင်ငံသား အချင်းချင်း ဖြေရှင်းကြရမှာပဲ ဖြစ်ကြောင်းပါ။

ခေါင်းစီးဓာတ်ပုံ- ဗိုလ်ချုပ် ဂွန်မော်နှင့် တရုတ် အထူးသံတမန် မစ္စတာ စုကို့ရှမ်း တို့ကို ၂၀၁၆ ဇူလိုင် ၂၆ ရက်က မိုင်ဂျာယန်၌ တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

စည်သူအောင်မြင့်

စည်သူအောင်မြင့်

စည်သူအောင်မြင့်သည် ၁၉၉၇ တွင် သတင်းထောက်တစ်ဦး ဖြစ်လာသည်။ Living Colour စီးပွားရေးမဂ္ဂဇင်း နှင့် အခြားစာစောင်အများအပြား၌ ရေးသားခဲ့သည်။ ၂၀၁၃ မတိုင်မီက ပြည်ပ မီဒီယာများအတွက် သတင်းများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များ ပေးပို့ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် မီဒီယာ များ၌ အလွတ်တန်း ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားပေးပို့လျက်ရှိသည်။

Share on facebook
Share on twitter
Share on email

More stories

လက်ရှိ ကိုဗစ်-၁၉ကိုမြန်မာနိုင်ငံက ကျော်လွှားဖို့ရန် လူ့အခွင့်အရေးဥပဒေပါ အချက်များကိုလိုက်နာ၍ ကာကွယ်ရေးလုပ်ငန်းများကို ဆန်းစစ်ကြည့်ရန်သာဖြစ်သည်။

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar