ထွန်းခိုင်
မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်ပွဲများရပ်တန့်ရေးအတွက် ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြသူများအား ထိုးကြိတ်ခဲ့ကြသူများကို တရားစွဲဆိုနိုင်ရေးအတွက် ပြင်ဆင်နေကြပြီဖြစ်သည်။
ဆန္ဒပြသူများအား ရန်မူတိုက်ခိုက်သည်ကို သိသာထင်ရှားစေမည့် ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများကို စုစည်းနေပြီး တရားဥပဒေကြောင်းအရ ပြန်လည်ရင်ဆိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူတစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်က ပြောသည်။
တိုင်းရင်းသားဒေသများတွင် စစ်ပွဲများအရှိန်မြှင့်နေမှုကို အဆုံးသတ်ရန်နှင့် စစ်ပွဲများအကြား ပိတ်မိနေသည့် အရပ်သားများကို ကယ်တင်နိုင်ရေးအတွက် ရည်ရွယ်ပြီး မေ ၁၂ ရက်က တာမွေကုန်းကျော်တံတားအောက်၊ တာမွေလမ်းဆုံတွင် ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကော်မတီအပါအဝင် ငြိမ်းချမ်းရေး တောင်းဆိုသူများက ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများက တာမွေတွင် လူစုကာ ရန်ကုန်မြို့လယ် ဆူးလေအထိ လမ်းလျောက်ဆန္ဒပြရန် ရည်ရွယ်ပြီး သက်ဆိုင်ရာရဲစခန်းများထံ ငြိမ်းစုစီဥပဒေနှင့်အညီ မေ ၉ ရက်နေ့တွင် စာပို့အကြောင်းကြားခဲ့သည်။ သို့သော် ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်တွင် ဆန္ဒပြပွဲများကို တားမြစ်ထားသောကြောင့် ခွင့်မပြုနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မေ ၁၂ ရက်နေ့ ညနေပိုင်းတွင် ဆန္ဒပြရန် လာရောက်စုရုံးသူများကို အဓိကရုန်းနှိမ်နင်းရေး ရဲတပ်ဖွဲ့များ၊ အချုပ်ကားများ၊ ရေအမြှောက်တပ်ဆင်ထားသည့် ကားအပါအဝင် ရဲအင်အားအများအပြားဖြင့် အာဏာပိုင်များက တားဆီးခဲ့ကြသည်။
dsc_3348_lo_res.jpg
ထို့နောက် ဆန္ဒပြသူများနှင့် တာဝန်ရှိသူများညှိနှိုင်းမှုအရ ဦးဆောင်သူများနှင့် ပူးပေါင်းပါဝင်သူများအား ငြိမ်းချမ်းစွာ လူစုခွဲရန် ပြင်ဆင်နေစဉ် အရပ်ဝတ်များဖြင့် လူများက ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။
“ကျွန်ုပ်တို့ ငြိမ်းချမ်းစွာ လူစုခွဲနေချိန်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အမျိုးသားရေးသမားဆိုသည့် အရပ်ဝတ် လူပုဂ္ဂိုလ်များက အတင်းအဓမ္မ ဝင်ရောက်ရိုက်နှက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပါသည်” ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“ကျွန်တော် အဖမ်းခံရတော့ အရပ်ဝတ်နဲ့ ငါးယောက်က မင်းလားကွ ငြိမ်းချမ်းရေးလိုလားသူလားဆိုပြီး ဝိုင်းထိုးတယ်။ အားလုံးနီးပါးက အင်္ကျ ီအဖြူတွေ ဝတ်ထားကြတယ်” ဟု ကိုတင်ထွဋ်ပိုင်က ပြောသည်။
ရုပ်သံမှတ်တမ်းများအရ အရပ်ဝတ်ဖြင့် အမျိုးသားအချို့သည် ဆန္ဒပြသဖြင့် ဖမ်းဆီးခံခဲ့ရသူများကို ရဲတပ်ဖွဲ့ဝင်များရှေ့တွင် ပေါ်ပေါ်တင်တင် ထိုးကြိတ် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အာမခံထားသည့် ဒီမိုကရေစီနိုင်ငံတစ်ခုတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို အကာအကွယ်ပေးရမည့်အစား ရဲတပ်ဖွဲ့ဝင်များရှေ့တွင် ပေါ်ပေါ်တင်တင် ရန်မူတိုက်ခိုက်နေခြင်းကို လျစ်လျှူရှုထားခြင်းမှာ ရှက်စရာကောင်းသည့်ကိစ္စဖြစ်ကြောင်း ကိုတင်ထွဋ်ပိုင်က ဝေဖန်ခဲ့သည်။
ယခင်စစ်အစိုးရလက်ထက်ကလည်း ဆန္ဒပြပွဲများတွင် လက်ပတ်နီများ ဝတ်ဆင်ထားသည့် စွမ်းအားရှင်ဆိုသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဆန္ဒပြသူများကို ထိုးကြိတ်ရိုက်နှိပ် ဖမ်းဆီးမှုများ ရှိခဲ့သည်။ ထို့ပြင် ရွေးကောက်ပွဲဖြင့် အာဏာရရှိခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ရန်ကုန်မြို့လယ်၊ ဆူးလေဘုရားအနီး ဆန္ဒပြပွဲတစ်ခုတွင် လက်ပတ်နီဝတ်ဆင်ထားသူများက ဆန္ဒပြသူများကို ဝင်ရောက်ဖမ်းဆီးခဲ့သည့်အတွက် ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။
မေ ၁၂ ရက်နေ့က တာမွေတွင် ဆန္ဒပြသူများအနက် အနည်းဆုံး ရှစ်ဦးကို ရဲကဖမ်းဆီးသွားခဲ့ပြီး နောက်တစ်ရက်ဖြစ်သည့် မေ ၁၃ ရက်နေ့တွင် ကိုယ်ပိုင်အာမခံဖြင့် ဗဟန်းရဲစခန်းမှ ပြန်လွှတ်ပေးခဲ့သည်။
ဖမ်းဆီးခံခဲ့ရသူများက ၎င်းတို့ကို ရဲကဖမ်းဆီးခဲ့ပြီး အချုပ်ကားပေါ်သို့ ပို့ဆောင်ချိန်တွင် အသင့်စောင့်နေသည် အရပ်ဝတ်များက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသေးသည်ဟု Frontier ကို ပြောသည်။
ဖမ်းဆီးခံရပြီးနောက် ရဲတပ်ဖွဲ့က နှစ်နာရီနီးပါးကြာ စစ်ဆေးမေးမြန်းမှုအတွင်း အရပ်ဝတ်ဖြင့် ထိုးကြိတ်သူများနှင့် ရဲတပ်ဖွဲ့အကြား ပတ်သက်မှုကို မေးမြန်းခဲ့သော်လည်း ရဲအရာရှိများက ဖြေကြားရန် ငြင်းဆန်ခဲ့သည်ဟု ဖမ်းဆီးခံခဲ့ရသူ ရှစ်ဦးအနက် တစ်ဦးဖြစ်သည့် ကိုဇေယျာလွင်က ပြောသည်။
“အရပ်ဝတ်နဲ့သူတွေကို ဘယ်ကလဲလို့ ကျွန်တော်က ရဲကိုမေးတော့ ဘယ်သူတွေလဲဆိုတာ ကျွန်တော် ဖြေဆိုခွင့် မရှိဘူးဆိုတဲ့ စကားလုံးပဲ သုံးသွားတယ်။ ဗဟန်း စခန်းမှုးကတော့ သူမသိဘူးလို့ ပြောတယ်” ဟု ကိုတင်ထွဋ်ပိုင် က ပြောသည်။
ဆန္ဒပြပွဲ၌ ဖမ်းဆီးခံခဲ့ရသူများသည် ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် လာမည့် ရက်သတ္တပတ်တွင် တရားရင်ဆိုင်ရဖွယ်ရှိသည်။
အဆိုပါပုဒ်မအတွက် အမြင့်ဆုံးပြစ်ဒဏ်သည် ပထမအကြိမ်ကျူးလွန်လျှင် ထောင်ဒဏ် တစ်လနှင့် ဒဏ်ငွေ ကျပ် ၁၀,၀၀၀ ဖြစ်ပြီး ဒုတိယအကြိမ်ကျူးလွန်ပါက ထောင်ဒဏ်သုံးလနှင့် ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ဖြစ်သည်။