အဂတိလိုက်စားမှုကို သတင်းပေးမိသည့်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ အလုပ်ဖြုတ်ခံကြရသော အလုပ်သမားများ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ တင်ပြပါသော်လည်း အချည်းနှီးသာ ဖြစ်နေကြသည်။
နော်ဘတ်တီဟန် ရေးသားသည်။
အလုပ်သမားအငြင်းပွားမှု ပြဿနာများမှာ ရန်ကုန်တွင် ကြုံတွေ့နေကျ ပြဿနာသာဖြစ်သော်လည်း တခါတရံ အမျက်ဒေါသပါလာပြီး ပေါက်ကွဲတတ်သည်။ ကုန်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍ အလျင်အမြန် ကြီးထွားလာနေခြင်းကြောင့်လည်းကောင်း၊ အစိုးရနှင့် ကုမ္ပဏီရုံးများမှဝန်ထမ်းများကြောင့်လည်းကောင်း၊ အလုပ်သမားဥပဒေများ အသုံးပြုရာတွင် ရှေ့နောက်မညီသောကြောင့်လည်းကောင်း အဆင်မပြေမှုများ ဖြစ်ကြရသည်။
တောအရပ်ဒေသမှ အလုပ်အကိုင်ရှာရန် မြို့သို့ ရွှေ့ပြောင်းလာသူများ မှန်မှန်ကြီး တိုးလာနေပြီး အစိုးရကလည်း ကြီးကြပ်နိုင်စွမ်းမရှိတော့ချေ။ ခုံသမာဓိရုံးများတွင်လည်း ပြဿနာများ စုပြုံနေပြီး ဖြေရှင်းနိုင်စွမ်း မရှိတော့ရာ အလုပ်သမားများကို တခါတရံ အကြမ်းဖက်လိုစိတ် ဖြစ်ပွားလာစေသည်။
အလုပ်သမားများက တိုက်ရိုက်ရင်ဆိုင်နည်းသုံးလာလျှင် အပြင်းအထန်နှိပ်ကွပ်မှု ခံရနိုင်သည်။ သို့သော် အောင်မြင်မှုလည်း ရတတ်သည်။ ဥပမာတစ်ရပ်အဖြစ် မကြာမီက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်ရုံများမှ အလုပ်သမား ၂၀၀ ကျော်သည် ရန်ကုန်တိုင်းအစိုးရရုံး ခြံဝင်းအပြင်ဘက်တွင် ထိုင်သပိတ်မှောက် ဆန္ဒပြကြသည်။ ရန်ကုန်တိုင်းအစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး လူသားအရင်းအမြစ်ဆိုင်ရာ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့က အလုပ်သမားများနှင့် တွေ့သည်။ အလုပ်သမားများတင်ပြသော လစာနှင့် သမဂ္ဂဆိုင်ရာ သဘောတူညီချက် ဖောက်ဖျက်သည်ဆိုသည့်ကိစ္စကို စက်ရုံမန်နေဂျာများနှင့်ဆွေးနွေးပြီး ဖြေရှင်းပေးမည်ဟု ကတိပေးလိုက်ရာ ဆန္ဒပြပွဲစတင်ပြီး နှစ်ရက်အကြာ အောက်တိုဘာလ ၂၃ ရက်တွင် ဆန္ဒပြပွဲပြီးဆုံးသွားသည်။
သို့သော် တိုင်းဒေသကြီးအစိုးရ ဂိတ်ဝတွင် အလားတူဆန္ဒပြနေသော အလုပ်သမားနောက်တစ်ဖွဲ့ကိုတော့ ဝန်ကြီးချုပ်က တုံ့ပြန်လုပ်ဆောင်မှု သိပ်မရှိခဲ့ပေ။ သူတို့သည် စိုက်ပျိုး၊ မွေးမြူနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ကြည့်မြင်တိုင်မြို့နယ် စံပြငါးဈေးတွင် ငါးအတင်အချလုပ်နေသော နေ့စားအထမ်းသမား ၅၀ ခန့်ဖြစ်သည်။ သူတို့အဖွဲ့ခေါင်းဆောင်လုပ်သူသည် အထမ်းသမားသစ်များထံမှ တရားမဝင် နေရာချထားကြေး တောင်းယူနေပါသည်ဟု သူတို့ထဲမှ ခြောက်ယောက်က တိုင်တန်းခဲ့သည်။ သူတို့ ခြောက်ယောက်ကို ဆန္ဒပြပွဲလှုံ့ဆော်မှုဖြင့် ဌာနက အလုပ်ထုတ်ပစ်ခဲ့သည်။
နောက်ပိုင်းတွင် ရေလုပ်သားများမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခွင့်ရသော်လည်း သူတို့နစ်နာချက်များကို ဖြေရှင်းမပေးခဲ့ချေ။ ဌာနက သူတို့ကို ကြိုက်ရင်နေ၊ မကြိုက်ရင် ထွက်ဆိုသော ပြောဆိုချက်အတိုင်းသာ လိုက်နာလုပ်ဆောင်ကြရန် ဦးဖြိုးမင်းသိန်းက ပြောခဲ့သည်။ ယင်းကို အလုပ်သမားများက လက်မခံနိုင်ကြပေ။ အခြားမြို့နယ်တစ်ခုခုတွင် အလားတူ ငါးထမ်းအလုပ် လုပ်လျှင်လုပ်၊ မလုပ်ချင်က အလုပ်လက်မဲ့ပဲ နေတော့ဟုဆိုသည်။
တိုင်းအစိုးရက သူတို့ခြောက်ယောက်အား အလုပ်ပြန်ခန့်ရန် ဇွန်လထဲမှာပင် စာဖြင့်အမိန့်ပေးခဲ့ပြီးနောက် ဤသို့ဖြစ်နေခဲ့သည်။ တိုင်းအစိုးရ၏ အမိန့်စာတွင် အဂတိလိုက်စားသည်ဟု စွပ်စွဲခံရသော အဖွဲ့ခေါင်းဆောင်များကိုလည်း အလုပ်ဖြုတ်ပစ်ရန် ပါဝင်သည်။ ဤသည်မှာ အလုပ်သမားများ၏ တိုင်တန်းစွပ်စွဲချက်ကို အတည်ပြုခြင်း၊ သို့မဟုတ် အနည်းဆုံးယုံကြည်ခြင်းကို ဖော်ပြနေသည်။
ဝန်ကြီးချုပ်သည် ပုဂ္ဂလိက စက်ရုံတစ်ရုံ၏ အလုပ်သမားပြဿနာကို ဝင်ရောက်ဖြေရှင်းပေးနိုင်ပါလျက် ယုံကြည်လောက်သော တိုင်ကြားစာကြောင့် အလုပ်ဖြုတ်ခံခဲ့ရသော အစိုးရဌာနခန့် အလုပ်သမားကိစ္စကျတော့ ကြားဝင်ဖြေရှင်းမပေးနိုင်ဘူးလား၊ သို့မဟုတ် ကြားဝင်ဖြေရှင်းရန် ဆန္ဒမရှိဘူးလားဟု ဝိရောဓိမေးခွန်းတွေ ထွက်ပေါ်လာသည်။
သို့သော် နာမည်အရတော့ ဝန်ကြီးချုပ်သည် ရန်ကုန်တွင် အဆင့်အမြင့်ဆုံးရာထူးပင်ဖြစ်ပေသည်။ ငါးလုပ်ငန်းအပါအဝင် အစိုးရဌာနများ၏ မြို့နယ်ရုံးခွဲများသည် ပြည်ထောင်စုဝန်ကြီးဌာန၏ လက်အောက်ခံဌာနများသာဖြစ်ရာ ဝန်ထမ်းများမှာ သူတို့ဌာနအထက်လူကြီး အဆင့်ဆင့်ရှိရာ နေပြည်တော်မှာသာ အဆုံးသတ်ပေရာ ထိုအုပ်ချုပ်ရေးလမ်းကြောင်းမှာ ဝန်ကြီးချုပ်ဖြိုးမင်းသိန်း၏ ရုံးဘေးမှ ဖြတ်သွားလေသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ကဏ္ဍမှာ ကြီးကြပ်ကွပ်ကဲရေးပင်ဖြစ်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအရ ထိုလုပ်ပိုင်ခွင့်အာဏာမှာ အဓိပ္ပာယ်နှစ်မျိုး ထွက်နေသည်။ ဖွဲ့စည်းပုံအရ နိုင်ငံရေးကိုယ်စားပြုမှုနှင့် တိုင်းဒေသကြီးအစိုးရနှင့် လွှတ်တော်များပုံစံဖြင့် ဆောင်ရွက်ခွင့်အာဏာရှိပြီး အုပ်ချုပ်ရေးအာဏာလုပ်ပိုင်ခွင့် ပါဝင်ခြင်းမရှိပေ။
ထပ်တလဲလဲငြင်းပယ်ခံရ
အောက်တိုဘာလ ၂၃ ရက်တွင် လှိုင်သာယာစက်ရုံအလုပ်သမားများ ထိုင်သပိတ်မှောက်ကြပြန်သည်။ တိုင်းအစိုးရဝန်ထမ်းများက ငါးလုပ်ငန်းဌာန အလုပ်သမားများအား ဝန်ကြီးချုပ်သိပ်အလုပ်များနေသဖြင့် မတွေ့နိုင်ကြောင်း လာပြောကြသည်။ ထို့ကြောင့် တိုင်းအလုပ်သမားရေးရာ ဝန်ကြီးနှင့်သာ တွေ့ဆုံဖြေရှင်းကြရသည်။
မကျေနပ်သော အလုပ်သမားများထဲတွင် ကိုမင်းဇော်လည်းပါသည်။ အလုပ်သမား ၆၀၀ ခန့်လိုအပ်သော ကြည့်မြင်တိုင်စံပြ ငါးဈေးတွင် ကုန်တင်ကုန်ချ အလုပ်သမားသစ် ၁၅၀ ဦး အလိုရှိကြောင်း ရန်ကုန်တိုင်း ထွေအုပ်ဌာန ကုန်တင်ကုန်ချ ကော်မတီက ဇန်နဝါရီလတွင် ကြေညာခဲ့သည်ဟု ကိုမင်းဇော်က Frontier ကိုပြောသည်။ အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးခံရသော အလုပ်သမား ငါးယောက်က လူသစ်များခေါ်ယူရာတွင် ငါးလုပ်ငန်းဌာန၌ စာရင်းသွင်းရာမှာ ပွဲစားအဖြစ် လုပ်ကိုင်လာကြသည်။
ယင်းအလုပ်အတွက် လုပ်သားသစ် တစ်ဦးလျှင် ၁၂ သိန်းစီပေးရကြောင်း၊ ထိုအလုပ်သမားအများစုမှာ မန္တလေးတိုင်း၊ မကွေးတိုင်းအတွင်း ကျေးလက်ဒေသများမှ ဆင်းရဲသောကျေးရွာများမှလာ၍ အလုပ်ရှာကြသူများဖြစ်ကြောင်း ပြောပြသည်။ ဌာနတွင် စာရင်းသွင်းပြီးသော်လည်း လစာရကြသည် မဟုတ်ဘဲ အလုပ်ဆင်းသောနေ့၌ ငါးဘယ်နှစ်တောင်းထမ်းသည်ဟူသော အရေအတွက်ပေါ်တွင် မူတည်ကာ ထမ်းခရခြင်းဖြစ်ကြောင်းရှင်းပြသည်။ ဈေးတွင် မနက် ၅ နာရီမှ ၁၀ နာရီအတွင်း ထမ်းကြရပြီး အလုပ်သမားတစ်ယောက် တစ်နေ့ ကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ ထိ ရကြသည်။ သာမန်နေ့စား အလုပ်သမားတစ်ဦးဝင်ငွေ၏နှစ်ဆ ရကြခြင်းဖြစ်သည်။
ကိုမင်းဇော်နှင့် သူ့လုပ်ဖော်ကိုင်ဖက် ငါးယောက်တို့သည် သူတို့မြင်တွေ့နေရသော အဂတိလိုက်စားမှုအတွက် အထူးစိတ်မကောင်းဖြစ်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဌာနခွဲမှ ဒေါ်စိုးစိုးကို ဧပြီလထဲတွင် သတင်းပို့တိုင်ကြားခဲ့သည်။ ထွေအုပ်ဌာနသည် အစိုးရဌာနများအတွင်း အဓိကညှိနှိုင်းပေးနေသော ဌာနဖြစ်သည်။ အလုပ်သမားများ၏စာတွင် တာဝန်ခံအဖွဲ့ခေါင်းဆောင်များအဖြစ် ဦးတင်ကို၊ ဦးသန်းဝင်းဦး၊ ဦးဝင်းစိုး၊ ဦးရဲအောင်နှင့် ဦးဇော်လင်းဟု ဖော်ပြထားသည်။ ကိုမင်းဇော်နှင့် သူ့လုပ်ဖော်ကိုင်ဖက် ငါးဦးတို့အား နောက်တစ်ပတ်အကြာတွင် အလုပ်သမားများကို လှုံ့ဆော်သည်ဟူသော စွဲချက်ဖြင့် ဌာနက အလုပ်ဖြုတ်ပစ်လိုက်သည်။
အလုပ်ဖြုတ်ခံအလုပ်သမားများက ဝန်ကြီးချုပ်ရုံးထံ ပေးပို့သောစာတွင် တရားဥပဒေအတိုင်း လုပ်ဆောင်ပေးပါရန် ပန်ကြားထားသည်။
ဇွန်လ ၂၆ ရက်တွင် ရန်ကုန်တိုင်း ကရင်အမျိုးသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး လက်မှတ်ထိုးထားသော စာကို ကြည့်မြင်တိုင် ထွေအုပ်ရုံးထံ လိပ်မူပြီး ပို့လိုက်သည်။ ထိုစာတွင် အဂတိလိုက်စားသော အဖွဲ့ခေါင်းဆောင်များကို အလုပ်ဖြုတ်ပစ်ရန်နှင့် ကိုမင်းဇော်နှင့် သူ့အဖော် ငါးဦးအား အလုပ်ပြန်ခန့်ရန် ညွှန်ကြားထားသည်။
ယင်းညွှန်ကြားချက်ကို လက်ခံရရှိပြီးနောက်ငါးလုပ်ငန်းဦးစီးဌာနသည် အဖွဲ့ခေါင်းဆောင်များကို အလုပ်ထုတ်ခဲ့သည်။
သို့သော်လည်း မကျေမနပ်ပြောခဲ့ဖူးသော ကိုမင်းဇော်ကဲ့သို့ အလုပ်သမားများအတွက်မူ ၎င်းတို့ကိုယ်ပိုင်ဖြေရှင်းမှုဖြင့်သာ ဆောင်ရွက်ရန် ဌာနကအဆိုပြုခဲ့သည်။ ယင်းအဆိုပြုချက်မှာ ၎င်းတို့ကို မြောက်ဘက်ငါးကီလိုမီတာအကွာ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးတွင် အလုပ်ပြန်ခန့်ရန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ကြည့်မြင်တိုင်အလုပ်များကို ပြန်လုပ်ရန်မှာ မဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ယင်းကိုလက်ခံရန် ထိုအလုပ်သမားများက ငြင်းဆိုကာ မူလအလုပ်အကိုင်များပြန်ရရန် တောင်းဆိုသပိတ်မှောက်နေသော စက်ရုံအလုပ်သမားများနှင့် ချိတ်ဆက်မိစေခဲ့သည်။
ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် လူသားရင်းမြစ်ဝန်ကြီးနှင့် အောက်တိုဘာ ၂၃ က တွေ့ဆုံမှုမှာ ၎င်းတို့အတွက် အကျိုးမရှိဟု ကိုမင်းဇော်ကပြောသည်။
“ဝန်ကြီးနဲ့ တခြားဝန်ကြီးတွေ ကျွန်တော်တို့ကိုပြောတာက တခြားမြို့နယ်ကိုရွှေ့တာ လက်ခံဖို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း မရွှေ့ချင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ မကျေနပ်မှုကို တရားဝင်စာတစ်စောင်နဲ့ တင်ပြဖို့ ဝန်ကြီးက အကြံပြုပါတယ်” ဟု၎င်းကပြောသည်။
ယင်းတုံ့ပြန်မှုက ကိုမင်းဇော်အတွက် စိတ်အနှောက်အယှက်ဖြစ်စေသည်။
“ကျွန်တော်တို့ စာတွေအများကြီး ပို့ပြီးပါပြီ။ အခုနောက်တစ်စောင် ထပ်ပို့ဖို့ ပြောနေတယ်” ဟု၎င်းကဆိုသည်။
ဒုတိယမြောက်ထိုင်သပိတ်
ငါးလုပ်ငန်းဦးစီးဌာနက အလုပ်သမားများကို ပြန်ခန့်ရန် တိုက်ရိုက်အမိန့်တစ်ခုဖြစ်ဟန်ရှိသော ဇွန်လက ဝန်ကြီးချုပ်ကိုယ်စားပေးပို့ခဲ့သော ယင်းစာကို မြို့နယ်ရုံးက မည်သို့လျစ်လျူရှုခဲ့သည်ကို ငါးလုပ်ငန်းဦးစီးဌာန အလုပ်သမားများကို အထောက်အကူပေးနေသော စည်းလုံးညီညွတ်ရေးအလုပ်သမားသမဂ္ဂမြန်မာမှ ပရိုဂရမ်ဒါရိုက်တာ ဒေါ်မျိုးအေးက ထောက်ပြသည်။
“ဒါက ဘာကိုပြသလဲဆိုတော့ ဒေသဆိုင်ရာအစိုးရအဖွဲ့နဲ့ အဲဒီဌာနကြား ချိတ်ဆက်မှုမရှိဘူးဆိုတာပဲ” ဟု၎င်းက Frontier ကိုပြောသည်။
“ပုဂ္ဂလိကစက်ရုံက လုပ်သားတွေ ဝန်ကြီးချုပ်နဲ့ တွေ့တုန်းက အောင်မြင်မှုတချို့ရခဲ့ပေမဲ့ ငါးလုပ်ငန်းက လုပ်သားတွေရဲ့ကိစ္စမှာတော့ ရလဒ်မထွက်ဘဲ အခုထိ ဒရွတ်ဆွဲနေတုန်းပဲ” ဟု၎င်းကပြောသည်။
အောက်တိုဘာ ၂၃ က တွေ့ဆုံမှုတွင် ၎င်းတို့၏အငြင်းပွားမှုများကို လှိုင်သာယာမြို့နယ်ခုံသမာဓိကော်မတီတွင် ဖြေရှင်းပေးရန် ဝန်ကြီးချုပ်က ကတိပြုခဲ့ပြီး လုပ်ငန်းခွင်သဘောတူချက်များကို လိုက်နာရန်လည်း စက်ရုံမန်နေဂျာများကို ဝန်ကြီးချုပ်က သတိပေးခဲ့သည်ဟု ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့သည့် စက်ရုံလုပ်သားများက Frontier ကိုပြောသည်။
အလုပ်သမားများက သမဂ္ဂလှုပ်ရှားမှုတွင် ပါဝင်မှုအတွက် အလုပ်ထုတ်ခံရသော လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်သက်၍လည်းကောင်း၊ သဘောတူထားသည့် နှစ်စဉ်ခွင့်ကာလကို ခံစားခဲ့သည့် အလုပ်သမားများကို လစာလျှော့ခြင်းနှင့်ပတ်သက်၍လည်းကောင်း ကျေနပ်မှုမရှိကြောင်း ပြောဆိုခဲ့သည်။
“ကျွန်မတို့ရဲ့ ဆန့်ကျင်ဆန္ဒပြမှုက အောင်မြင်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှာ နှစ်ရက်တစ်ည ပြခဲ့တာတန်ပါတယ်” ဟု Kai Shan အထည်ချုပ်စက်ရုံမှ အလုပ်ထုတ်ခံရသော မသဲမွန်က Frontier ကို ပြောသည်။
သို့သော်လည်း အလုပ်သမားငါးဦးမှာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန် ရည်ရွယ်ပြီး လူအများကို ဆန့်ကျင်ဆန္ဒပြရန် လှုံ့ဆော်မှုအတွက် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် ရဲတပ်ဖွဲ့၏ တရားစွဲမှုကို ခံရသည်။ ယင်းအမှုက ထောင်သုံးနှစ်ကျသွားနိုင်သည်။ ယင်းအခြေအနေက ပြောပြနေသည်မှာ လိုက်လျောမှုပြုသည့်တိုင် အလားတူထိုင်သပိတ်များ လိုက်လုပ်လာမည်ကို အာဏာပိုင်များက ဆန့်ကျင်တားဆီးလိုသည့်အချက်ဖြစ်သည်။
စက်ရုံလုပ်သားများကဲ့သို့ အောင်မြင်မှုမရသည့်အတွက် ကျေနပ်မှုမရှိသေးသည့် ငါးလုပ်ငန်းဦးစီးဌာနမှ လုပ်သား ၅၀ သည် အောက်တိုဘာ ၂၉ ရက်က မြို့တော်ခန်းမနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကြား လေးကီလိုမီတာအကွာအဝေးကို လမ်းလျှောက်ဆန္ဒပြခဲ့သည်။ ရုံး၏ဂိတ်ပေါက်များတွင် အလုပ်ထုတ်ခံရသည့် အလုပ်သမားခြောက်ဦးက နောက်ထပ်ထိုင်သပိတ်တစ်ခု ဆင်နွှဲခဲ့သည်။
ချီတက်ဆန္ဒပြသူအများစု ဘာ့ကြောင့် ထိုင်သပိတ်တွင် မနေရစ်သည်ကို အပြည့်အဝနားလည်ကြောင်း၊ ၎င်းတို့ထဲမှ တစ်ဦးဖြစ်သူ ဦးထွန်းကျော်က Frontier ကို ပြောသည်။
“သူတို့လည်း သူတို့စားဝတ်နေရေးအတွက် အလုပ်လုပ်ရဦးမယ်လေ။ ဒါပေမဲ့ ချီတက်ဆန္ဒပြပွဲမှာ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံမှုရလို့ ကျွန်တော်တို့ ကျေနပ်ပါတယ်” ဟု၎င်းကပြောသည်။
ယင်း ဒုတိယထိုင်သပိတ်က သုံးရက်ကြာခဲ့သည်။ နိုဝင်ဘာ ၁ ရက်တွင် ၎င်းတို့၏ မကျေနပ်ချက်ကို နားထောင်ရန် ဝန်ကြီးချုပ်က ရုံးအတွင်းသို့ ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ယင်းအလုပ်သမားများအတွက် ၎င်း၏တုံ့ပြန်မှုက စိတ်ပျက်ဖွယ်သာဖြစ်ခဲ့သည်။
“တခြားလုပ်ငန်းခွင်တစ်ခုကို ပြောင်းရွှေ့တာကို လက်ခံဖို့ ဝန်ကြီးချုပ်က ကျွန်တော်တို့ကို ပြောတယ်။ နောက်ပြီး ကြည့်မြင်တိုင်က ကျနော်တို့ရဲ့ မူလအလုပ်အကိုင်တွေပြန်ရဖို့ မဖြစ်နိုင်ဘူးလို့လည်း ပြောတယ်။ ကျွန်တော်တို့က ဒီပြစ်ဒဏ်ခံရအောင် ဘာတွေလုပ်ခဲ့လို့လဲလို့မေးတာတွေကို သူကဖြေတောင်မဖြေဘူး” ဟု ကိုထွန်းကျော်က ပြောသည်။
ယင်းတွေ့ဆုံမှုနောက် အလုပ်သမားများက ၎င်းတို့၏ဆန္ဒထုတ်ဖော်မှုကို ရပ်တန့်လိုက်သော်လည်း တရားမျှတမှုရရှိရေးအတွက် အစိုးရထံ ဆက်လက်အသနားခံမည်ဖြစ်ကာ အများလက်မှတ်ထိုးထားသည့် ယင်းအသနားခံစာများကို သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ထံ ပေးပို့ရန် စီစဉ်ထားသည်ဟု ကိုထွန်းကျော်က ပြောသည်။
၎င်းတို့၏အမှုကို ကြည့်မြင်တိုင်ပြင်ပရှိ အလုပ်အကိုင်များကို ပေးထားခြင်းဖြင့် ဖြေရှင်းပြီးဖြစ်သည်ဟု အလုပ်သမားများထံမှ အဂတိလိုက်စားမှုတိုင်တန်းချက်ကို လက်ခံရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးဒေါ်စိုးစိုးက Frontier ကို နိုဝင်ဘာ ၈ ရက်က ပြောသည်။
“စီမံခန့်ခွဲရေးလုပ်ထုံးလုပ်နည်းများအရ အဲဒီအလုပ်သမားတွေကို မူလလုပ်ငန်းခွင်၊ မူလအလုပ်တွေကို ပြန်မပေးနိုင်ပါဘူး” ဟု၎င်းကပြောသည်။ ကြည့်မြင်တိုင်ဈေးတွင် ၎င်းတို့ဆက်ရှိနေလျှင် ၎င်းတို့က အုပ်စုအင်အားသုံးကာ ငါးလုပ်ငန်းဌာနကိုဆန့်ကျင်ရန် အခြားလုပ်သားများကို စည်းရုံးလိမ့်မည်ဟုလည်း ၎င်းကဆိုသည်။
“ဒီဆုံးဖြတ်ချက်ကို သူတို့သဘောမတူရင် အစိုးရရဲ့ မှတ်ပုံတင်လုပ်သားတွေအဖြစ်နဲ့ သူတို့ဆက်သွားလို့မရဘူး” ဟုလည်း ဒေါ်စိုးစိုးက ပြောသည်။
လှိုင်ဈေးသို့ ပြောင်းရွှေ့ခြင်းက ယင်းလုပ်သားများအတွက် အမှန်တကယ်တိုးတက်မှုတစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းဈေးတွင် ၎င်းတို့ ငွေပိုရနိုင်သောကြောင့် ဖြစ်သည်ဟုလည်း ၎င်းကထပ်မံပြောပြသည်။
“ပိုကောင်းတဲ့လုပ်ငန်းခွင်ဖြစ်တဲ့ နောက်တစ်နေရာကို ပြောင်းတာက သူတို့ အခွင့်အလမ်းကောင်းတစ်ခုရတာပါ။ သူတို့ပြောင်းရွှေ့ဖို့ ကျွန်မတို့ ဇွန်လက ကြေညာခဲ့တာပါ။ ဒါပေမဲ့ သူတို့ကတော့ အခုထိမတုံ့ပြန်သေးပါဘူး” ဟု ဒေါ်စိုးစိုးက ပြောသည်။
ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။