နေပြည်တော်
အလုပ်သမား ၁၆၁ ဦး အလုပ်ထုတ်ခံရသည့်ကိစ္စကို ဝန်ကြီးဌာနနှင့် ဆွေးနွေးပြီးနောက် ငါးရက်အတွင်း မပြေလည်ပါက သပိတ်တပ်ဖွဲ့၏ မူလအစီအစဉ်အတိုင်း နေပြည်တော်သို့ ဆက်လက်ချီတက်မည်ဟု စစ်ကိုင်းမြို့ Myanmar Veneer သစ်ပါးလွှာစက်ရုံ အလုပ်သမားခေါင်းဆောင်များက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ ချီတက်လာသော အင်အားရာဂဏန်းရှိ သပိတ်တပ်ဖွဲ့၏ ခေါင်းဆောင်များနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ နေပြည်တော်တွင် မေ ၆ ရက်က ငါးနာရီကျော်ကြာ ဆွေးနွေးပြီးနောက် ၎င်းတို့က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
အလုပ်သမားများက အလုပ်ပြန်လုပ်ခွင့်၊ အလုပ်ထုတ်ခံထားရသည့် ကာလအတွက် နစ်နာကြေးနှင့် ကုမ္ပဏီကို အရေးယူပေးရန် တာဝန်ရှိသူများထံ တောင်းဆိုကြပြီး ဝန်ကြီးဌာနဖက်ကမူ အရေးယူမှုမှအပ ကျန်နှစ်ချက်ကို အလုပ်ရှင်နှင့် ညှိနှိုင်းပေးရန် သဘောတူခဲ့ကြသည်။
အရေးယူသည့်ကိစ္စအတွက် ပြန်လည်စိစစ်ရန် အချိန်ကာလတစ်ခု လိုအပ်သည့်အတွက် ချက်ခြင်းမလိုက်လျောပေးနိုင်သေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။ “အဓိကကတော့ အလုပ်ပြန်လည်ရရှိရေးပါ” ဟု မီဒီယာများကို ၎င်းက ပြောကြားသည်။ ထို့ပြင် သပိတ်တပ်ဖွဲ့၏ နေရေးစားရေးအတွက် ဝန်ကြီးဌာနက တာဝန်ယူပေးမည် ဖြစ်သည်။
ဝမ်းတွင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ခေတ္တရပ်နားထားသည့် သပိတ်တပ်ဖွဲ့၏ ခေါင်းဆောင် ကိုခိုင်မင်းက မူလက အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးရန် ရည်ရွယ်သော်လည်း အလုပ်ရှင်နှင့် တွေ့ခွင့်မရပဲ ဝန်ကြီးဌာနကသာ ကြားဝင် ညှိနှိုင်းခြင်းဖြစ်ကြောင်း ပြောသည်။
“ပြည်ထောင်စု ဝန်ကြီးရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ လူကြီးတွေရယ်ရဲ့ မေတ္တာရပ်ခံမှုကြောင့် ဆွေးနွေးမှုကို လက်ခံထားပါတယ်။ ဗုဒ္ဓဟူးနေ့ (မေ ၁၁ ရက်) အထိ စောင့်ကြည့်မယ်။ တောင်းဆိုတာမရရင် ဆက်လက်ချီတက်မယ်” ဟု ၎င်းကပြောသည်။
ဆွေးနွေးပွဲတွင် အဆိုပါ စက်ရုံအတွင်း ဝန်ထမ်း ၄၀ ဦးကို ပြန်လည်ခန့်ထားရေးနှင့် ကျန်ရှိသူများ အလုပ်ရရေး တာဝန်ယူပေးမည်ဟု ဝန်ကြီးဌာနဘက်က ပြောကြားသော်လည်း အလုပ်သမားများကမူ အမျိုးသမီး ၆၀ ဦး အလုပ်ပြန်ရရန် ဆန္ဒရှိနေကြသည်။
အလုပ်ရှင်နှင့် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးရှိ တာဝန်ရှိသူများနှင့် နှစ်လနီးပါးကြာ ညှိနှိုင်းဖြေရှင်းရာတွင် ရလဒ်ထွက်ပေါ်ခဲ့ခြင်းမရှိ၍ သပိတ်တပ်ဖွဲ့အဖြစ် နေပြည်တော်သို့ ချီတက်တောင်းဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အလုပ်သမားခေါင်းဆောင်များက ဆိုသည်။
သတင်း- ဉာဏ်လှိုင်လင်း