ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် မတ်လကုန်အတွင်း သစ်တန်ချိန် နှစ်သိန်းကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။
ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ခုတ်ယူထားသော သစ်များတွင် ရတနာတန်းဝင် ကျွန်းသစ်တန်ချိန် ၅၅,၀၀၀ ကျော် ပါဝင်သည်။ အခြားသစ်များမှာ သစ်အမျိုးအစားအစုံ တန်ချိန် ၉၀,၀၀၀ ကျော်နှင့် သစ်မာအမျိုးအစား တန်ချိန် ၆၀,၀၀၀ ခန့်တို့ ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိခဲ့သည့် သစ်မျိုးစုံ တန်ချိန် နှစ်သိန်းကျော်မှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တရားဝင်ထုတ်ယူခဲ့သည့် သစ်တန်ချိန်စုစုပေါင်း၏ လေးပုံတစ်ပုံကျော် ပမာဏဖြစ်သည်။ ၎င်းတို့၏ အစိုးရသက်တမ်း ငါးနှစ်အတွင်း သစ်တန်ချိန် ခုနှစ်သိန်းခွဲကို ထုတ်ယူခဲ့သည်ဟု စာရင်းများအရ သိရသည်။
တရားမဝင် သစ်ခိုးယူမှုများနှင့် ပက်သက်ပြီး နိုင်ငံခြားသားတရားခံ ၂၉၅ ဦး အပါအဝင် တရားခံစုစုပေါင်း ၃,၁၂၄ ဦးကို သက်ဆိုင်ရာ သစ်တောဥပဒေများဖြင့်အရေးယူနိုင်ခဲ့သည်။ နိုင်ငံခြားသား တရားခံ အများစုမှာ တရုတ်နိုင်ငံသားအများစုဖြစ်ကြသည်။ ထို့ပြင် သစ်ခိုးမှုများနှင့် ဆက်စပ်သည့် စက်ယန္တရား ပစ္စည်းအစုံ ၈,၃၉၁ စီးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ငါးနှစ်အတွင်း တန်ချိန် နှစ်သိန်းခန့်သာ ဖမ်းဆီးရမိခဲ့သော်လည်း ဖမ်းဆီးရမိခြင်း မရှိပဲ တရုတ်နိုင်ငံသို့ သစ်တန်ချိန်ပေါင်းများစွာ တရားမဝင် တင်ပို့ခဲ့ဖွယ်ရှိသည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများက ခန့်မှန်းပြောကြားကြသည်။
သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ဖြန်းဖြူးရောင်းချသည့် လုပ်ငန်းရှင်များအသင်း၏ နာယက တစ်ဦးဖြစ်သူ ဦးဘာဘာချိုက ယခင်အစိုးရများ လက်ထက်တွင် သစ်တောများအပေါ် ဌာနများအလိုက် ခွဲခြားစီမံမှုများရှိပြီး၊ ဘုံစီမံခန့်ခွဲမှုမရှိခြင်းကြောင့် သစ်တောပြုန်းတီးမှုများနှင့် သစ်တရားမဝင် ထုတ်လုပ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
Global Forest Resources Assessments 2015 Desk reference အရ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နှစ်စဉ် သစ်တောဟတ်တာပေါင်း ၅၄၆,၀၀၀ ခန့် ပြုန်းတီးနေပြီး ယင်းပမာဏက နိုင်ငံဧရိယာအတွင်းရှိ သစ်တောပမာဏ၏ ၁ ဒဿမ ၇၂ ရာခိုင်နှုန်းအထိ ရှိကြောင်း သိရသည်။
သစ်တောပြုန်းတီးမှုများအား ကာကွယ်နိုင်ရန်အတွက် သစ်အကြမ်းထည် အလုံးလိုက်ထုတ်ယူကာ နိုင်ငံခြားသို့ တင်ပို့ရောင်းချမှုများကို ၂၀၁၄ ခုနှစ်၊ ဧပြီ ၁ ရက်နေ့တွင် အစိုးရက တားမြစ်ခဲ့သည်။
သတင်း-ဟိန်းကိုစိုး