ငါးကြီးကြီးတွေဖမ်းပြနိုင်တဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်

အရင်ဦးသိန်းစိန်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဟာ အင်န်အယ်လ်ဒီအစိုးရလက်ထက်ကျမှ ထိရောက်မှုရှိလာပြီး ငါးကြီးကြီးတွေဖမ်းမိလာတာဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ်လကစပြီး ပြဋ္ဌာန်းခဲ့ပါတယ်။ စစ်အာဏာရှင်ခေတ်အလွန် အရင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တာပါ။

ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်လို့ အဲလိုဥပဒေမျိုး ပြဋ္ဌာန်းပေးခဲ့တာဖြစ်ပေမဲ့ သိပ်ပြီးအလုပ်ဖြစ်မယ့် ဥပဒေမဟုတ်ပါဘူးလို့ နားလည်သူတွေက ဝေဖန်ခဲ့ကြပါတယ်။ အဲလိုဝေဖန်ခဲ့ကြတဲ့အတိုင်းလည်း ဥပဒေပြဋ္ဌာန်းပြီးတာ ၄ – ၅ နှစ် ရောက်လာသည်အထိ ဘာမှထူးခြားတာ မတွေ့ရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရလက်ထက် ရောက်တော့ အလုပ်လုပ်ရာမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေအတိုင်း၊ တိတိကျကျ စနစ်တကျလုပ်တတ်သူလို့ နာမည်ကြီးတဲ့ အရင်အစိုးရတွေ လက်ထက်က ဝန်ကြီးဟောင်း၊ စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ပြောင်းလဲခန့်အပ်တာ၊ ၂၀၁၈ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို လေးကြိမ်မြောက် ပြင်ဆင်ပြဋ္ဌာန်းတာလုပ်ပါတယ်။

အခု ၂၀၁၉ နှစ်ဆန်းပိုင်းအရောက်မှာတော့ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး ထူးခြားတာတွေစပြီး မြင်တွေ့နေရပါပြီ။ အင်န်အယ်လ်ဒီအစိုးရရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ၊ ရှေ့အလားအလာ ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ခုတစ်ပတ် လေ့လာသုံးသပ်တင်ပြသွားပါမယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး UNODC တို့ ပူးပေါင်းကျင်းပတဲ့ စာတမ်းဖတ်ပွဲ တစ်ခုအတွင်း မြန်မာ့အထင်ကရ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ပြည်သူတွေ ယုံကြည်မှုရဖို့ “ Big Fish ငါးကြီးကြီးတချို့ကို ကြော်စေလိုတယ်” ဆိုပြီး တင်စားပြောခဲ့ပါတယ်။

သူ့ဆိုလိုရင်းကတော့ လူသိထင်ရှား အကျင့်ပျက်ပုဂ္ဂိုလ်တချို့ကို ရုံးတင်စစ်ဆေး အပြစ်ပေးပြီး နမူနာပြသဖို့ပါ။ အဲဒီအချိန်တုန်းက အဂတိတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဥပဒေကို မပြင်ဘဲနဲ့ Big Fish တွေကို တွေ့စရာ၊ ရစရာအကြောင်းမရှိဘူး၊ အသေးအဖွဲတွေလောက်ပဲ ကိုင်တွယ်နိုင်မယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်း အဂတိတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်နိုင်ခဲ့ပါတယ်။ ပြင်ဆင်နိုင်ခဲ့တဲ့အလျောက်လည်း ၂၀၁၈ စက်တင်ဘာမှာ အဂတိလိုက်စားတယ်လို့ ကျော်စောသတင်း ဖြစ်ပေါ်ခဲ့တဲ့ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းနဲ့ ခရိုင်အဆင့် ဥပဒေအရာရှိတွေ၊ တရားသူကြီးနဲ့ ရဲတပ်ဖွဲ့က ရဲမှူး တစ်ယောက် စုစုပေါင်း ခြောက်ယောက်ကို အဂတိတိုက်ဖျက်ရေးဥပဒေနဲ့ ရုံးတင်တရားစွဲနိုင်ခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ လူသေစေမှု တစ်ခုနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူတွေကို စွဲချက်မတင်ခင် ပြန်လွှတ်ပေးလိုက်တဲ့အမှု တစ်ခုမှာ လာဘ်စားခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရလို့ ဖမ်းဆီး၊ ရုံးတင်စစ်ဆေးခြင်း ခံခဲ့ကြရတာပါ။

သိပ်မကြာပါဘူး။ ၂၀၁၉ မတ်လအရောက်မှာတော့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ သူ့ကိုလာဘ်ထိုးခဲ့တယ်လို့ အထောက်အထားတွေ့ရတဲ့ GGS ကုမ္ပဏီက တာဝန်ရှိသူ သုံးယောက်ကို အဂတိတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူပြနိုင်ခဲ့ပါတယ်။ ဒေါက်တာလဲ့လဲ့မော်ဟာ အဲဒီကုမ္ပဏီဆီကနေ သွယ်ဝိုက်သောနည်းအားဖြင့် လာဘ်ငွေရယူခဲ့ပြီး ကုမ္ပဏီကို လုပ်ပိုင်ခွင့်တွေ ချပေးခဲ့လို့ ခုလို အရေးယူခံလိုက်ရတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါက်တာလဲ့လဲ့မော်နဲ့ ဦးဟန်ထူးတို့ဟာ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်နဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌတို့ပြောတဲ့ ငါးကြီးကြီးတွေထဲမှာ အတိုင်းအတာ တစ်ခုအထိ စာရင်းဝင်နိုင်ပါတယ်။

နောက်ထပ်ထူးခြားတာ တစ်ခုက ပြည်သူတွေ အလွန်စိတ်ဝင်စားတဲ့ မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ငန်း အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်နေတဲ့ ဝန်ကြီးဌာနက ဦးဆောင်ညွှန်ကြားရေးမှူးရော၊ ကုမ္ပဏီမန်နေးဂျင်း ဒါရိုက်တာပါ နှစ်ဖက်စလုံး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဖမ်းဆီးခံရခြင်းပါ။ ဝန်ကြီးဌာနက ဦးဆောင်ညွှန်ကြားရေးမှူး အဂတိတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံရတာကတော့ သိပ်မထူးဆန်းပါဘူး။

၂၀၁၄ နဲ့ ၂၀၁၆ ခုနှစ်အတွင်း သူ့ဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ပြီး မိုးထိမိုးမိ ရွှေလုပ်ကွက်မှာ အလုပ်လုပ်နေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဆီကနေ ကျပ်ငွေသိန်း ၇၀ ကျော်ဖိုးလောက်ရှိမယ့် လာဘ်ငွေ ရယူခဲ့တာကို အဲဒီကုမ္ပဏီ တာဝန်ရှိသူတွေကပဲ အဂတိကော်မရှင်ဆီ အထောက်အထားနဲ့တကွ တိုင်လိုက်လို့ပါ။

ထူးခြားတာ တစ်ခုကတော့ အဲဒီမိုးထိမိုးမိမှာ ရွှေတူးတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ တာဝန်ရှိသူတွေဟာ ဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးကိုတင်မကဘဲ တခြားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကိုပါ အဂတိလိုက်စားမှုတွေ ရှိတယ်ဆိုပြီး အချိန်ယူ၊ သေချာအကွက်ဆင်ပြီး အဂတိတိုက်ဖျက်ရေး ကော်မရှင်ဆီ မမှန်မကန် တိုင်ကြားမှုလုပ်ခဲ့ပါသေးတယ်။

အဲဒီကိစ္စ အဂတိကော်မရှင်က အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဖော်ထုတ်နိုင်တဲ့အတွက် ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းအောင်စိုးအပါအဝင် ကုမ္ပဏီတာဝန်ရှိသူ သုံးယောက်ကို အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၉ နဲ့ အရေးယူနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် အဂတိတိုက်ဖျက်ရေး ကော်မရှင်ဟာ အင်န်အယ်လ်ဒီအစိုးရ လက်ထက်မတိုင်ခင်ကာလ ၂၀၁၃ ခုနှစ်နောက်ပိုင်းက အဂတိလိုက်စားမှုကို အရေးယူပြခဲ့တာအပြင် သေချာအကွက်ချပြင်ဆင်ပြီး မမှန်မကန် လုပ်ကြံဖန်တီးတိုင်ကြားတာကိုလည်း အရေးယူပြနိုင်ခဲ့ပါတယ်။

ဖော်ပြပါ အရေးယူမှုအားလုံးထက် ထူးခြားတဲ့အမှုတစ်ခုကတော့ ရေအရင်းအမြစ်နဲ့မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်၊ ဒုညွှန်ချုပ်နဲ့ ညွှန်မှူးတွေရဲ့အဂတိလိုက်စားမှုကို ဖော်ထုတ်နိုင်ခြင်းပါ။ ၂၀၁၄ ကစလို့ ၂၀၁၈ ခုနှစ်အထိ ကျပ်ငွေသိန်းပေါင်း ၅,၃၀၀ ကျော်ပမာဏရှိတဲ့ ဦးစီးဌာန တစ်ခုရဲ့ ထိပ်ဆုံးအရာရှိ ငါးယောက်ရဲ့ လာဘ်စားမှုကြီးနဲ့ပတ်သက်လို့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ အသေးစိတ် ဖော်ပြမထားပေမဲ့ ဒါဟာ အမြစ်တွယ်ခဲ့တဲ့၊ ဌာနအလိုက် အစီအစဉ်နဲ့ စနစ်တကျ ကျူးလွန်တဲ့ အဂတိလိုက်စားမှုတွေထဲက တစ်ခုလို့ နားလည်နိုင်ပါတယ်။

အရင်စစ်အာဏာရှင် အစိုးရတွေလက်ထက်မှာ အဂတိလိုက်စားမှုဟာ ထိပ်ပိုင်းကအာဏာရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေ၊ လုပ်ပိုင်ခွင့်ရှိသူတွေတင်မက အောက်ခြေအဆင့်ဆင့်သော ဝန်ထမ်းတွေထဲမှာလည်း အစီအစဉ်ရှိတဲ့၊ စနစ်ကျတဲ့ အဂတိလိုက်စားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ဝန်ကြီးဌာန အသီးသီးမှာ ဖွဲ့စည်းထားတဲ့ ဦးစီးဌာနအသီးသီးလက်အောက်မှာ တိုင်းနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးရဲ့ ဌာနဆိုင်ရာရုံးတွေ ရှိကြပါတယ်။

အဲဒီရုံးအဆင့်ဆင့်မှာ လုပ်ဆောင်ခဲ့သမျှကို အထက်အဆင့်ဆင့်ရုံးတွေက အတည်ပြုပေးရတဲ့ လုပ်ငန်းစဉ်ကြီးလည်း ရှိပါတယ်။ ဥပမာ ပြည်တွင်းအခွန်ဦးစီးဌာနဆိုရင် မြို့နယ်တွေမှာ သက်ဆိုင်ရာအရာရှိတွေက မြို့နယ်တွင်းက အခွန်ထမ်းတွေဆီကနေ အခွန်ကောက်ပါတယ်။ လွယ်လွယ်ရှင်းရှင်းပြောရရင် အခွန်မှူးတွေဟာ အခွန်ထမ်းတွေဆီကနေ လာဘ်ငွေယူပါတယ်။

ဥပမာအားဖြင့် အခွန်ရာခိုင်နှုန်း ၁၀၀ ကျသင့်ရမယ့်နေရာမှာ အခွန်ထမ်းဆီက ရာခိုင်နှုန်း ၆၀ လောက်ညှိယူ၊ တောင်းယူပါတယ်။ အဲဒီ ၆၀ ထဲက သူ့အတွက် ၄၀ ယူပြီး နိုင်ငံအတွက် အခွန် ၂၀ လောက် စာရင်းတင်ပါတယ်။ ဒီနေရာမှာ အဲလိုသူက အခွန် ၂၀ ပဲ ယူတာကို အထက်အဆင့်ဆင့်တင်ပြ အတည်ပြုချက် ယူရပါတယ်။ အဲလိုအတည်ပြုချက်ရဖို့အတွက် သူရထားတဲ့လာဘ်ငွေ ၄၀ ရာခိုင်နှုန်းထဲကနေ ခရိုင်၊ တိုင်းနဲ့ ပြည်နယ်၊ ဗဟိုဦးစီးဌာနအထိ အဆင့်ဆင့် လာဘ်ငွေပြန်ပေးရပါတယ်။

အဲလို လာဘ်ငွေပြန်ပေးမှ သူ ကောက်ခံတဲ့ အခွန်နှုန်းထားကို အထက်ကအတည်ပြုပေးပါတယ်။ ဒီလိုနည်းနဲ့ ဝန်ကြီးဌာနအသီးသီးမှာ အောက်ခြေကနေ အထက်အဆင့်ဆင့်အထိ စနစ်ကျတဲ့ အဂတိလိုက်စားမှုကြီး ပေါ်ပေါက်နေတာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ သဘောကတော့ အောက်ခြေကဝန်ထမ်း၊ ဒါမှမဟုတ် အရာရှိ တစ်ယောက်ယောက်ရဲ့ လာဘ်စားရငွေဟာ အထက်ထိပ်ပိုင်းခေါင်းဆောင်အထိ ရာခိုင်နှုန်း တစ်ခု ရောက်သွားတယ်ဆိုတဲ့သဘောပါ။

အင်န်အယ်လ်ဒီအစိုးရ တက်လာပြီးနောက်ပိုင်း ဝန်ကြီးဌာနတချို့ရဲ့ ဦးစီးဌာနတွေမှာ အဲလိုဝိုင်းကြီးချုပ်စနစ်နဲ့ ဌာနတွင်း လာဘ်ပေးလာဘ်ယူလုပ်မှုတွေ ရပ်ဆိုင်းလိုက်ကြပေမဲ့ တချို့ဝန်ကြီးဌာနတွေမှာတော့ လက်ရှိအချိန်ထိ ကျန်နေရစ်တာ တွေ့ရပါတယ်။ ရေအရင်းအမြစ်နဲ့မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဟာ အဲလိုဝိုင်းကြီးချုပ်စနစ်နဲ့ အဂတိလိုက်စားတာမှာ ဆက်လုပ်နေတဲ့၊ ကျန်နေရစ်တဲ့ဝန်ကြီးဌာန တစ်ခုဖြစ်ပြီး၊ ခုတော့ အရေးယူတာ ခံလိုက်ရပါပြီ။ ဒါကိုကြည့်ရင် နောက်ပိုင်း တခြားဝန်ကြီးဌာနတွေရဲ့ ဝိုင်းကြီးချုပ်စနစ်နဲ့ အဂတိလိုက်စားမှုတွေ ပေါ်ပေါက်လာနိုင်သေးသလို ကြောက်ရွံ့ပြီး ရပ်ဆိုင်းလိုက်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အဂတိတိုက်ဖျက်ရေး ကော်မရှင်ဟာ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီးနောက် တစ်နှစ်တာကာလအတွင်း သိသာထင်ရှားတဲ့ ဖော်ထုတ်အရေးယူမှုတွေ၊ ရုံးတင်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ အဂတိတိုက်ဖျက်ရေး ကော်မရှင်ဟာ ဥက္ကဋ္ဌ ဦးအောင်ကြည်ပြောတဲ့ Grand Corruption လို့ခေါ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အရင်းအမြစ်ကြီးတွေ ဆုံးရှုံးတဲ့ကိစ္စ၊ သယံဇာတတွေ ဆုံးရှုံးနေတဲ့ကိစ္စ၊ အဲလို အဂတိလိုက်စားမှုတွေထဲမှာ အင်စတီကျူးရှင်းကြီးတွေဖြစ်ကြတဲ့ ဌာနကြီးတွေ ပါဝင်နေတဲ့ကိစ္စမျိုးတွေကိုတော့ မဖော်ထုတ်နိုင်သေးပါဘူး။

ဒါပေမဲ့လည်း အချိန်တိုအတွင်းမှာ Big Fish လို့ခေါ်တဲ့ ငါးကြီးကြီးတွေ ဖမ်းနိုင်တဲ့ကိစ္စ၊ ဝန်ထမ်းလောကထဲမှာ အရိုးစွဲလာတဲ့၊ အလွန်ဆိုးရွားတဲ့ ဝိုင်းကြီးချုပ်စနစ်နဲ့ အဂတိလိုက်စားမှုမျိုး ဖော်ထုတ်လာနိုင်တဲ့ကိစ္စ၊ ဝန်ကြီးဌာနအသီးသီးမှာ အဂတိလိုက်စားမှုကို အရင်လို သမားရိုးကျမဟုတ်တော့ဘဲ ခိုးကြောင်ခိုးဝှက် လုပ်လာရတဲ့ကိစ္စ၊ အဂတိလိုက်စားတာဟာ ကြောက်စရာ ရှက်စရာလို့ ထင်မြင်ယူဆလာကြတဲ့ကိစ္စ စတာတွေမှာတော့ အောင်မြင်မှုတွေ အများကြီးရလာသလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်ဟာလည်း တဆင့်ချင်း မှန်မှန်နဲ့မြန်မြန် အောင်မြင်မှုတွေ ရလာနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar