ရန်ကုန်မြို့လည်ခေါင် ယာဉ်မရပ်ရ နေရာမှာ ကားရပ်ထားခဲ့မိလို့ မမျှော်လင့်ဘဲ မင်္ဂလာနံနက်ခင်းလေး ကြုံခဲ့ရ
သောမတ်စ်ကင်းန် ရေးသားသည်။
“ငါ့ကားကို ဒီနေရာမှာ ရပ်ထားခဲ့တာပါ။”
ဟာလာဟင်းလင်းဖြစ်ကျန်ရစ်သော ပလက်ဖောင်းစွန်းကိုကြည့်ရင်း ကျွန်တော် စဉ်းစားနေမိပါသည်။ ရန်ကုန်မြို့လည် ယာဉ်ကြောကြပ်တဲ့ ရုံးတက်ချိန်မှာ ကျွန်တော့်ကားကို လိုက်ရှာနေမိသည်။ ကျွန်တော့်ကားကတော့ ပေါ်မလာတော့ပါ။ ကျွန်တော့်ဘေးနားမှာ မြန်မာမိသားစုတစ်စုကလည်း သူတို့ကားကို ရှာနေပုံရသည်။ ပလက်ဖောင်းစွန်းပေါ်က အနီနဲ့ အဖြူရောင် ဆေးတွေကို ညွှန်ပြရင်း “ပါသွားပြီထင်တယ်” ဟု သူတို့က ပြောသည်။ ၅၁ လမ်းက ယာဉ်ထိန်းရဲရုံးကို ကျွန်တော်တို့ အတူသွားခဲ့ကြသည်။ အဆွဲခံရသော မော်တော်ယာဉ်များကိစ္စသည် ယာဉ်ထိန်းရဲများနှင့် မသက်ဆိုင်ကြောင်း ရဲတွေက ပြောလေသည်။
ကားများကိုဆွဲသည့် ကရိန်းကားများက ယာဉ်တန်းနှင့်အတူ မြို့ထဲ လှည့်ပတ်သွားနေကြကြောင်း၊ ကားများကို ဆွဲပြီးနောက် စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ အဖမ်းခံကားများ ထားရှိရာကွင်းထဲသို့ သွားပို့ထားကြောင်း ယာဉ်ထိန်းရဲများက ပြောပါသည်။ ကျွန်တော့်မှာ ရွေးစရာ နှစ်လမ်းပဲရှိသည်။ ကရိန်းကားကို စမ်းချောင်းကွင်းထဲမရောက်မီ တွေ့အောင်ရှာပြီး ဒဏ်ကြေး ၂၅,၀၀၀ ကျပ် ပေးလိုက်ရန် (သို့မဟုတ်) စမ်းချောင်းကွင်းထဲ သွားပြီး ဆွဲသွားသည့်ယာဉ်လာသည်အထိ ထိုင်စောင့်ပြီး ပြန်ရောက်လာပါက ၇၅,၀၀၀ ကျပ် ဒဏ်ကြေးပေးပြီးမှ ကိုယ့်ကားကို ပြန်ရွေးယူရန်ဖြစ်သည်။
ကျွန်တော့်မှာ ကားလည်း မရှိတော့ပေ။ ကားဆွဲယာဉ်တန်းကလည်း ဘယ်ဆီသွားမှန်း မသိတာကြောင့် ပထမနည်းလမ်းကို လက်လျော့လိုက်ပြီး စမ်းချောင်းကွင်းထဲ လိုက်သွားဖို့ တက္ကဆီတစ်စီးကိုသာ ခေါ်လိုက်ရတော့သည်။ နံနက် ၁၀ နာရီလည်း ထိုးပြီမို့ ရုံးက လုပ်ဖော်ကိုင်ဖက်တွေထံ အီးမေးလ် ပို့လိုက်ရသည်။ ကျွန်တော်နောက်ကျမည့်အကြောင်း၊ ကားဘယ်ပါသွားမှန်းလည်း မသိသေးသည့် အကြောင်း၊ ကိစ္စပြီးလျှင် အမြန်ပြန်လာမည့်အကြောင်း အီးမေးလ်ပို့လိုက်သည်။ ပြဿနာမရှိပါ၊ ဒီမနက် အစည်းဝေးကို ကျွန်တော်မပါဘဲ ပြုလုပ်မည်၊ ‘ကိုယ့်ကိစ္စပြီးအောင်သာ လုပ်ပါ’ ဟု တစ်ယောက်က ပြန်ကြားပါသည်။ ဒီလိုဆိုလျှင် ကျွန်တော် အားလပ်သွားပြီမို့ တက္ကဆီတစ်စီးကို ခေါ်လိုက်သည်။ အရေးထဲ လမ်းမှာ ကားတွေက ပိတ်နေပြန်သည်။ ကိစ္စမရှိ၊ ကားပြူတင်းပေါက်မှပင် အပြင်ဘက်သို့ အဓိပ္ပာယ်မဲ့ ငေးကြည့်နေလိုက်သည်။
နောက်ဆုံးတွင် စမ်းချောင်းရှိ ကားကွင်းကို ရောက်လာခဲ့သည်။ တဲလေးတစ်ခုအောက်ရှိ စားပွဲတစ်လုံး၌ လူတစ်ယောက်က လယ်ဂျာစာရင်း စာအုပ်ကြီးတစ်အုပ်နှင့် ထိုင်နေသည်။ ကားဆွဲသွားသည့် ယာဉ်ကမူ ရောက်မလာသေးပါ။ ကျွန်တော်လည်း အနီးအနားရှိ ပလတ်စတစ် ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်နေလိုက်သည်။ ခဏကြာတော့ စောစောက ကားဆွဲခံရသည့် မိသားစုလည်း ရောက်လာကြသည်။ ဒီလိုနှင့် အချိန်အတော်ကြာထိုင်စောင့်နေရစဉ် အခြားလူ သုံးလေးဦးလည်း ရောက်ရှိလာပြီး သူတို့ကား ရောက်၊ မရောက် မေးမြန်းနေကြသည်။ အားလုံး ကိုယ့်ထိုင်ခုံပေါ်တွင် ကိုယ်ထိုင်ပြီး စိတ်ရှည်လက်ရှည် စောင့်နေကြရသည်။ ထိပ်တိုက်တွေ့ရန် နေနေသာသာ၊ စိတ်တိုမှုကိုပင် သိပ်မတွေ့ကြရပေ။
ထိုအချိန်တွင် လူတစ်ယောက်က စကားစပြောလာသည်။ သူ့အမျိုးတစ်ယောက်က ရဲတပ်ဖွဲ့ထဲတွင် အရေးပါသူတစ်ဦးဖြစ်ကြောင်း ပြောခြင်းဖြစ်သည်။ စိတ်ခံစားမှုအခြေအနေမှာ မသိမသာ ပြောင်းလဲသွားသည်။ အားလုံးက သူ့စကားကို မသိယောင်ဆောင်နေကြသည်။
“ကျုပ်တို့ ဒုတိယသမ္မတရဲ့ ကားကိုတောင် ဆွဲလာခဲ့ဖူးတယ်ဗျ၊ သူလဲ ဒဏ်ကြေးပေးရတာပဲလေ” ဟု စားပွဲနောက် ထိုင်ခုံတွင် ထိုင်နေသူက ပြုံးပြုံးကြီး ပြောနေသည်။ သူပြောတဲ့ ဒုသမ္မတက ဒေါက်တာစိုင်းမောက်ခမ်းဆိုတာ သိလိုက်ရတော့ လူတွေက သိပ်စိတ်မဝင်စားတော့ပြန်ပါဘူး။ နောက်ထပ်ပြောနေသော်လည်း အလုပ်မဖြစ်ခဲ့ချေ။ သူကတော့ ပါးစပ်ကြီးဖြဲ၍ ပြုံးရင်း ဆက်ပြောနေပြန်သည်။
“ကျွန်တော်တို့ သံအမတ် တစ်ယောက်ရဲ့ ကားကိုလဲ ဆွဲခဲ့ဖူးတယ်ဗျ၊ ဒရိုင်ဘာက ကားထဲမှာ ပါလာတယ်၊ အိပ်ပျော်နေပုံရ ပါတယ်” သူက ရယ်စရာကို အမှန်ထင်နေပုံရသည်။ ကျွန်တော်ကလည်း ယုံလိုက်ပါသည်။ တရားလိုက အထာပေါက်သွားသည်။ ကျွန်တော်တို့နှင့် ခပ်ဝေးဝေးနေရာသွားပြီး ဖုန်းနှင့် စကားအကြာကြီး ပြောနေသည်။ ကျွန်တော်လည်း စာအုပ်တစ်အုပ် ထုတ်ပြီး စာဖတ်နေလိုက်သည်။ မကြာမီ ဆွဲကားတန်း ရောက်လာပါသည်။ ဆွဲလာသော ကား ခြောက်စီးကို ကားများပေါ်မှ ဖြုတ်ပေးလိုက်ကြသည်။ ကျသင့်သော ဒဏ်ကြေးကို ပေးဆောင်လိုက်သည်။ ကျွန်တော့်ကားကို နောက်နားမှာ တွေ့လိုက်ရသည်။
မမျှော်လင့်တဲ့ နံနက်ခင်းလေးကတော့ ဒီလိုနဲ့ ပြီးဆုံးသွားခဲ့သည်။ အဲဒီနောက် ကျွန်တော်လည်း ရုံးကိုပြန်ကာ အလုပ်ခွင်သို့ ဝင်ခဲ့တော့သည်။
ဦးကိုကို ဘာသာပြန်သည်။