[UPDATED on August 25]
မြန်မာနိုင်ငံအလယ်ပိုင်းတွင် သြဂုတ် ၂၄ ရက်နေ့ ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် ရစ်စတာစကေး ၆ ဒသမ ၈ ရှိသည့် ငလျင်ကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးပြီး ဘုရားပုထိုး ၂၀၀ နီးပါးပျက်စီးခဲ့သည်ဟု တာဝန်ရှိသူများကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားသည်။
အဆိုပါ ငလျင်သည် မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၄ မိနစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ချောက်မြို့အနီး ဦးတည်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။
ငလျင်ကြောင့် မကွေးတိုင်းဒေသကြီးတွင် အသက် ၇ နှစ်နှင့် ၁၅ နှစ်အရွယ် ကျောင်းသူနှစ်ဦး သေဆုံးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ထို့ပြင်ငလျင်ကြောင့် မကွေးတိုင်းဒေသကြီးတွင် လူတစ်ဦးသေဆုံးခဲ့သည်ဟု ပခုက္ကူမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက အေအက်ဖ်ပီကို ပြောသည်။
“ငလျင်လှုပ်တော့ အဆောက်အအုံ ပြိုကျလို့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်” ဟု ၎င်းကပြောသည်။ ထို့ပြင် အမျိုးသမီးတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ၎င်းကပြောသည်။
ငလျင်ဗဟိုချက်၏ တောင်ဘက် ကီလိုမီတာ ၃၀ ခန့်တွင် ရှိသော ပုဂံဒေသတွင်လည်း ဘုရားပုထိုး အများအပြား ပျက်စီးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
ပုဂံဒေသရှိ ရှေးဟောင်း စေတီပုထိုး ၁၇၁ ဆူ ငလျင်ကြောင့် ပျက်စီးပြိုကျခဲ့သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
“တချို့ဘုရားတွေက တော်တော်လေးကို ပျက်စီးကုန်ပါတယ်” ဟု ပုဂံရှေးဟောင်းသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်က အေအက်ဖ်ပီကို ပြောသည်။
စေတီတစ်ဆူပေါ်မှ ပုဂံနေဝင်ချိန်ကို စောင့်ကြည့်နေသည့် စပိန်ကမ္ဘာလှည့်တစ်ဦးမှာလည်း ငလျင်လှုပ်မှုကြောင့် ဘုရားပေါ်မှ ပြုတ်ကျခဲ့သည့်အတွက် အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကမ္ဘာလှည့်ခရီးသည် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပုဂံဒေသရှိ စေတီပုထိုးများမှာ ၁၀ ရာစုနှင် ၁၄ ရာစုနှစ်ကြားတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စာရင်းများအရ ပုဂံဒေသတွင် စေတီပုထိုး သာသနိက အဆောက်အအုံပေါင်း ၃,၂၀၀ ခန့် ရှိကြောင်း သိရသည်။
ပုဂံစတီပုထိုးများအနက် လူသိများသော လောကနန္ဒာ၊ စူဠာမဏိ၊ ထီးလိုမင်းလိုစသည့်စေတီများ စိန်ဖူးတော် မြေခခြင်း၊ ကွမ်းတောင်ပြိုကျခြင်း၊ အက်ကွဲခြင်းများဖြစ်ပေါ်ခဲ့ကြောင်း ကနဦးသတင်းများကို အခြေခံပြီး ဧည့်လမ်းညွန် ဦးဇော်ဝင်းချိုက ပြောသည်။
“ပုဂံအတွက်တော့ ၁၉၇၅ နောက်ပိုင်း အဆိုးဆုံး ငလျင်ပဲ”ဟု ၎င်းကပြောသည်။
ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ၏ အသေးစိတ် အခြေအနေကို ကြည့်ရှု စစ်ဆေးကာ ဆက်လက်ကွင်းဆင်း စာရင်းကောက်ယူရန်နှင့် ပြန်လည်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် ဌာနရှိ ဗိသုကာ အင်ဂျင်နီယာအဖွဲ့များအား ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ သြဂုတ် ၂၅ ရက်နေ့တွင် စေလွှတ်ကာ ပုဂံ-ညောင်ဦးဒေသတွင် ယူနက်စကိုအဖွဲ့၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပြန်လည်ပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အသေးစိတ် အစီအစဉ်များ ညှိနှိုင်းရေးဆွဲစေလျက်ရှိသည်ဟုလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သြဂုတ် ၂၄ ရက်နေ့ ည ၉ နာရီခန့်တွင် ထုတ်ပြန်ချက်အရ ငလျင်ကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် ဘုရားပုထိုး ၁၇၁ ဆူ၊ စလေဒေသတွင် ဘုရားကိုးဆူ၊ မြောက်ဦးဒေသတွင် ဘုရားသုံးဆူနှင့် စစ်ကိုင်းဒေသတွင် ဘုရားခုနစ်ဆူ ပျက်စီးခဲ့သည်ဟု သိရသည်။
ငလျင် ဗဟိုချက်ဖြစ်သည့် ချောက်မြို့မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက အဆိုပါ ငလျင်သည် ၎င်းတွေ့ကြုံဖူးသည့် ငလျင်များတွင် အဆိုးဝါးဆုံး ဖြစ်သည်ဟု ပြောသည်။
“မြို့က ဘုရားရှစ်ဆူလောက် ပြိုကျသွားတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။
“အဆောက်အအုံတွေလည်း ပြိုကျကုန်တယ်။ တချို့ဟာတွေက အက်ကုန်တယ်။ မြို့က လူတွေကတော့ ကြောက်လန့်နေကြတယ်” ဟု ၎င်းကပြောသည်။
ငလျင်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးစသည့် မြို့ကြီးများမှလည်း ခံစား သိရှိခဲ့ရသည်။
နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် မှန်များအက်ကွဲခြင်းနှင့် နံရံတွင် ကပ်ထားသည့် အလှဆင်ပစ္စည်းများ ကွာကျခြင်း အနည်းငယ် ဖြစ်ပွားခဲ့သည်။
ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အခြားမြို့များတွင်လည်း အဆောက်အအုံများ ပျက်စီးခြင်း၊ စေတီပုထိုးများ ပြိုကျ အက်ကွဲခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု သတင်းများအရ သိရသည်။ ထိုပြင် မင်းဘူးမြို့ရှိ နဂါးပွက်တောင်တွင် ရွှံ့ရည်များ လျံကျခြင်းနှင့် ရခိုင်ပြည်နယ်တွင် ရွှံ့မီးတောင်ပေါက်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟုလည်း သတင်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် ငလျင်များ လှုပ်ရှားလေ့မရှိဘဲ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ငလျင်အကြီးအကျယ် ခံစားရမှု မရှိခဲ့ပေ။ ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုကာ လှုပ်ရှားခဲ့သည့် အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် လူ ၂၆ ဦးသေဆုံးကာ ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။
သတင်း-ထွန်းခိုင်နှင့် အေအက်ဖ်ပီ