မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအထောက်အပံ့အဖြစ် ဂျပန်ယန်းငွေ ၁၁၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ) ကို ပေးအပ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မနီလာတွင် နိုဝင်ဘာ ၁၄ ရက်နေ့က တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးချုပ်က ကတိပြုလိုက်သည်ဟု ရိုက်တာသတင်းဌာနက ရေးသားထားသည်။
အတိုးနှုန်းသက်သာသည့် အဆိုပါချေးငွေအစီအစဉ်ကို ကျေးလက်ဒေသ ဝင်ငွေတိုးတက်စေရေးအတွက် အထောက်အကူ ဖြစ်စေနိုင်မည့် အသေးစားလုပ်ငန်းများအား ဘဏ္ဍရေးအထောက်အပံ့ပေးရန်နှင့် အခြေခံ အဆောက်အဦးများ အပါအဝင် စီမံကိန်းများအတွက် အသုံးပြုလိမ့်မည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရေးသားထားသည်။
အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ တွေ့ဆုံစဉ် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေး၊ ရန်ကုန်-မန္တလေး ရထားလမ်း ဖောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဝင်ငွေတိုးတက်ရေး၊ အသေးစားနှင့် အလတ်စား ချေးငွေပေးရေး၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်မှု ကူညီထောက်ပံ့ပေးရေးအတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၂ ဘီလျံ အကူအညီပေးရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်ချက်များကို ထောက်ခံအကူအညီ ပေးသွားမည့်ကိစ္စ၊ ကားလမ်းဖောက်လုပ်ရန်နှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရန် အတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၅ ဘီလျံ ထောက်ပံ့ပေးရေးကိစ္စ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား သင်တန်းပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
၎င်းတို့နှစ်ဦးသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် အခြားကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ မနီလာမြို့တွင် ရောက်ရှိနေခြင်းဖြစ်သည်။