ရဲမွန်
ခွဲမထွက်ရေးကိစ္စကို ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) မှာ တားမြစ်ချက်တစ်ခုအနေနဲ့ ထည့်သွင်းသင့်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို ပြောကြားလိုက်ပါတယ်။
အစိုးရ၊ တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့က ခေါင်းဆောင်တွေပါဝင်တဲ့ ထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်မှာ ယနေ့ စတင်ပြုလုပ်နေပါတယ်။
အဲဒီ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ မစတင်မီ ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) လက်မှတ်ထိုးခြင်း ၃ နှစ်ပြည့်အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးက ခွဲမထွက်ရေးကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ မူဝါဒကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ခွဲမထွက်ရဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းရခြင်းက အချို့အဖွဲ့အစည်းများပြောသလို တိုင်းရင်းသား ညီအစ်ကို မောင်နှမများအပေါ် မယုံကြည်ဖို့ မဟုတ်ပါဘူး။ ရေရှည်အတွက် အာမခံချက်အပြည့်ရှိစေဖို့၊ ယုံကြည်ချင်လို့၊ တစ်ဦးနဲ့ တစ်ဦး သံသယကင်းကင်းနဲ့ ထာဝရငြိမ်းချမ်းရေးလမ်းပေါ်မှာ အတူတကွ လက်တွဲချင်လို့သာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ရာမှာ ပြည်ထောင်စု ပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရေးတို့ကို ဦးတည်တဲ့ကိစ္စရပ်တွေကို မူလဆွေးနွေးကတည်းက ရှောင်ရှားဖို့ လိုအပ်တယ်လို့လည်း သူက မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
”ဒါကြောင့် ခွဲမထွက်ရဆိုတဲ့စကားဟာ ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ်လိုအပ်တဲ့ စကားရပ်တစ်ခု၊ အာမခံချက် တစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်”လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။
သုံးရက်ကြာပြုလုပ်မယ့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရေးတို့ကို ဖြေရှင်းကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ အချက်တစ်ချက်အဖြစ် ထည့်သွင်းထားပေမယ့် ပြည်ထောင်စုကနေ ခွဲမထွက်ရေးကိစ္စက အရေးကြီးတယ်လို့ အစိုးရဘက်ရဲ့ မူဝါဒကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
44034084_1415909698543242_633977992258781184_n.jpg
”ခွဲမထွက်ရေးက အရေးကြီးသလို ခွဲထွက်ချင်တဲ့၊ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် အားလုံးလက်တွဲပြီး အကောင်အထည်ဖော်ဖို့ အင်မတန်အရေးကြီးပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရဆိုတဲ့ အမြင်ပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့အကြားမှာ အမြင်ကွဲပြားမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
အဲဒီကိစ္စတွေဟာ နိုင်ငံရေးပိုင်းဆိုင်ရာ ပြဿနာဖြစ်သလို အားလုံးမျှော်မှန်းနေတဲ့ အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုက်ရိုက် ပတ်သက်နေတယ်လို့လည်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဆိုပါတယ်။
ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲမှာ စုစုပေါင်း ၇ ချက်ဆွေးနွေးသွားဖို့ စီစဉ်ထားကြပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရေးကိစ္စအပေါ် မျှော်လင့်ထားတာ မရှိဘူးလို့ ပြောကြားထားကြပါတယ်။