ရန်ကုန်၊ စက်တင်ဘာ ၂
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်ကတည်းက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် ဂျက်မြသောင်းက အောင်မြင်ခဲ့တဲ့ သူရဲ့သီချင်းတွေကို ခွင့်ပြုချက်မတောင်းပဲ အသုံးပြုနေကြတဲ့သူတွေကို ဥပဒေအရ တရားစွဲဆိုသွားမယ်လို့ ယနေ့ပြောကြားလိုက်ပါတယ်။
၂၀၁၂ ခုနှစ်လောက်ကတည်းက ပြည်တွင်းရုပ်သံလိုင်းအချို့နဲ့ အက်ဖ်အမ်ရေဒီယိုလိုင်းတွေမှာ သူ့သီချင်းတွေကို ခွင့်ပြုချက်မတောင်းပဲ ထုတ်လွှင့်နေတယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် သီချင်းဆိုပြိုင်ပွဲတွေမှာလည်း ခွင့်ပြုချက်မတောင်းပဲ အသုံးပြုနေကြတယ်လို့ သူကပြောပါတယ်။
သူ့ရဲ့သီချင်းတွေကို အကြိမ်ပေါင်း ၄၅,၀၀၀ ကျော် လွှင့်ထုတ်ခဲ့ကြပေမယ့် သူ့ထံ တစ်စုံတစ်ရာ အကြောင်းကြားခြင်းနဲ့ အသုံးပြုခပေးခြင်းမျိုး မရှိခဲ့ဘူးလို့ သူကဆိုပါတယ်။
သူအနေနဲ့ သူ့ရဲ့ ဉာဏအားကို အသိအမှတ်ပြုစေလိုပြီး သူ့အနေနဲ့ ထိုကဲ့သို့ လုပ်ရပ်မျိုးကို သည်းမခံနိုင်ဘူးလို့ သူက ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်သီချင်းတွေရဲ့ မူပိုင်ခွင့်ကို ဘယ်သူကိုမှ ပေးမထားပါဘူး။ ကျွန်တော့် အပိုင်ပါ။ အက်ဖ်အမ်လိုင်းတွေက သူတို့အကျိုးစီးပွားအတွက် သုံးနေကြတာပါ။ အခုတော့ ဒါမျိုးအဖြစ်မခံနိုင်တော့ပါဘူး” လို့ သူကပြောပါတယ်။
သူ့အတွက် စီးပွားရေးအရ ဆုံးရှုံးရသလို စိတ်မကောင်းဖြစ်ကာ ခံစားရတယ်လို့လည်း ဆိုပါတယ်။
သီချင်းတွေကို ခွင့်ပြုချက်မတောင်းပဲ အသုံးပြုနေမှုတွေကြောင့် သတင်းစာများတွင် ကြေညာချက်များ ထည့်သွင်းခဲ့သလို မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့လည်း နှစ်ကြိမ်တိုင် ကိုယ်တိုင်သွားရောက် ပြောကြားခဲ့တယ်လို့ ဂျက်မြသောင်းက ပြောပါတယ်။ ဒါပေမယ့် အစည်းအရုံးက သူကို ဘာမှ လုပ်မနေနိုင်ဘူးလို့လည်း ဂျက်မြသောင်းကပြောပါတယ်။
သီချင်းများ အသုံးပြုရန်အတွက် သူ့ထံက ခွင့်ပြုချက် တောင်းလာခဲ့လ ျှင်ပင် ငွေကြေး တစ်စုံတစ်ရာ မယူပဲ စေတနာသက်သက်နဲ့ ပေးနိုင်တယ်လို့ ဂျက်မြသောင်းက ပြောပါတယ်။
ဒါကြောင့် ဂီတအစည်းအရုံးနဲ့ သီချင်းတွေ ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံလိုင်းတွေ၊ ရေဒီယိုလိုင်းတွေကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ သူကပြောပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာ မူပိုင်ခွင့်ဥပဒေ မပြဌာန်းရသေးတာကြောင့် ဂျက်မြသောင်းအနေနဲ့ ဘယ်ဥပဒေတွေနဲ့ တရားစွဲဆိုမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဂျက်မြသောင်းကတော့ လက်ရှိတည်ရှိနေတဲ့ ဥပဒေထဲက သက်ဆိုင်တဲ့ ပုဒ်မတွေနဲ့ပဲ တရားစွဲဆိုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဂျက်မြသောင်းရဲ့ရှေ့နေ ဦးဌေးက ယခုကိစ္စဟာ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် များစွာသက်ဆိုင်နေတယ်လို့ ပြောပါတယ်။
“တရားဥပဒေ စိုးမိုးမှုရှိအောင် ကျွန်တော်တို့အနေနဲ့ လုပ်ရတာလည်း အများကြီး ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအခြေအနေအရ ယခုလက်ရှိ ရုပ်သံ စီပွားရေးသမားတွေက နောက်ခံကောင်းသည့်သူများဖြစ်ပြီး တရားစီရင်ရေးအရလည်း သူတို့ကို ထိုနောက်ခံများက အများကြီး ကာကွယ်ပေးထားတဲ့အတွက် ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
၁၉၁၄ ခုနှစ်ကတည်းက ပြဌာန်းထားပြီး အိုမင်းဟောင်းနွမ်းကာ ခေတ်မမီတော့တဲ့ မူပိုင်ခွင့်ဥပဒေကို အစားထိုးဖို့ ဥပဒေကြမ်းကို ဦးသိန်းစိန်အစိုးရက ရေးဆွဲခဲ့ပေမယ့် ယခုအချိန်အထိ ပြဌာန်းနိုင်ခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ သီချင်းတွေ၊ ဗီဒီယိုတွေနဲ့ ရုပ်ရှင်တွေ မူပိုင်ခွင့်ချိုးဖောက်ပြီး ကူးယူ ရောင်းချမှုတွ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။
သတင်း- ဆုမြတ်မွန်