“ခြိမ်းခြောက်တာမျိုးတွေ ရှိပါတယ်။ ကျွန်တော်တို့ တွန့်ဆုတ်သွားမှာ မဟုတ်ပါဘူး”

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် တွေ့ဆုံခြင်း

အဂတိလိုက်စားမှုဥပဒေအား ပြင်ဆင်လိုက်ပြီးနောက်ပိုင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ဦးအပါအဝင် အစိုးရအရာရှိကြီးများ၊ တရားရေးအရာရှိများနှင့် လူပုဂ္ဂိုလ်တချို့ကို အရေးယူမှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ဦးအောင်ကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ကော်မရှင်ကို ထောက်ခံမှုများလည်း ရှိသကဲ့သို့ ဝေဖန်မှုများလည်း ရှိနေသည်။ ထို့ပြင် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လွှမ်းမိုးမှုများကိုလည်း ခံနေရသည်ဟု စွပ်စွဲမှုများ ရှိနေသည်။ ကော်မရှင်အပေါ် စွပ်စွဲဝေဖန်မှုများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ရည်မှန်းချက်များနှင့်ပတ်သက်ပြီး Frontier က နေပြည်တော်၌ တွေ့ဆုံမေးမြန်းခဲ့သည်။
 

တွေ့ဆုံမေးမြန်းသူ – ရဲမွန်

ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကိစ္စ စစ်ဆေးခဲ့တုန်းက ကော်မရှင်အနေနဲ့ ဘယ်လိုအခက်အခဲ၊ အတားအဆီးမျိုးတွေ ရှိခဲ့ပါသလဲ။

အတားအဆီးတော့ ဘာမှမရှိဘူး။ အခက်အခဲဆိုတာကတော့ လုပ်ငန်းသဘောအရ အခက်အခဲမျိုးပေါ့။ အစပထမပိုင်းမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပေါ်ပေါက်မှုအပိုင်းက သိပ်မထင်ရှားဘူး။ မထင်ရှားတဲ့ကိစ္စအပေါ် လိုက်ရတာ အခက်အခဲရှိတယ်။ သက်သေတွေအများကြီး စစ်ရတယ်။ ဒီအမှုမှာ အားသာချက်က တခြားအမှုတွေထက်စာလို့ရှိရင် ထွက်ဆိုချက်ပေးလိုတဲ့လူတွေက များတယ်။ တခြားအမှုတွေမှာ မြန်မာလူမျိုးတွေရဲ့ သဘောသဘာဝအရ သက်သေလိုက်ရမှာ စိုးရိမ်လို့ သိပ်မပြောကြာဘူး။ အခုဟာကျတော့ ပြေ ာ ချင်တဲ့သူတွေကများတယ်။ ဒါကြောင့် စစ်ဆေးလိုက်တဲ့အခါ သက်သေပေါင်း ၉ဝ ကျော် ဖြစ်သွားခဲ့တယ်။

ငါးကြီးကြီး ဖမ်းချင်တယ်ဆိုတာ အမြဲတမ်းပြောခဲ့တာမျိုးရှိတော့ ဥပဒေမပြင်ခင်အချိန်တုန်းက ကျူးလွန်ခဲ့တဲ့ ငါးကြီးကြီးတွေ အရေးယူလို့မရပေမယ့်လည်း သူတို့အပေါ် ပြည်သူတွေဘက်က တိုင်ကြားခဲ့တာမျိုးရှိရင် သိချင်ပါတယ်။

အရင်တုန်းကတော့ မူလဥပဒေအဟောင်း (၂၁.၆.၂ဝ၁၈) နောက်ဆုံးပြင်ဆင်ချက် မတိုင်ခင်အချိန်တုန်းက ဥပဒေရဲ့ သဘောကိုက လာဘ်ပေးလာဘ်ယူကိစ္စလောက်ပဲ ဖြစ်တယ်လေ။ ဘာကန့်သတ်ချက်ရှိလဲဆိုတော့ အဲဒီ လာဘ်ပေးလာဘ်ယူမှုက လက်ဝါးထင်ထင်တွေ့မှ၊ သက်သေအထောက်အထားခိုင်လုံမှ အရေးယူလို့ရတဲ့ သဘောမျိုး ဖြစ်တယ်။ ပြင်လိုက်တဲ့ ဥပဒေမှာကျတော့ ပြည်သူ့ဘဏ္ဍာငွေကို ထိခိုက်ပျက်စီး ဆုံးရှှုံးစေမှုဆိုတဲ့အချက် ပါလာတယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ လုပ်ထုံးလုပ်နည်း လွဲမှားပြီးလုပ်ရင်တောင် စာရင်းဇယားစစ်ဆေးပြီး၊ ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးလားပေါ့။ အဲဒီလိုဖြစ်လာပြီဆိုရင် အဂတိလိုက်စားမှုလို့ ပြောနိုင်တယ်။ ဥပဒေပြင်ဆင်ပြီးတော့ ဒါနဲ့ပတ်သက်ပြီး စစ်ဆေးရတာတွေ အဆင်ပြေလာတာပေါ့။ အဲ့ဒါကြောင့်လည်းပဲ ပြည်သူ့ဘဏ္ဍာငွေ ကိုင်ဆောင်သုံးစွဲခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပိုပြီးတော့ ပါဝင်လာတယ်။ အဲဒီပုဂ္ဂိုလ်တွေကိုယ်တိုင်ကပဲ တကယ့် ငါးကြီးကြီးတွေလေ။ ဥပဒေမပြင်ခင်အချိန်တုန်းကတော့  တံစိုးလက်ဆောင်ပေးတယ်၊ ယူတယ်ဆိုတာကို ဘယ်သူမှ ထုတ်ဖော်ပြောကြားလေ့မရှိဘူး။ အဲဒီမှာ အရေးယူဆောင်ရွက်ရတဲ့အပိုင်းက အားနည်းပါတယ်။

ဥပဒေပြင်ပြီး နောက်ပိုင်းမှာတော့ ပြည်သူ့ဘဏ္ဍာရန်ပုံငွေ ပျက်စီးဆုံးရှုံးစေမှုဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေ ပိုပြီးပေါ်လွင်လာတယ်။

တနင်္သာရီဝန်ကြီးချုပ်ကိစ္စမှာက ဥပဒေမပြင်မီအချိန်က ပြုလုပ်ခဲ့တဲ့အရာတွေအပေါ်မှာပါ စစ်ဆေးခဲ့တာမျိုးတွေရှိတော့ ဘာကွဲပြားနေလဲဆိုတာ သိချင်ပါတယ်။

သူတို့ကျတော့ နှစ်ပိုင်းလုံးမှာပါတယ်။ ဥပဒေပြင်ဆင်တာ၊ ပြဌာန်းပြီးတဲ့နောက်က ကိစ္စတွေမှာလည်း ပါတယ်။ အဲဒီမတိုင်ခင်က ကိစ္စတွေလည်းပါတယ်။ အဲဒီမတိုင်ခင်က ကိစ္စဆိုတာတွေက လာဘ်ပေးလာဘ်ယူမှု သဘောထားပါတဲ့ကိစ္စတွေပေါ့နော်။ ပြင်ဆင်ချက်မထွက်ခင်က ကိစ္စပေါ့။ တင်ဒါကိစ္စတွေကျတော့ ဥပဒေပြင်ဆင်ချက်၊ ပြဌာန်းချက်ထွက်ပြီးနောက်မှာ ဖြစ်တဲ့ကိစ္စပေါ့။ အဲဒါကြောင့် ဥပဒေနှစ်ခုလုံးနဲ့ အကျူံးဝင်တာကို တွေ့ရပါတယ်။

အဲဒါဆိုရင် ဟိုတယ်/ခရီး အတွင်းဝန်ကိစ္စမှာကျတော့ လုပ်ထုံးလုပ်နည်း မှားခဲ့တယ်ဆိုပြီး ပြောထားပေမယ့် အရေးယူတာမျိုး မတွေ့ရဘူး။ အဲဒီကိစ္စကျတော့ ဘယ်လိုကွာသွားလို့လဲ။

ဖြစ်ခဲ့တဲ့ကာလက တံစိုးလက်ဆောင်ပေးတဲ့ကိစ္စပဲ စစ်ဆေးရတာဆိုတော့ အရေးယူလို့မရခဲ့ဘူး။ တည်ဆဲဥပဒေနဲ့ဆိုရင် စုံစမ်းစစ်ဆေးရတာ ပိုလွယ်တာပေါ့။ အရင်ဥပဒေအဟောင်းက စစ်ဆေးလို့ မရဘူးလေ။ ကာယကံရှင်ကိုယ်တိုင်ကလည်း မပြောနိုင်ဘူး။ သက်သေမှမရှိတာ။ သူကလည်း သွားပေးတယ်။ ဟိုကလည်း ယူတယ်။ ဒီလိုနှစ်ယောက်စလုံးက တေ့တေ့ဆိုင်ဆိုင် ထွက်ဆိုနိုင်တာဖြစ်ဖို့က တော်တော်ခဲယဉ်းပါတယ်။

တိုင်ကြားတဲ့သူအပေါ် သက်သေအထောက်အထားမရှိပဲ တိုင်ကြားတယ်ဆိုပြီး အရေးယူဖို့ရော မရှိဘူးလား။

သူ့ကိုအရေးယူဖို့ အကြောင်းမရှိပါဘူး။ တိုင်ကြားတဲ့လူကို ဖြစ်နိုင်သမျှအရေးမယူချင်ဘူး။ တိုင်ကြားတဲ့သူတွေအတွက် တိုင်ကြားတဲ့အခါ စွန့်စားမှုများတယ်။ တိုင်ကြားတဲ့သူကို အရေးယူလိုက်ရင် တိုင်ကြားတဲ့အရေအတွက် လျော့ကျသွားမှာကို စိတ်ပူရတယ်။ လျော့ကျသွားရင် တံစိုးလက်ဆောင်ပေးတာတို့၊ အဂတိလိုက်စားမှု ဖြစ်ပွားနေတာတွေက မပေါ်နိုင်တော့ဘူး။ အဲဒါကြောင့် တိုင်ကြားတဲ့သူတွေကို အတတ်နိုင်ဆုံး အရေးမယူချင်ပါဘူး။

ပြီးခဲ့တဲ့ကိစ္စလေးတစ်ခုမှာ မလွဲသာမရှောင်သာ အရေးယူခဲ့ရတာမျိုး ရှိတယ်။ အဲဒီလူက တိုင်ကြားတဲ့အခါမှာ ရည်ရွယ်ချက်နဲ့ကို အစီအစဉ်တကျ လုပ်ကြံပြီး တိုင်ကြားတဲ့သဘော ဖြစ်တယ်။ မရိုးမဖြောင့်တဲ့သဘောနဲ့ သတင်းသမားတွေကို လွဲမှားတဲ့အထောက်အထားတွေပြပြီး ရှင်းပြတယ်။ တိုင်ကြားရင်လည်း မှန်ကန်တယ်ဆိုတဲ့အကြောင်း အထောက်အထားပြရမယ့် ပုဂ္ဂိုလ်တွေရှိရတယ်။ သူ့ဘက်က အထောက်အထားပြတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်က သူပြောတာမဟုတ်ဘူးဆိုတာ အခိုင်အမာနဲ့ ပြောခဲ့ကြတယ်။ ဒါတွေက ပုဂ္ဂိုလ်ရေးအညှိုးအတေးနဲ့ ဆောင်ရွက်တာလို့ယူဆတယ်။

သဘောရိုးနဲ့ မှားယွင်းတိုင်ကြားတာမျိုးကိုပဲ ကော်မရှင်အနေနဲ့ အရေးယူစရာအကြောင်းမရှိဘူး။ အရေးယူဖို့ အစီအစဉ်ကို မရှိဘူး။ မရိုးမဖြောင့်တဲ့သဘောဖြစ်တဲ့အပြင် ကိုယ်ကျိုးစီးပွားရည်ရွယ်ချက်နဲ့ တိုင်ကြားမှသာလျှင် အရေးယူရတာ ဖြစ်ပါတယ်။ ဒါမျိုးတွေက မလုပ်ကောင်းဘူးလေနော်။ ကျွန်တော်တို့ ကော်မရှင်ရဲ့ အဓိကတာဝန်ကိုက အများပြည်သူရဲ့ အကျိုးစီးပွားကို ဆောင်ရွက်တာ။ ပုဂ္ဂိလ်ရေး အကျိုးစီးပွားကို ဆောင်ရွက်တာမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးအရ တစုံတယောက်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာကြောင့် အရေးယူတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီလိုကိစ္စမျိုး ထပ်မဖြစ်လာတော့ဘူးလို့ မျှော်လင့်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ဝန်ကြီးတွေဦးဆောင်တဲ့ ဝန်ကြီးဌာန သုံးခုနဲ့ ပတ်သက်ပြီးတော့ရော တိုင်ကြားထားတာမျိုးတွေရှိသလား။

ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်မှုထမ်းတွေနဲ့ ပတ်သက်တာကြောင့် အခြေခံဥပဒေအရ ကန့်သတ်ထားတာရှိတာပေါ့။ ကျန်တဲ့ဌာနတွေကတော့ ကော်မရှင်က အရေးယူဆောင်ရွက်လို့ ရပါတယ်။ ဝန်ကြီးသုံးပါးလုံးက စစ်မှုထမ်းတွေဖြစ်နေတော့ အရေးယူဆောင်ရွက်လို့ မရဘူးပေါ့။ ပြောရမယ်ဆိုရင် ကျန်ဝန်ကြီးဌာနနှစ်ခုက စစ်မှုထမ်းမဟုတ်တဲ့သူတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတာတွေရှိရင် အရေးယူဆောင်ရွက်ခွင့်ရှိပါတယ်။ တိုင်ကြားထားလား၊ မထားဘူးလားဆိုတာ ထုတ်ဖော်ပြောလို့ မရပါဘူး။ လျှို့ဝှက်အဆင့်ပဲ ထားထားရပါတယ်။ တိုင်ကြားထားမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဒီကိစ္စဟာ ကာယကံရှင်အတွက် မဟုတ်မှန်ခဲ့လို့ရှိရင် ထိခိုက်နစ်နာစေတယ်။ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို ထိခိုက်နစ်နာစေတယ်လေ။

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ရင်ရော အရေးယူလို့ရလားခင်ဗျ။

ဥပဒေမှာ မည်သူမဆိုဆိုတဲ့စာသားပါတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အရေးယူလို့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ဥပဒေနဲ့ငြိစွန်းရင် အရေးယူရမှာပေါ့။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘာဝက သိပ်လုပ်ပိုင်ခွင့်ရှိတဲ့လူတွေတော့ မဟုတ်ဘူး။ အစိုးရဌာနတွေနဲ့ မတူဘူး။ လုပ်မှားကိုင်မှားတာတော့ ရှိချင်ရှိမယ်။

ဥပဒေအရ အဂတိလိုက်စားတယ်လို့ မမြောက်ရင် ပြင်ပဥပဒေနဲ့ အရေးယူလို့ရတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လုပ်ပိုင်ခွင့်မရှိတဲ့ အဂတိလိုက်စားမှုနဲ့ ငြိဖို့ခဲယဉ်းတယ်ဆိုတာကို ပြောလိုပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို အထူးသဖြင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်ကြားထားတယ်ဆိုတဲ့ သတင်းတွေထွက်နေတော့ တကယ်ပဲ တိုင်ကြားထားပါသလား။

မှတ်မိသလောက်တော့ အဲဒါနဲ့ပတ်သက်ပြီး တိုင်ကြားတာ မရှိသေးဘူး။ သတင်းတွေတော့ ထွက်နေတာပေါ့လေ။ ဒါပေမယ့် အခုထိ မရှိသေးဘူး။ ကော်မရှင်ရဲ့သဘာဝက ပြစ်မှုကြီးကို ကျူးလွန်သွားပြီဆိုမှ စုံစမ်းစစ်ဆေးတယ်။ အဲဒီကျူးလွန်ချက်က မှန်တယ်ဆိုရင် တရားစွဲတယ်။ အခုကျတော့ စီမံကိန်းကြီးက ဖြစ်တောင်မဖြစ်သေးဘူး။ အဲဒီအပေါ်မှာ စစ်ဆေးခွင့် မရှိဘူး။ စီမံကိန်းအနေနဲ့ပဲ ရှိသေးတာလေ။ စီမံကိန်းဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော်ကိုလည်း တင်ပြပြီးပြီ။ လွှတ်တော်ကလည်း ခွင့်ပြုပြီး တကယ်လက်တွေ့ ဆောင်ရွက်ပြီဆိုရင် ကျူးလွန်မှုတွေဖြစ်လာပြီဆိုမှ ကော်မရှင်က ဝင်လို့ရတာပါ။ အဲဒါမတိုင်ခင် လုပ်ပိုင်ခွင့်ကို မရှိတာ။ ဆန္ဒဇောနဲ့ ပြောကြတာပေါ့နော်။ မဖြစ်ခင်ကတည်းက အရေးယူလို့ ရတယ်လို့ ထင်နေကြတာပါ။ တကယ်တော့ မဟုတ်ပါဘူး။ မဖြစ်ခင်မှာ ပညာပေးတာနဲ့ တားဆီးကာကွယ်တာလောက်ပဲ လုပ်လို့ ရတာပါ။ မဖြစ်ခင်မှာ ဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုတော့ စစ်ဆေးခွင့်မရှိဘူး။

ဝန်ကြီးဌာနတွေမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) တွေ ဖွဲ့တာ ဘယ်လိုအခြေအနေရှိလဲ။ အဲဒီအဖွဲ့တွေအပေါ်မှာရော အားရကျေနပ်မှုရှိရဲ့လား။

တတိယအဖွဲ့အစည်း ပါနိုင်ရင် ပိုကောင်းတာပေါ့။ ယဉ်ကျေးမှုရယ်၊ လူတွေရဲ့ အပြုအမူတွေရယ်ကို ပေါင်းခြုံပြီး စဉ်းစားလိုက်တဲ့အခါကျတော့ CPU ထဲမှာ CSO (အရပ်ဖက်အဖွဲ့အစည်း) တွေ ပါဝင်ဖွဲ့စည်းဖို့ဆိုတာ လက်တွေ့ဖြစ်ဖို့ အချိန်လိုသေးတယ်။ သူတို့ကို ထည့်လိုက်မယ်ဆိုရင် အံဝင်ခွင်ကျဖြစ်မှာ မဟုတ်သေးဘူး။ အခြေအနေတွေ ရှုပ်ထွေးသွားမှာကို စိုးရိမ်ရတယ်။ အဲဒါကြောင့် CPU ကိုပဲ အရင်ဖွဲ့ပြီး အဲဒါအလုပ်လုပ်လာအောင် လက်ရှိ အားကိုးနေရတာက အုပ်ချုပ်ရေးပိုင်းပေါ့။ ကိုယ့်ဝန်ကြီးဌာနနဲ့၊ ကိုယ့်အဖွဲ့အစည်းထဲမှ ကိုယ့်ဝန်ထမ်းနဲ့ကိုယ် ဌာနအတွင်းမှာရှိတဲ့ အဂတိလိုက်စားတဲ့ ပြဿနာတွေကို စိစစ်ဖော်ထုတ်ရမယ်။ အဲဒီပြဿနာကို သိပြီဆိုရင် လုပ်ပိုင်ခွင့်ဘောင်အတွင်းကနေ ဖြေရှင်းရမယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေဆိုတာရှိတယ်။ အဲဒါကို အရေးယူလုပ်ပိုင်ခွင့်က ဝန်ကြီးချုပ်တွေမှာ ရှိတယ်။ ပြီးတော့ ဘယ်ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ညွှန်ကြားချက်တွေမှာ အဂတိလိုက်စားမှု ဖြစ်နိုင်လဲဆိုတာကို အကဲဖြတ်ရမယ်။ အဂတိလိုက်စားမှု ဖြစ်နိုင်ချေအန္တရာယ်ရှိမှုလို့ ခေါ်တာပေါ့။ အဲဒီလိုရှိတဲ့ နယ်မြေတွေကို CPU တွေက သူ့ဘာသာ စစ်ဆေးမယ်။ ပေါ်ပြီဆိုရင် ပြုပြင်ရမယ်။ အဲဒီလိုပြုပြင်ဖို့ ဝန်ကြီးချုပ်မှာ လုပ်ပိုင်ခွင့် ရှိတယ်။ အလွယ်တကူလည်း ပြုပြင်လို့ရတာပဲလေ။ ကော်မရှင်ကတော့ ပြင်ပေးလို့မရဘူး။

CPU ၁၄ ခုကို အရင်တုန်းက စီမံကိန်းအနေနဲ့ အရင်ဖွဲ့စည်းခဲ့တယ်။ နောက်ထပ်လေးခုကလည်း သူ့သဘောနဲ့သူ ဆန္ဒပြုလာတဲ့အတွက် ဝန်ကြီးဌာန ၁၈ ခုဖြစ်သွားပြီ။ တချို့ဝန်ကြီးဌာနတွေက ဌာနတစ်ခုတည်းမှာတင် လေး၊ ငါးခု ဖွဲ့ထားကြတယ်။ ဝန်ကြီးဌာနတွေက ပေါင်းထားတော့ ကြီးတယ်လေ။ အဲဒါကြောင့်ဖွဲ့ထားတဲ့ CPU အရေအတွက်က ၂၈ ဖွဲ့ဖြစ်သွားပြီ။

CPU အဖွဲ့တွေ အလုပ်လုပ်လာရအောင် လွှတ်တော်ဘက်က ထိန်းကျောင်းနိုင်အောင် ထောက်ပြလာတာတွေ ရှိလာပါလိမ့်မယ်။ တတိယအဖွဲ့အစည်း မပါတဲ့အတွက် CPU မအောင်မြင်ဘူးလို့ ပြောလို့မရပါဘူး။ အများကြီး မျှော်လင့်ထားပါတယ်။ CPU မှာက အနည်းဆုံး ဒုညွှန်ကြားရေးမှူးချုပ်လောက်က ဦးဆောင်တာမျိုးတွေ ရှိပါတယ်။ အရင်တုန်းကဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ဖို့အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ ကွဲကွဲပြားပြား မသိခဲ့ကြဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ငါတို့မှာတာဝန်ရှိတယ်ဆိုတဲ့ အခြေအနေထိ ဖြစ်လာပါလိမ့်မယ်။

လာဘ်ပေးတဲ့လူကို အရေးယူတာမျိုးတွေ မတွေ့သေးဘူးပေါ့နော်။ အဓိကက ဘာလို့များလဲခင်ဗျ။

ပေးတဲ့လူကို အပြစ်ပေးဖို့ဆိုတာ အရင်ဥပဒေအဟောင်းတုန်းက အရေးယူဖို့ တော်တော်ခက်ပါတယ်။ အခုဥပဒေအသစ်မှာက “မည်သူမဆို” ဆိုတာပါတဲ့အတွက် ပေးတဲ့သူကိုပါ အရေးယူလို့ရပါပြီ။ အရင်ဥပဒေမှာက “လုပ်ပိုင်ခွင့်အာဏာရှိသူ” ဆိုတာပဲ ဖော်ပြထားတာကြောင့် အရေးယူလို့ မရဘူး။ အခုဥပဒေမှာကတော့ ရှင်းရှင်းလင်းလင်း ဖြစ်တယ်ပေါ့။ အဲဒီလို မရှင်းလင်းခဲ့တာကြောင့် လာဘ်ပေးတဲ့လူကို တရားစွဲရင် တရားရုံးမှာ လွတ်မြောက်သွားနိုင်ပါတယ်။ အခုဥပဒေ ပြင်ဆင်ပြဌာန်းပြီးနောက်မှာတော့ ပေးတဲ့လူရော၊ ယူတဲ့လူရော အရေးယူမှာပေါ့။ ကော်မရှင်က တရားပဲစွဲ နိုင်တာပေါ့နော်။ တရားစွဲတဲ့အဖွဲ့အစည်းက ခိုင်လုံတဲ့အထောက်အထားနဲ့ ဥပဒေနဲ့ ညီအောင် စွဲနိုင်မှ ဂုဏ်သိက္ခာရှိမှာပေါ့။ ဥပဒေနဲ့မညီဘဲ လျှောက်လျှောက်ပြီး စွဲနေရင် ကိုယ့်မှာလုပ်ပိုင်ခွင့်ရှိတိုင်း လျှောက်စွဲနေရင် ကြာလာရင် ဂုဏ်သိက္ခာ ကျဆင်းသွားမှာပေါ့။

ဥပဒေပြင်ဆင်ချက်တွေမှာ တခြားဘာအားသာချက်တွေ ရှိသေးလဲ။

ကျော်စောသတင်းကိစ္စပေါ့။ ကျော်စောသတင်းဆိုတာကို အစည်းအဝေးမှာပဲ သတ်မှတ်တယ်။ ကျော်စောသတင်းဆိုတာက အပြင်မှာ ပျံ့နှံ့နေတဲ့သတင်းတိုင်း မဟုတ်ဘူး။ ဒါပေမယ့် အဂတိလိုက်စားမှုနဲ့ ဆက်စပ်တယ်လို့ သံသယမကင်းဖြစ်ရမယ်။ ဒါ့အပြင် သတင်းမှာ အထောက်အထားပါ ပါဖို့လိုတယ်။

ဥပမာပေါ့လေ။ မလုပ်ရသေးတဲ့စီမံကိန်းအပေါ်မှာ ပြောနေကြတယ်။ မလုပ်ရသေးတဲ့ စီမံကိန်းကို အဂတိလိုက်စားမှု ဖြစ်ပါတယ်ဆိုပြီး တလောကလုံးက ပြောနေပေမယ့် ဘယ်လိုမှ အရေးယူလို့မရဘူး။ အထောက်အထားလည်း မရှိဘူး။ အဲဒါကို ကျော်စောသတင်းလို့ မသတ်မှတ်ဘူး။

နောက်တစ်ခုက တချို့ဌာနမှာ သင်တန်းပေးတာနဲ့ပတ်သက်ပြီး မမှန်ကန်ဘူး။ နိုင်ငံတော်အတွက် ဆုံးရှုံးတယ်ဆိုတာမျိုး အများကြီး ပြောကြတယ်။ တကယ်လေ့လာကြည့်တော့ အဲဒီကာလက ဥပဒေအသစ်ပြင်ဆင်ထားတဲ့ ကာလ မဟုတ်သေးဘူး။ ဒါပေမယ့် ဒုတိယအကြိမ်ဖွင့်မယ့် သင်တန်းကျတော့ ငြိနိုင်တယ်။ အဲဒါကျတော့ ငွေက ပြန်သွင်းပြီးသွားပြီ။ ကာယကံရှင်ကိုယ်တိုင်က နာမည်ပျက်မခံနိုင်တဲ့အတွက် ဖျက်သိမ်းလိုက်တယ်။ အစိုးရကလည်း သင်တန်းကို ဖျက်သိမ်းလိုက်တယ်။ အဲဒီအတွက်ပေးပြီးသားငွေတွေ နိုင်ငံတော်က ပြန်ရသွားတယ်။ အဲဒီအခါကျတော့ ဘယ်လိုမှ အရေးယူလို့မရတော့ဘူး။

ဆရာဆိုလိုတာက ရာထူးဝန်အဖွဲ့ကို ဆိုလိုချင်တာလားခင်ဗျ။

အေးပေါ့။ နမူနာပေါ့လေ။ နာမည်တပ်ပြီး မပြောချင်လို့ပါ။ နာမည်တပ်ပြီးပြောလိုက်ရင် မကောင်းဘူးလေနော်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ကျန်ရှိနေတဲ့သက်တမ်းမှာ ဘာတွေဆက်လုပ်ဖို့ ရည်မှန်းထားလဲ။

ဖြတ်သန်းလာရတဲ့ကာလမှာ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး ကိုင်တွယ်ခဲ့တာမျိုး မတွေ့ခဲ့ရဘူး။ အခုမှ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ကိုင်တွယ်တော့မယ်ဆိုတော့ လူတွေရဲ့အပြုအမူတွေက လွဲမှားတာတွေ အများကြီးဖြစ်နေကြပြီ။ လက်ဆောင်ဘဏ္ဍာပေးတာကလည်း သဘာဝအဖြစ် ရှိနေတယ်။ အဓိကကတော့ လူတွေရဲ့ ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေးက အဓိကအကျဆုံးပါပဲ။ လူတွေရဲ့စိတ်မှာက အခုပြောနေတဲ့ အဂတိကို အဂတိတရားနဲ့ ရောထွေးနေကြတယ်ပေါ့နော်။ တကယ်လို့များ အရပ်ထဲမှာပြောနေတဲ့အတိုင်း အဂတိလိုက်စားမှုကို အကျင့်ပျက်ခြစားမှုဆိုတဲ့ စကားမျိုးသုံးတယ်။ အဲဒီစကားကို သိပ်သဘောကျတယ်။ အကျင့်ပျက်တယ်ဆိုတာ သိပ်မှန်တဲ့ စကားပဲ။ အကျင့်ကောင်းအောင်လုပ်ရင် Corruption (အဂတိလိုက်စားမှု) ကိုတိုက်ဖျက်နိုင်တယ်။ လူတွေကို အကျင့်ကောင်းအောင် လုပ်ဖို့ဆိုတာကလည်း မလွယ်ဘူး။ ပန်းတိုင်ကိုတော့ ရှင်းရှင်းလင်းလင်းမြင်နိုင်တာပေါ့။ အကျင့်ကောင်းရင် အဂတိလိုက်စားမှု မရှိတော့ဘူးပေါ့။ မူလတန်းအရွယ်ကတည်းက ပညာပေးတာတွေ လုပ်နေပါပြီ။ အမှန်စကားပြောဖို့ပေါ့။ အလယ်တန်းအဆင့်ကျတော့ ဖြောင့်မတ်တည်ကြည်မှုကိစ္စတွေ ပါလာမယ်။ ကလေးငယ်တွေက စပြီး ပညာပေးထားမှ အကျင့်ကောင်းအောင်လုပ်တဲ့ အစဉ်အလာဆိုတာ ဖြစ်လာပါလိမ့်မယ်။

အမှုတွေကများလာပြီး စုံစမ်းစစ်ဆေးမှုတွေလည်း အများအပြား လုပ်ခဲ့ပြီးပြီဆိုတဲ့ အဲဒီအပေါ် မကျေနပ်တဲ့လူတချို့က ကော်မရှင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်တွေကို ခြိမ်းခြောက်တာမျိုးတွေ ရှိလား။

အစပိုင်းမှာတော့ စာနဲ့ခြိမ်းခြောက်တာမျိုးတွေ ရှိပါတယ်။ နောက်ပိုင်းတော့မရှိပါဘူး။ ကော်မရှင်ကတော့ ဒီလောက်ကြီး စိတ်မပူပါဘူး။ ကိုယ့်တိုင်းပြည်ကောင်းအောင် စေတနာနဲ့ လုပ်တာပဲလေ။ ဘာမှတော့ တွန့်ဆုတ်သွားမှာ မဟုတ်ပါဘူး။ ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်ကြရမှာပဲ။ 

ကော်မရှင်အပေါ် သမ္မတဖြစ်စေ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်စေ ပါဝင်ပတ်သက် လွှမ်းမိုးတာမျိုး ကြုံရလား။

ကော်မရှင်က လွတ်လပ်တဲ့ကော်မရှင်ပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်ကို တချို့က ထင်နေကြတယ်။ ကော်မရှင်အပေါ် လွှမ်းမိုးတယ်ဆိုပြီး။ သူက အဲဒီလိုစိတ်ဓာတ်မျိုး မရှိဘူး။ တာဝန်တစ်ရပ်ပေးထားပြီးရင် ကိုယ့်တာဝန်နဲ့ ကိုယ် လွတ်လွတ်လပ်လပ်လုပ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိတာ။ ဖြောင့်မတ်တည်ကြည်မှုအပေါ်မှာ တန်ဖိုးထားကြရတယ်။ ကိုယ့်ရဲ့ ဖြောင့်မတ်တည်ကြည်မှုအပေါ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်က တန်ဖိုးထားမယ်လို့ ထင်ပါတယ်။ အဲဒီလိုပဲ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဖြောင့်မတ်တည်ကြည်မှုအပေါ် ကိုယ်တန်ဖိုးထားတယ်။ ဒီနှစ်အတွင်းမှာတောင် သူနဲ့ တခါမှမတွေ့ဘူး။ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်နေတာပဲလေ။ သမ္မတကိုကျတော့ သူ့ကို တာဝန်ခံရတာဖြစ်တဲ့အတွက် နိုင်ငံရေးအရ လုပ်ပိုင်ခွင့်ရှိတဲ့လူတွေနဲ့ ပတ်သက်ရင် သမ္မတဆီ ခွင့်ပြုချက်တင်ရတယ်။

တပ်မတော်အစိုးရလက်ထက်မှာလည်း ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလည်း ပြန်ကြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့တယ်။ အဲဒီတော့ အခုကော်မရှင်မှာ လုပ်ရတာနဲ့ အရင်အလုပ်တွေအပေါ် ဘယ်ဟာကို ပိုကျေနပ်အားရလဲ။ ပိုပျော်သလဲခင်ဗျ။

ဒီအလုပ်က ပိုပြီး ကိုက်ညီတယ်လို့ ထင်တယ်။ ပျော်တာထက်ပေါ့။ ပြန်ကြားရေးဝန်ကြီးတုန်းကလည်း နိုင်ငံအပေါ်မှာ စေတနာထားပြီး သတင်းမီဒီယာ ပြုပြင်ပြောင်းလဲလာနိုင်အောင် ပြည်သူ့ဝန်ဆောင်မှု မီဒီယာလုပ်ငန်းကို ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့တယ်။ ဒါပေမယ့် မီဒီယာသမားတွေလည်း လက်မခံဘူး။ အစိုးရက ကိုယ် အတင်းတိုက်တွန်းတော့ လက်ခံပေးခဲ့တယ်။ လွှတ်တော်ဘက်က လက်မခံခဲ့တဲ့အတွက် ကိုယ်က ရှုံးနိမ့်ခဲ့ပြီး ဒီအပေါ်မူတည်ပြီး အငြိမ်းစား ယူခဲ့တာပါ။ ဒီအတွက် စွန့်စားခဲ့ရတာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ပြဿနာမရှိပါဘူး။ ကိုယ်က မဟုတ်တာလုပ်လို့ ရှုံးနိမ့်ခဲ့တာမဟုတ်ဘူး။ ကောင်းအောင် လုပ်ခဲ့တယ်။ မအောင်မြင်ဘူး၊ ထောက်ခံမှုမရခဲ့ဘူး။ ဒါကို ကိုယ်က တာဝန်ယူရမှာပေါ့။ လက်လည်း ခံပါတယ်။

ပြန်ကြားရေးဆိုတာက များသောအားဖြင့် အစိုးရအဖွဲ့အစည်းရဲ့ သတင်းအချက်အလက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးရတာကို အဓိကထားရတဲ့အလုပ်ကျတော့ လုပ်ရတာသိပ်စိတ်မပါဘူး။

အခုလည်းပဲ ကိုယ်ကစည်းမျဉ်းစည်းကမ်းနဲ့နေတဲ့အယူအဆကို သဘောကျတယ်။ ကိုယ်ရဲ့ခံယူချက်က အကျင့်ပျက်တာတွေကို အကျင့်ကောင်းအောင်ပြင်ရတဲ့အလုပ်လို့ အခုအလုပ်အပေါ် ခံယူထားတယ်။ ဒါကြောင့်မို့လို့ ဒီအတွက်ကို ဘယ်သူမျက်နှာမှမထောက်ဘဲနဲ့ အရေးယူစရာရှိရင် ပြတ်ပြတ်သားသားအရေးယူမယ်လို့ ပြောတာ။ တချို့ပုဂ္ဂိုလ်တွေဆိုရင် ကိုယ်နဲ့အလွန်ရင်းနှီးကြတယ်။ တခြားလူတွေကလည်း ကိုယ်တွေကို အပြစ်တင်တာရှိမှာပဲ။

နားလည်ထားတာကတော့ ငါတို့တိုင်းပြည်ကလူတွေဟာ အကျင့်ပျက်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဒါကို ငါတို့တတ်နိုင်သမျှ အကျင့်ကောင်းအောင်ပြန်ပြင်မယ်၊ ဖြောင့်မတ်တည်ကြည်တဲ့လမ်းကိုပဲ လိုက်မယ်။ ဒီအတွက် ဘာပဲပေးဆပ်ရပါစေ။ ပေးဆပ်မယ်ဆိုတဲ့စိတ်ဆန္ဒနဲ့ လုပ်တာဖြစ်တော့ ဒီအလုပ်အပေါ်မှာ အများကြီး တန်ဖိုးထားတယ်။ ဘဝတလျောက်လုံး လုပ်လာခဲ့တဲ့အလုပ်တွေထဲမှာ ဒီအလုပ်က ပိုပြီးအဓိပ္ပါယ်ရှိတယ်။

တပ်မတော်ထဲမှာ ဗိုလ်ချုပ်တစ်ယောက်အနေနဲ့၊ ကျောင်းအုပ်ကြီးတစ်ယောက်အနေနဲ့ နေခဲ့တယ်။ ကျောင်းသားတွေကို တည့်မတ်အောင် ပြုပြင်ပေးခဲ့တယ်။ ဒါပေမယ့် ဒါကဘယ်လောက်အထိ ကောင်းလဲ။ အတိုင်းအတာတစ်ခုပဲ။ စစ်အစိုးရတုန်းကလည်း forced labour (အဓမ္မလုပ်အားပေး) ကိစ္စ ရင်ဆိုင်ခဲ့တာပဲ။ ကုလသမဂ္ဂမှာ ပြေလည်အောင် ဖြေရှင်းပေးခဲ့တာပဲ။ ဒါပေမယ့်အုပ်ချုပ်တဲ့ အစိတ်အပိုင်းလောက်ပဲ အကျိုးရှိတယ်။ ဦးသိန်းစိန်ကာလလည်း ပြုပြင်ပြောင်းလဲမှုကို အတတ်နိုင်ဆုံး လုပ်ပေးခဲ့တယ်။ ဒါတွေက အစိတ်အပိုင်း သေးသေးလေးပေါ့။

အခုလုပ်ရတာက တစ်နိုင်ငံလုံးအတွက်ပေါ့။ တစ်နိုင်ငံလုံးက ကိုယ်ကျင့်တရား ပျက်ပြားခဲ့တာလေ။

ကိုယ်ကျင့်တရားပျက်ပြားတာက အစိုးရဌာနတွေတင်မကပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပျက်ပြားတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေလည်း ရှိသင့်သလောက် မရှိဘူး။ ပြည်သူလူထုကိုယ်တိုင်က တန်ဖိုးထားမှုတွေက အများကြီး အားနည်းတယ်။ အမှားအမှန်တရားအပေါ်မှာပေါ့။ တော်ရုံတန်ရုံလောက် ဆွဲဆောင်လိုက်ရင် အကုန်လုံးပါသွားနိုင်တဲ့ သဘောကြီးဖြစ်တော့ တန်ဖိုးထားမှုက သိပ်နိမ့်ကျတယ်။ အဲဒါတွေအားလုံးကို ပြင်ပေးရတဲ့လုပ်ငန်းက တော်တော်ကြီး စိတ်ဝင်စားဖို့ ကောင်းတယ်။ ဘယ်လောက်ထိ အောင်မြင်မယ်ဆိုတာ မသိဘူးပေါ့လေ။ ဒါက ကိုယ့်အတွက်က အရေးမကြီးပါဘူး။ ဒီသက်တမ်းအတွင်းမှာ အနည်းဆုံးတော့ ကိုယ်ကျင့်တရားတွေ ပြင်ကြမယ်ဆိုတဲ့ သဘောတရားလေ းရသွားဖို့ပေါ့။ အဂတိလိုက်စားမှုဆိုတာ အလွန်ကြီးမားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ပြစ်မှုဖြစ်တယ်ဆိုတာကို သိသွားရင် ကျေနပ်ပါပြီ။

ဒီသက်တမ်းကုန်သွားရင် ဆရာ့အသက်ကလည်း ၇၅ နှစ်ကျော်ပြီဆိုတော့ နောက်ထပ်သက်တမ်းတစ်ခု ထပ်ထမ်းဆောင်နိုင်ဖို့လည်း မဖြစ်နိုင်တော့ဘူးပေါ့။ အဲဒီလိုဆိုတော့ နောက်ထပ်ဖြစ်လာမယ့် ကော်မရှင်အသစ်အပေါ် ဘာများမှာခဲ့ချင်လဲ။

နောင်ဖြစ်လာမယ့်လူတွေရော၊ အခုရှိတဲ့လူတွေရော အကုန်လုံးက မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲဖို့ လိုတယ်ဆိုတာကို လက်ခံဖို့ လိုတယ်။ ဒီအတိုင်း ဆက်သွားလို့မရတော့ဘူး။ ပြုပြင် ပြောင်းပြောင်းလဲဖို့ အခွင့်အလမ်းပေါ်နေတဲ့အချိန်မှာ အကုန်လုံးက ဒီအချိန်မှာ တက်တက်ကြွကြွလုပ်ဖို့ကောင်းတယ်။ ဒါပေမယ့် ကိုယ့်အမြင်အရကတော့ လုပ်နေတဲ့လူတွေက အင်တိုက်အားတိုက် လုပ်နေသလားဆိုတော့ အားလုံးမလုပ်ကြဘူးလို့ မြင်တယ်။

အဂတိလိုက်စားမှု တိုက်ဖျက်တာကလည်းဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတစ်ခုပေါ့။ စွန့်လွှတ်ရမယ် စွန့်စားရမယ်။ လူမုန်းများမယ်။ ရနေတဲ့အခွင့်အရေးတွေကို ဆက်ပြီး မက်မောနေလို့မရဘူး။ အပြောင်းအလဲလုပ်ပြီဆိုရင် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ရမယ်။ ရာထူးတွေဘာတွေရလာပြီဆိုရင် အဆင့်အတန်းတစ်ခုအနေနဲ့ comfort zone ထဲကို ရောက်သွားတယ်။ အဲဒီထဲမှာပဲနေလို့မရဘူး။ challange zone ထဲကို ထွက်ကိုလာရမယ်။ အဲဒါမှ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို လုပ်နိုင်မယ်။

ဆရာ့အနေနဲ့ ဥက္ကဋ္ဌသက်တမ်းကုန်သွားရင် နိုင်ငံရေးလောကထဲ ဝင်ဖို့ရောရှိမလား။

နိုင်ငံရေးကတော့ ဘယ်တော့မှ မလုပ်တော့ဘူး။ အနားယူပြီးတဲ့အချိန်ကတည်း ဘယ်သူနဲ့မှ နိုင်ငံရေးနဲ့ မပတ်သက်ချင်တော့ဘူး။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး နောက်ဆုံးအချိန်ထိ လုပ်သွားမှာပါ။

ရဲမွန်

ရဲမွန်

ရဲမွန်သည် ၂၀၁၁ ခုနှစ်တွင် ပြည်သူ့ခေတ်သတင်းဂျာနယ်၌ သတင်းထောက်အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ Frontier သို့ မဝင်ရောက်မီက Myanmar Times နှင့် DVB English Team တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။

Share on facebook
Share on twitter
Share on email

More stories

ပြည်ထောင်စုအစိုးရက ဧပြီလနဲ့ မေလတွေမှာ လျှပ်စစ်ယူနစ်တချို့ ကင်းလွတ်ခွင့်ပေးလိုက်တဲ့အတွက် ပြည်သူအများအပြားက ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီလိုဝမ်းသာမှုမျိုးမှာတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေထိုင်ကြသူတွေ မပါဝင်ပါဘူး။ တနိုင်ငံလုံး ခံစားခွင့်အတူတူ မရရှိတဲ့အတွက် ဒေသခံတွေက ဒေါသထွက်နေကြပါတယ်

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar