ချန်လှပ်ခံနေရသော ဘဝလေးများ

ရွှေဘိုမြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း တစ်ခုက လမ်းဘေးနေ ကလေးငယ်တွေအတွက် ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားပြီးတော့ ကလေးတွေရဲ့ဘဝတွေ ပိုမိုကောင်းမွန်လာစေဖို့ ဆောင်ရွက်ပေးနေပါတယ်။

ချယ်ရီသိန်း ရေးသားသည်။

ယေဘူယျအားဖြင့် အဖြူ၊ အစိမ်း ဝတ်ထားတဲ့ ကလေး။ ယာယီရွက်ဖျင်တဲရှေ့က ကလေးတွေက စစ်ဘေး၊ ပဋိပက္ခဘေးရှောင် ကလေး။ ကိုယ်အင်္ဂါ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေပါက မသန်စွမ်းကလေး။ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကလေးတွေမြင်ရင် ကလေးအလုပ်သမား။ အမှိုက်အိတ်ထမ်း ထားရင်တော့ လမ်းပေါ်က ကလေး။ ဒီလို ကလေးထဲမှာမှ ဘယ်ကလေးတွေက ပညာသင်ကြားနိုင်တဲ့ အခွင့်အရေးရရှိဖို့ အလွယ်ကူဆုံး ဖြစ်နိုင်မလဲ။ ပံ့ပိုးထောက်ပံ့မူ ရရှိဖို့ အလွယ်ကူဆုံး ဖြစ်နိုင်မလဲ။ 

ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်အနီး၌ ကွက်သစ်တစ်ကွက်ရှိပြီး ယင်းကွက်သစ်တွင် ပလတ်စတစ်ကောက်သည့်လုပ်ငန်း၊ တောင်းစားသည့်လုပ်ငန်း၊ အလှူခံလိုက်သည့် လုပ်ငန်းများဖြင့် အသက်မွေးကြသူများ နေထိုင်ကြပါတယ်။ အများစုကတော့ ဆယ်ကျော်သက်ကလေးတွေ ဖြစ်ပါတယ်။ ရွှေဘိုမြို့ရဲ့  လမ်းတွေပေါ်မှာလည်း အနယ်နယ်အရပ်ရပ်က၊ အထူးသဖြင့် ရထားနဲ့ ပါလာကြတဲ့ မိဘမဲ့ ကလေးတွေ၊ မိဘတွေက အလွန်အကျွံ ရိုက်နှက်လို့ အိမ်က ထွက်ပြေးလာတဲ့ ကလေးတွေလည်း ရှိပါတယ်။ 

ကျောင်းလည်းမနေ၊ အသက်မွေးဝမ်းကျောင်းပညာလည်း မသင်ရ၊ အိမ်မှာ ကလေးထိန်း၊ ရေခပ်စတဲ့ တောက်တိုမယ်ရလုပ်ရင်း လမ်းပေါ်ရောက်လာတဲ့ ကလေးတွေ၊ မိဘတွေရှိသော်လည်း မိဘရဲ့ စီးပွားရေး လုပ်ငန်းက ပလပ်စတစ် လိုက်ကောက်သည့် အလုပ်ဖြစ်နေပြန်သဖြင့် လမ်းယဉ်နေသော ကလေးများလည်း အများအပြားရှိနေပါတယ်။ 

ကွက်သစ်က ကလေးတွေက လမ်းပေါ်မှာ ကျက်စားကြပါတယ်။ ကလေးအများစုက အပြောအဆို၊ အပြုအမူရိုင်းပြီး ကြမ်းတမ်းကြပါတယ်။ အရက်၊ ဆေးလိပ်နဲ့ ကော်ရှူခြင်းတို့နဲ့ ယဉ်ပါးနေကြပါတယ်။

ထူးခြားချက်ကတော့ ပလပ်စတစ်ကောက်တဲ့ ကလေးတွေကိုသာ မြင်ရလေ့ရှိပြီး  လူကြီး တစ်ယောက်၊ နှစ်ယောက်ခန့်သာ တွေ့မြင်ရခြင်းပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အထက်မှာ အဆင့်ဆင့် အုပ်စီးထားတဲ့(သူတို့အခေါ် ဂုတ်စီးများ) တွေလည်း ရှိပါတယ်။ ထိုသူတွေရဲ့ သင်ပြစေခိုင်းမှုတွေကလည်း အကောင်းထက် အဆိုးဘက်ကို ဦးတည်နေတာကို လေ့လာတွေရှိရပါတယ်လို့ ရွှေခြင်္သေ့ ကလေးစံဌာနေက ကျောင်းအုပ်ဆရာမ မမူက ပြောပါတယ်။  

“တစ်ချို့ဆို လေးငါးနှစ်ကတည်းက လမ်းပေါ် ရောက်ခဲ့ရတယ်။ သူတို့ဆီမှာ ဝေါဟာရအလုံး ၁၀၀ ထက်ပိုမရှိဘူး။ တနင်္လာ၊ အင်္ဂါဆိုတာ မသိဘူး။ ဒီနေ့၊ မနက်ဖြန်ဆိုတာလည်း မသိဘူး။ သူတို့က မနက်ဖြန်လို့ ပြောနေတာ မနေ့ကလည်း ဖြစ်နိုင်သလို မနှစ်ကလည်း ဖြစ်နိုင်တယ်။ အမှန်တော့ ရက်တွေ၊ နေ့တွေ၊ အချိန်တွေကို သူတို့မသိကြဘူး။ သူတို့ပြောတဲ့ အကြောင်းအရာတွေက ဝတ္တုတွေထက် ပိုဆန်းတာတွေပါတယ်”လို့ ဆရာမက ပြောပါတယ်။

ရန်ကုန်မြို့ အောင်ဆန်းကွင်းအနီးက လမ်းဘေးနေမိသားစုတစ်စုမှ ကလေးငယ် တစ်ဦး။ ဓာတ်ပုံ-အန်းဝမ်

ရန်ကုန်မြို့ အောင်ဆန်းကွင်းအနီးက လမ်းဘေးနေမိသားစုတစ်စုမှ ကလေးငယ် တစ်ဦး။ ဓာတ်ပုံ-အန်းဝမ်

ကလေးအများစုဟာ အချုပ်ခန်းကို အနည်းဆုံး သုံးလေးကြိမ် ရောက်ဖူးကြပါတယ်။ သူတို့ကို လူ့အဖွဲ့အစည်းက လက်ခံသူ နည်းပါးပါတယ်။ လမ်းပေါ်မှာ ကိုယ့်ဘဝကိုယ် ကျောင်းနေရတဲ့ သနားစရာ ကလေးများအဖြစ် မြင်သူမရှိသလောက်ပါပဲ။ သူခိုး၊ ဂျပိုး၊ အလစ်သုတ်သူတွေအဖြစ် သတ်မှတ်ပြီးတော့ မိမိတို့အိမ်ရှေ့၊ ဆိုင်ရှေ့ရောက်လာရင်တောင်မောင်းထုတ်တတ်ကြပြီး၊ သံသယမျက်လုံးနဲ့ စောင့်ကြည့်ကြလေ့ ရှိပါတယ်။ ခွေးကပင် လက်မခံကြပါ။ သူတို့ကိုမြင်လျှင် မဟောင်သောခွေးပင် မရှိပေ။ သူတို့အချင်းချင်းလည်း နိုင်ရာစားဖြစ်နေကြလို့ လက်နက်တစ်စုံတစ်ရာ အမြဲဆောင်ထားလေ့ ရှိကြပါတယ်။

ကလေးတွေရဲ့ စိတ်နေစိတ်ထားတွေက အလိုအလျောက် ကြမ်းတမ်းခက်ထန်ပြီးတော့ ရန်လိုနေတတ်ကြပါတယ်။ လမ်းဘေး သောက်ရေအိုးစင် လိုက်ခွဲတာမျိုး၊ ခွေးတွေကို လိုက်ရိုက်သတ်တာမျိုး၊ အုပ်စုလိုက် ရမ်းကားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ သူတို့တွေရဲ့ နေစဉ်ဘဝတွေက သွေးထွက်သံယိုမှုတွေနဲ့ အမြဲထိတွေ့နေကြပါတယ်။ တစ်စုံတစ်ရာကို မကျေနပ်ရင်တောင်မှ ကိုယ့်ကိုကိုယ် ဓား၊ ပုလင်းကွဲ၊ ဆူးစတာတွေနဲ့ ခြစ်တတ်တဲ့ အကျင့်မျိုးတွေ ရှိကြပါတယ်။ သွေးထွက်ခြင်းဟာ နေ့စဉ်ဘဝ လိုအပ်ချက်တွေလို ဖြစ်နေတဲ့ ကလေးများကိုပင် တွေ့ရတတ်တယ်လို့ ဆရာမ မမူက ပြောပါတယ်။ 

ဒီလိုကလေးတွေအတွက် စား၊ ဝတ်၊ နေရေးသာမက လူသားတစ်ဦးအဖြစ် အသိအမှတ်ပြုပေးမယ့်၊ ကြင်ကြင်နာနာနဲ့ ပြုပြင်ပျိုးထောင်ပေးမယ့် နေရာတစ်ခု လိုအပ်လာပါတယ်။

ဒီနေရာကတော့ ဆရာမ မမူတို့ရဲ့  ရွှေခြင်္သေ့ ကလေးစံဌာနေပဲ ဖြစ်ပါတယ်။

ကလေးတွေအတွက် စာပေ၊ အနုပညာ၊ ဂီတနဲ့ အသက်မွေးဝမ်းကျောင်း အတတ်တွေ သင်ပေးနိုင်ဖို့ ရည်ရွယ်ထားပြီး အထူးသဖြင့် သူတို့တွေ တွေ့ကြုံခံစားခဲ့ရတဲ့ ဘဝရဲ့ ခါးသီး၊ နားကြည်းမှုတွေ လျော့ကျလာစေပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ပြန်လည် ဝင်ဆံ့လာနိုင်စေနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ရွှေခြင်္သေ ကလေးစံဌာနေကို ၂၀၀၉ ခုနှစ်၊ သြဂုတ်လမှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ရွှေခြင်္သေ့ကလေးစံဌာနေ ဖွင့်တာနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုက ကလေးအချင်းချင်း ရန်အလွန်ဖြစ်ကြတာ ဖြစ်ပါတယ်။ ဂုတ်စီးလိုခေါ်တဲ့သူတွေ ရောက်လာပြီး၊ ကျောင်းအပြင်မှာ အနိုင်ကျင့် ထိုးကြိတ်တာမျိုးလည်း ရှိခဲ့ပါတယ်။ သူတို့ကောက်လာတဲ့ ပစ္စည်းအိတ်တွေကို နာမည်နဲ့တကွ သိမ်းပေးထားရတယ်။ ပါလာတဲ့ လက်နက်တွေကိုလည်း သိမ်းရပါတယ်။ လက်နက်တွေကလည်း တစ်ရက်တစ်မျိုး မရိုးနိုင်အောင်ပါပဲ။ တစ်ခါတစ်လေ လက်နက်နှစ်မျိုးတောင် ပါတတ်ပါတယ်။

ကနဦးမှာ ကျောင်းကို တစ်ပတ်သုံးရက်သာ ဖွင့်နိုင်ခဲ့ပြီး နေ့လယ်စာတစ်နပ်သာ ကျွေးနိုင်ခဲ့ပါတယ်။ ကလေးတွေက မနက်စာအတွက် မနက်ပိုင်း ပလတ်စတစ်ကောက်သူကောက်၊ တောင်းသူတောင်း၍ မနက်စာကိစ္စ ဖြေရှင်းပြီးမှသာ ကျောင်းကို လာနိုင်ကြတဲ့အတွက် နံနက် ၁၀ နာရီခွဲမှသာ ကျောင်းကို စတင်နိုင်ပါတယ်။ ညနေစာအတွက် ညနေပိုင်း ကောက်ချိန်၊ တောင်းချိန်ရဖို့ မွန်းလွဲ ၃ နာရီမှာ ကျောင်းဆင်းပေးရပါတယ်။

ကလေးတွေ ကျောင်းကို ရောက်လာသည့်အခါမှာတော့ ရေချိုး အဝတ်အစား လဲပေးရပါတယ်။ သူတို့ ဝတ်လာတဲ့အဝတ်တွေကို လျှော်ဖွပ်ပြီးချိန်မှာ ခဏတာ ကျောခင်းလိုက်တာနဲ့ အိပ်ပျော်သွားတတ်ကြပါတယ်။ စားချိန်ရောက်မှ နှိုးကျွေးရတဲ့ ကလေးတွေလည်း ရှိခဲ့ပါတယ်။ အချို့ဆိုလျှင် မွန်းလွဲ ၁ နာရီ ကျောင်းပြန်တက်ချိန်မှာပင် အိပ်ပျော်နေတတ်ကြပါတယ်။ နွေရာသီရက်များတွင် တစ်နေကုန် နေပူထဲသွား၊ တစ်ညလုံးနီးပါး ခြင်ကိုက်ခံနေရသဖြင့် နေ့ခင်းပိုင်းစာသင်ချိန်များတွင် အားလုံးနီးပါးအိပ်နေတဲ့အတွက် စာသင်ချိန်အစား အိပ်ချိန်အဖြစ် ပြောင်းလိုက်ရတဲ့ ရက်တွေလည်း ရှိခဲ့ပါတယ်။

ရွှေခြင်္သေ့ ကလေးစံဌာနေက ကလေးငယ်များ။ ဓာတ်ပုံ- Supply

ရွှေခြင်္သေ့ ကလေးစံဌာနေက ကလေးငယ်များ။ ဓာတ်ပုံ- Supply

ကျောင်းဖွင့်ချိန်ဟာ သုံးရက်သာဖြစ်တဲ့အတွက် ကလေးတွေနဲ့ ထိတွေ့ချိန်လည်း နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းပြင်ပမှာ သူတို့ဖြစ်ပွားတဲ့ ပြဿနာတွေအတွက် ရဲစခန်း၊ ဆေးရုံ၊ ရပ်ကွက်ရုံးတွေမှာ လိုက်လံဖြေရှင်းပေးတာကြောင့် ကျောင်းနဲ့ ဆရာ၊ ဆရာမတွေအပေါ် ကလေးတွေရဲ့ ယုံကြည့်အားကိုးမှုတွေကလည်း  တိုးမြင့်လာပါတယ်။ ဒိလိုနဲ့ ကျောင်းဖွင့်ရက်ကို တစ်ရက်တိုးပြီး လေးရက်ဖွင့်ခဲ့ပါတယ်။ ကလေးတွေကိုယ်တိုင်က ကျောင်းမှာ အိပ်ခွင့်ပြုဖို့ တောင်းဆိုလာကြတဲ့အတွက် နောက်ပိုင်းမှာ တပတ်လုံးနေပြီး သင်တဲ့ ကျောင်းအိပ်ကျောင်းစားအဖြစ် စတင် လက်ခံခဲ့ပါတယ်။

“ကျောင်းရောက်လာတော့ စာသင်ဖို့ ဘယ်အတန်း သတ်မှတ်ရမှန်း မသိဘူး။ ကျောင်းသား ၄၀၊ အတန်း ၄၀၊ ဆရာ ၄၀ ထားရမယ့်ကိန်းပဲ။ အရင်ဆုံး ဝေါဟာရအတွက် သီချင်းနားထောင်ခိုင်းရပါတယ်။ ဗီဒီယိုတွေ ကြည့်ချင်သူတွေကို စက်ပျက်ချင် ပျက်ပါစေ ပေးကြည့်ထားတယ်။ နောက်သီချင်းထဲ၊ ဗီဒီယိုထဲက စာသားတွေကို၊ အကြောင်းအရာတွေကို ဆွေးနွေးကြတယ်။ သူတို့ နားလည်ထားတဲ့ အဓိပ္ပါယ်က ဘာလဲဆိုပြီး၊ အဲဒီတော့မှ ဝေါဟာရကို သင်ရတယ်။ နောက်ကျောင်းက ထွင်ထားတဲ့ သင်ပုန်းကြီးကို စသင်တယ်။ ကိုယ်တိုင်စာဖတ်လာနိုင်တော့ စာကြည့်တိုက်လည်းရှိနေတဲ့အတွက် သူတို့ စိတ်ကြိုက် ဖတ်ခွင့်ပေးထားတယ်။ အဲ့နောက်ပိုင်းမှ သင်္ချာနဲ့ အင်္ဂလိပ်စာကို ထည့်သင်ရတယ်။ လုံးဝစာမသင်နိုင်တဲ့ ကလေးတွေလည်းရှိတယ်။ သူတို့အတွက်ကျတော့ တခြားဟာ စဉ်းစားရပြန်တယ်” လို့ ကျောင်းရဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးတေဇာဓိပတိက မိန့်ကြားပါတယ်။

ကလေးအများစုဟာ ဆေးလိပ်၊ ကွမ်း၊ အရက်စတာတွေနဲ့ လက်ယဉ်ပြီးသား ဖြစ်နေတတ်ကြပါတယ်။ ကိုယ်တိုင် လိင်စိတ်ဖျော်ဖြေမှုနှင့် လိင်တူချင်းဆက်ဆံမှုတွေလည်း ရှိကြပါတယ်။ အဆိုးဆုံးကတော့ ကော်ရှူခြင်းပဲ ဖြစ်ပါတယ်။ ရေပိုက်ဆက်တဲ့ ကော်တွေကို ရှူတာတာဖြစ်ပြီး တစ်နေခန်း ရှူကြတာ ဖြစ်ပါတယ်။ ကော်ကြောင်တဲ့အခါမှာလည်း ရိုင်းစိုင်းကြမ်းတမ်းလာပြီး အချို့မှာ မိမိကိုယ်ကို သေကြောင်း ကြံစည်ကြသလို အုပ်စုလိုက် ကော်ကြောင်တဲ့အခါမှာလည်း အန္တရာယ်အရှိဆုံး ဖြစ်တတ်ပါတယ်။

ကော်ဖြတ်ခိုင်းဖို့ မလွယ်ကူတဲ့အတွက် ကော်ရှူချိန်လျော့ချပြီး ကော်နှင့်ဝေးအာင် လုပ်ရမည်ဆိုတဲ့ အကြံပြုချက်အရ “ကော်ရှူသူများ ကျောင်းမလာရ၊ ကျောင်းလာလျှင် ကော်ဘူးအပ်ရမည်။ ကျောင်းအနီးနှင့် ကျောင်းအတွင်း ကော်မရှူရ” စတဲ့ စည်းကမ်းထုတ်ရပါတယ်။ အစပိုင်းမှာတော့ ကော်ရှူသူနဲ့ မရှူသူ ကလေးတွေအကြား ရန်လိုမှုတွေ၊ ဆရာ၊ ဆရာမတွေအပေါ် ရန်ရှာမှုတွေ ရှိသော်လည်း နောက်ကိုင်းမှာ ကော်ရှူချိန်တွေကို လျော့ချလာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကော်ရှူတဲ့ ကလေးတွေအတွက် အားကစားအချိန်ကို ထပ်ပိုးပေးခဲ့ပြီး ဘောလုံး၊ အပြေး၊ ပိုက်ကျော်ခြင်းစတဲ့ အားကစားနည်းတွေ သင်ပေးပြီး အခြားဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ အလယ်တန်းကျောင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ အားကစား ပြိုင်ပွဲတွေ ပြုလုပ်ပေးရပါတယ်။

ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ အားကစားလုပ်ခြင်းအားဖြင့် ကော်ရှူတဲ့ ကလေးတွေ စိတ်ဓာတ် ခွန်အားသစ်ကို တဖန်ပြန်လည်း ဖန်တီးပေးနိုင်မယ့်အပြင် သူတို့ ရှူထားတဲ့ ကော်အခိုးတွေကို အားကစား လုပ်ခြင်းအားဖြင့် ပျောက်ကွယ်သွားစေပြီး ခန္ဓာကိုယ်ကို ပြန်လည် ဖျတ်လတ် ကျန်းမာလာစေဖို့ အထောက်အကူပြုပါတယ်။

ဒီလိုအားကစားကို စုပေါင်းလုပ်ဆောင်စေခြင်းဖြင့်လည်း ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့်မှုတွေကိုလည်း လျော့နည်းစေပါတယ်။

ရွှေခြင်္သေ့ ကလေးစံဌာနေက ကလေးငယ်များ။ ဓာတ်ပုံ- Supply

ရွှေခြင်္သေ့ ကလေးစံဌာနေက ကလေးငယ်များ။ ဓာတ်ပုံ- Supply

စာသင်ကြာရာမှာလည်း လမ်းဘေးမှာ ကြက်အိပ်၊ ကြက်နိုး အိပ်ခဲ့ရတဲ့အတွက် ကလေးတွေဟာ တစ်ခုခုကို ကြာကြာ အာရုံ မစိုက်နိုင်ကြတဲ့အတွက် ၁၅ မိနစ်ထက် ပိုပြိး စာသင်ဖို့လည်း ခက်ခဲပါတယ်။ ဒါကြောင့် ကျောင်းမတတ်ခင် ၁၅ မိနစ်လောက် တရားထိုင်တဲ့ အစီအစဉ်ကိုလည်း စတင်ခဲ့ပါတယ်။ တရားထိုင်တဲ့အချိန်မှာ စောင့်ကြည့်ရင် မျက်စိမှိတ်မရတဲ့ ကလေးတွေ၊ မှိတ်ပြီး တစ်ကိုယ်လုံး လှုပ်ရွနေတဲ့ ကလေးတွေ၊ လက်မငြိမ်၊ ခြေမငြိမ်ဖြစ်နေတဲ့ ကလေးတွေကို တွေ့ရမှာပါ။

ဒီလို ကလေးတွေဟာ လက်တလော စာသင်ဖို့ မလွယ်ကူသေးတဲ့ ကလေးတွေချည်း ဖြစ်နေတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ တရားထိုင်ချိန်ဟာ ကလေးတွေ စာသင်နိုင်မယ့်အချိန်ကို တိုင်းတာပေးတဲ့ ပေတံဖြစ်လာခဲ့တဲ့အပြင် ကလေးတယောက်ရဲ့ လိုအပ်ချက်ကို သိရှိနားလည်စေတဲ့အရာပါ ဖြစ်လာခဲ့ပါတယ်။

ရွှေခြင်္သေ့ကလေးစံဌာနေကို ရွှေခြင်္သေဘုန်းကြီးကျောင်းဝန်းအတွင်းမှာပဲ ဖွင့်လှစ်ထားတာကြောင့် ကလေးတွေအတွက် လမ်းပေါ်နေဘဝအပြင် အခြားဘဝတစ်ခုလည်း ရှိနေသေးတာကို သူတို့ သိရှိလာကြရပါတယ်။ အဲဒါကတော့ ကိုရင်ဝတ်ခြင်းပဲ ဖြစ်ပါတယ်။

“သူတို့မှာ ကိုရင်ဝတ်ခွင့်မရှိဘူးလို့ ထင်ကြတယ်။ ကိုရင်ဘဝမှာ သူတို့ရဲ့ အသွင်အပြင်၊ အနေအထိုင်၊ အပြောအဆိုတွေ ပြောင်းလဲလာတဲ့အလျောက် ရပ်ရွာရဲ့ အသိအမှတ်ပြု ဆက်ဆံမှုကလည်း ကွာခြားလာပါတယ်။ အရင်ကလို သူခိုးဂျပိုး အကြည့်တွေ မဟုတ်တော့ပဲ သူတို့အပေါ် ရိုရိုသေသေ ဆက်ဆံလာကြပါတယ်။ အရင်က စာကြွင်းစားကျန် စားရသူတွေက စားဦးစားဖျား စားလာရပါတယ်။ လက်အုပ်ချီပြီး စကားပြောဆိုတာကို ကြုံတွေ့လာရပါတယ်။

သူတို့ကိုယ်တိုင်လည်း ဒီအခြေအနေနဲ့ ကိုက်ညီအောင် နေထိုင်ဖို့ အမူအကျင့်တွေ ပြောင်းလဲလာပါတယ်။ တိုးတက်ချင်စိတ်၊ စာသင်ချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ကိုရင်ဝတ်ပေးလိုက်ခြင်းဟာ သူတို့အတွက် လူအဖွဲ့အစည်းအတွင်းကို ပြန်လည်ဝင်ရောက်နိုင်မယ့် ဝင်ပေါက်တစ်ခုအနေနဲ့ သိလာကြပါတယ်။ လူထွက်ရင်တောင် “ကိုရင် လူထွက်ပြီလား၊ ဘယ်တော့ ပြန်ဝတ်အုံးမလဲ” စတဲ့ လူအဖွဲ့အစည်းရဲ့ ဂရုပြုမှုကို ရလာကြပါတယ်။ 

“လူအဖွဲ့အစည်းနဲ့ လမ်းဘေးကလေးတွေအကြား ဆက်ဆံရေး ကောင်းလာတယ်” လို့ ဆရာတော် ဦးတေဇာဓိပတိက မိန့်ကြားပါတယ်။

ရွှေခြင်္သေ့ကျောင်းတွင် ကလေးများကို စာပေ သင်ကြားပေးရုံသာမက အချက်အပြုတ်၊ စက်ချုပ်၊ မုန့်လုပ်၊ ကွန်ပြူတာ၊ ပန်းချီနှင့် ဂီတစသည်တွေကိုပါ သင်ကြားပေးနေပါတယ်။ ထို့အပြင် နိုင်ငံသား စိစစ်ရေးကတ် ရရှိရေးအတွက်လည်း ကြိုးစားလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

အဆိုပါ ကလေးတွေအနေနဲ့ ကိုယ့်ကိုကိုယ် ကျောင်းသူ၊ ကျောင်းသားများအဖြစ် လည်းကောင်း၊ ရပ်ကွက်၊ မြို့ နိုင်ငံသားများအဖြစ်နဲ့လည်းကောင်း သိမှတ်ခံစားမှုရှိလာစေအောင် ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။ အများက အထင်အမြင်သေး၊ ပစ်ပယ်ထားတဲ့ လမ်းဘေးသားများအဖြစ် တစ်သက်တာမှတ်ယူသွားပါက သူတို့ ဘဝအနေနဲ့ ဆက်လက်ဖြတ်သန်းဖို့ မလွယ်ကူတော့သလို တစ်ဖက်မှာလည်း လူအဖွဲ့အစည်းအတွက် မခန့်မှန်းနိုင်တဲ့ ထိခိုက်ဆုံးရုံးမှုတွေ ရှိလာနိုင်တယ်ဆိုတာ ထောက်ချင့်သင့်ပါတယ်။

လက်ရှိအချိန်မှာတော့  လမ်းဘေးကလေး အယောက် ၄၀ ကို ရွှေခြင်္သေ့က စောင့်ရှောက်ပေးထားပေါတယ်။ ဒါဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ရင် မပြောပလောက်ပါဘူး။ ဒါ့ကြောင့် ဒီလို ကလေးအမျိုးအစားတွေကို စစ်တမ်းကောက်ယူဖို့ လိုအပ်နေသလို လက်ရှိရေးဆွဲနေတဲ့  မြန်မာနိုင်ငံ ပညာရေးဥပဒေမူကြမ်းမှာလည်း ဒီကလေးတွေအတွက် ထည့်သွင်းစဉ်းစားပေးဖို့ အထူးလိုအပ်နေပြီ ဖြစ်ပါတယ်။

ဥပဒေမှာ ပါဝင်တဲ့ ကျောင်းအမျိုးအစား သတ်မှတ်ချက်တွေဖြစ်တဲ့ အစိုးရ ကျောင်းများ၊ အစိုးရ အထောက်အပံ့ခံ ကျောင်းများ၊ ဒေသန္တရ အဖွဲ့အစည်းပိုင် ကျောင်းများ၊ ကိုယ်ပိုင်(သို့) ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ပရဟိတ ကျောင်းများ၊ အထူးပညာရေး အစီအစဉ်ကျောင်းများ၊ ရွေ့လျားနှင့် အရေးပေါ်ကျောင်းများ၊ ဝန်ကြီးဌာန (သို့) သက်ဆိုင်ရာဝန်ကြီးဌာနက အခါအားလျော်စွာသတ်မှတ်သည့် ကျောင်းများစတဲ့ ကိုးမျိုးအပြင် အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်မှာ နေထိုင်ကျက်စားနေရတဲ့ ကလေးတွေအတွက် သီးသန့် ကျောင်းအမျိုးအစားတစ်ခုကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြို့ အောင်ဆန်းကွင်းအနီးက လမ်းဘေးနေမိသားစုတစ်စုမှ ကလေးငယ် တစ်ဦး ရေချိုးနေစဉ်။ ဓာတ်ပုံ-အန်းဝမ်

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar