အချို့က ချင်းဘာသာတစ်မျိုးတည်း သင်ကြားပေးရေးကို ရှေ့နေလိုက်သည်။ သို့ရာတွင် ယင်းသို့ကျင့်သုံးခြင်းက ဘာသာစကားများစွာ ပြောဆိုနေကြသည့် ပြည်နယ်တစ်ခုတွင် မိခင်ဘာသာစကားဖွံ့ဖြိုးရေးကို နှောင့်နှေးစေမည် ဖြစ်သည်။
နစ်ကလာအက်ဒဝပ်စ်နှင့် အက်ရှ်လေဆောက်သ်တို့ ရေးသားသည်။
မြန်မာနိုင်ငံ၏ တရားဝင်စာရင်းအရ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိရာ ၅၃ မျိုးမှာ ချင်းမျိုးခွဲများဖြစ်သည်။ ချင်းလူမျိုးများက လူဦးရေ၏ ၂ ရာခိုင်နှုန်းသာရှိသည်ဟု ယူဆထားရာ ယင်းက အံ့သြဖွယ်ကောင်းသည့် ကိန်းဂဏန်းဖြစ်နေသည်။ သို့သော်လည်း ချင်းလူမျိုးများကို အမျိုးအစားခွဲခြားခြင်းက ပိုမိုကျယ်ပြန့်သည့် စာရင်းကဲ့သို့ပင် အမှားများစွာရှိနေသည်။
အိန္ဒိယနှင့် ရခိုင်ပြည်နယ် အမ်းတဝိုက်ရှိ အရှိုချင်းကဲ့သို့ ချင်းပြည်နယ်ပြင်ပအခြေစိုက် ချင်းလူမျိုးများအပါအဝင် ချင်းလူမျိုးအုပ်စု ၇၇ မျိုးမှ ၇၈ မျိုးအထိရှိသည်ဟု သုတေသီအချို့ကပြောသည်။
ယေဘုယျအားဖြင့် ဘာသာစကားကွဲ ချင်းလူမျိုးကွဲပြားမှုမှာ ချင်းပြည်နယ်တောင်ပိုင်းတွင် အကြီးမားဆုံးဖြစ်ပြီး မြောက်ပိုင်းတွင် ဘာသာစကားအသိုင်းအဝိုင်းပိုမိုကြီးမားကာ စာပေလည်းပိုမိုဖွံ့ဖြိုးသည်။ ထိုစဉ် ချင်းပြည်နယ်မြောက်ပိုင်းမှ ဇိုလူမျိုးတို့က ၎င်းတို့အား ချင်းဟုသတ်မှတ်ခြင်းကို ဆန့်ကျင်ကန့်ကွက်နေပြီး ခြားနားသည့်လူမျိုးတစ်မျိုးအဖြစ် သတ်မှတ်မြှင့်တင်ရေးကိုသာ ပိုမိုလိုလားသည်။
ထိုသို့ ချင်းလူမျိုးများ အမျိုးမျိုးကွဲပြားမှုကို အားနည်းချက်တစ်ခုအဖြစ်မြင်ပြီး ယင်းမှာ ချင်းလူမျိုးများကြား စည်းလုံးညီညွတ်ရေးရရှိရန် ကြိုးပမ်းမှုများကို အားနည်းစေသည်ဆိုသည်။ ဤအချက်မှာ မိမိ၏ယဉ်ကျေးမှုနှင့် အမှတ်လက္ခဏာကို ကာကွယ်လိုသော လူ့အသိုင်းအဝိုင်းတစ်ခုအတွက် နားလည်နိုင်သော ပြင်းပြသည့်ဆန္ဒတစ်ခု ဖြစ်သည်။ သို့သော်လည်း ဇန်နဝါရီ ၉ ရက်ထုတ် Frontier မဂ္ဂဇင်းတွင် ပါရှိသည့် In Chin State, cultural memory fades ဆောင်းပါး၌ ကျွန်တော်တို့ စောဒကတက်သကဲ့သို့ ချင်းလူ့အဖွဲ့အစည်း၏ အမျိုးမျိုးကွဲပြားမှုကို အင်အားတစ်ခုအဖြစ်လည်း ရှုမြင်နိုင်သည်။ ကွဲပြားခြားနားမှုထဲက စည်းလုံးညီညွတ်မှုအင်အားအဖြစ် မြင်နိုင်သည်။
ကျောင်းစာသင်ခန်း ပြောင်းလဲမှု
ပြည်နယ်၏ အဓိကတိုင်းရင်းသားလက်နက်ကိုင်ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) က ပညာရေးတွင် ကြီးကြီးမားမား ဝင်ရောက်စွက်ဖက်မှုမရှိပေ။ တရားဝင် အခြေခံပညာရေးကျောင်းအားလုံးကို အများအားဖြင့် အစိုးရ၏ ပညာရေးဝန်ကြီးဌာနကသာ ဆောင်ရွက်သည်။ ထို့အပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးတွဲကိုင်တွယ်သော နတလဆိုသည့်စာသင်ကျောင်းအချို့လည်းရှိပြီး ယင်းကျောင်းများက ဗုဒ္ဓဘာသာနှင့် အခြားဘာသာရပ်များကို သင်ကြားပေးသည်။
၂၀၁၆-၁၇ ကတည်းက ပညာရေးဝန်ကြီးဌာနက ချင်းပြည်နယ်အပါအဝင် ပြည်နယ်ငါးခုရှိ အစိုးရကျောင်းများတွင် တိုင်းရင်းသားဘာသာစကားများ သင်ကြားပေးမှုကို စတင်နေပြီဖြစ်သည်။ အကောင်အထည်ဖော်မှုမှာ ယခုအချိန်အထိ ကွက်တိကွက်ကျားဖြစ်သော်လည်း ယင်းမှာ အရေးပါသော တိုးတက်မှုတစ်ခုဖြစ်သည်။
စစ်အုပ်ချုပ်ရေးခေတ် အမှောင်လွှမ်းသောရက်များကတည်းက ပထမအကြိမ်အဖြစ် တိုင်းရင်းသားလူနည်းစု ကလေးငယ်များမှာ အစိုးရစာသင်ကျောင်းများတွင် ၎င်းတို့၏ဘာသာစကားကို ပွင့်လင်းစွာအသုံးပြုနိုင်သည်။
သို့ရာတွင် အကယ်၍သာ ယင်းအစီအစဉ် သေချာပေါက်အောင်မြင်ပါက ဘာသာစကားဆရာများအတွက် သင့်လျော်သည့်ငွေကြေးထောက်ပံ့ခြင်း၊ သင်တန်းပေးခြင်းနှင့် သင်ကြားရေးလက်ထောက်များ အားဖြည့်ခြင်း လိုအပ်မည်ဖြစ်သည်။ ထို့အပြင် သင်ထောက်ကူပစ္စည်းများ ဖွံ့ဖြိုးရေးလည်း လိုအပ်မည်ဖြစ်သည်။
ယင်းသို့လုပ်ဆောင်ရာတွင် အရပ်ဖက်လူ့အဖွဲ့အစည်း၏ ဇာတ်ကောင်များ အဓိကအားဖြင့် စာပေနှင့် ယဉ်ကျေးမှုကော်မတီများ (ချင်းပြည်နယ်တွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် အထူးတလည် ဆက်စပ်မှု ရှိသည်) က အရေးပါသည့်ကဏ္ဍများမှ ဆက်လက်ပါဝင်မည်ဖြစ်သည်။ ယင်းကော်မတီများသည် ပုံမှန်ကျောင်းစာသင်ချိန်များပြီးသည့်နောက် ကျောင်းပိတ်ရက်များနှင့် ဆန်းဒေးစကူးများတွင် တိုင်းရင်းဘာသာစကား သင်ကြားပေးမှုကို ဆောင်ရွက်ပေးနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
အပြည့်အဝအကောင်အထည်ဖော်ရန်မှာ ဝေးသေးသည့်တိုင် တိုင်းရင်းဘာသာစကား သင်ကြားပေးမှုကို မိတ်ဆက်ခြင်းက ယဉ်ကျေးမှုထိန်းသိမ်းခြင်းထက်ပိုလွန်ကာ အရေးပါသည့် အကျိုးကျေးဇူးများကို ပေးနိုင်သည့် ဘာသာစကားပေါင်းစုံ ပညာရေးစနစ်ဆီသို့ သွားမည့် ခြေလှမ်းတစ်ခုလည်းဖြစ်သည်။
ကမ္ဘာတဝန်းမှသုတေသနများအရ ကျောင်းနေအစောပိုင်းနှစ်များတွင် မိခင်ဘာသာစကားမဟုတ်သည့် ဘာသာစကားဖြင့် စာသင်ပါက ကလေးများအတွက် များစွာခက်ခဲပြီး ကျောင်းတက်မှုနှင့် အောင်မြင်မှုကိုလည်း လျော့ကျစေနိုင်ကြောင်းတွေ့ရသည်။ အထူးသဖြင့် မိသားစုဝင်များက ဗမာစကားမပြောသည့် ချင်းပြည်နယ်၏ ဒေသအများစုအပါအဝင် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် ဖြစ်လေ့ရှိသည်။
ချင်းပြည်နယ်တွင် ဖြစ်နိုင်သည့်ပုံစံတစ်ခုအဖြစ် မိခင်ဘာသာအခြေပြု ပညာရေး၌ အစောပိုင်း ပညာရေးအဆင့်များတွင် မိခင်ဘာသာစကား သီးသန့်နီးပါးဖြင့် သင်ကြားခြင်းပါဝင်ပြီး နောက်ပိုင်းမူလတန်းနှင့် အလယ်တန်းအဆင့်များတွင်မှ ဗမာဘာသာစကားဖြင့် ပြောင်းလဲသင်ကြားမှုပါဝင်မည်ဖြစ်သည်။
အတန်းအားလုံးအတွက် မိခင်ဘာသာစကားအခြေပြု ပညာရေးမှာ တိုင်းရင်းသားအဖွဲ့အစည်းများတွင် ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်မှုရှိသည့် ကျောင်းစနစ်များရှိသည့်နေရာ၌ ပို၍ဆက်စပ်မှုရှိပြီး သာဓကအားဖြင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း မွန်ပြည်သစ်ပါတီက အုပ်ချုပ်သည့် မွန်အမျိုးသားကျောင်းများဖြစ်သည်။ သို့သော်လည်း ယင်းကဲ့သို့ပုံစံမျိုး ချင်းပြည်နယ်တွင်မရှိပေ။
ဘာသာစကားများစွာပြောသော ချင်းပြည်နယ်အနေအထားအရ ကလေးများသည် မိမိတို့၏ မိခင်ဘာသာစကားဖြင့် အနည်းဆုံးသင်ခန်းစာအချို့ကို သင်ယူခြင်းအားဖြင့် အများဆုံးအကျိုးရရှိမည်ဖြစ်သည်။ ယင်းနည်းလမ်းက အစိုးရ၏ ဒေသခံသင်ရိုးညွှန်းတမ်းဖွံ့ဖြိုးရေးအစီအစဉ်နှင့် အညီဖြစ်ပြီး အမျိုးသားပညာရေး မဟာဗျူဟာအစီအစဉ် (၂၀၁၆-၂၁) နှင့် ၂၀၁၄ အမျိုးသားပညာရေးဥပဒေ (၂၀၁၅ တွင်ပြင်ဆင်) ထဲတွင် ပါဝင်သည်။
နောက်ထပ်ဝန်ထုပ်ဝန်ပိုးတစ်ခု
ချင်းအမျိုးသားရေးဝါဒီအချို့က ၎င်းတို့၏ လူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက် ဘာသာစကားတခုတည်းကိုသာ အဆင့်မြှင့်တင်နေသည်။ ၎င်းတို့လှုပ်ရှားမှုက သမိုင်းဝင်မူဝါဒများအတွက် လိုအပ်သည့် အမှန်ပြင်ဆင်မှုအဖြစ် ချင်းလူ့အသိုင်းအဝိုင်းကို အုပ်စုခွဲများဖြစ်အောင် လူကသာ ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းတို့ယုံကြည်နေခြင်းကို တင်ပြနေကြသည်။
ကွဲပြားခြားနားသည့် ချင်းဘာသာစကားများ၏ အခြေခံသဘောတရားများပေါင်းစည်းခြင်းနှင့် ယင်းတို့အကြားမှ ပျံ့နှံ့မှုအရှိဆုံး စကားလုံးများကိုရွေးချယ်ခြင်းဖြင့် တိုးတက်မှုရရှိနေပြီဖြစ်သည်။
အခြားချင်းခေါင်းဆောင်တို့ကမူ ပြည်နယ်တဝှမ်း၌ ပြောဆိုနေသည့် အဓိကချင်းဘာသာစကား ငါးမျိုး၊ တခါတရံ ခုနှစ်မျိုးကို သင်ကြားရန်တင်ပြကြသည်။ ယင်းက အပြောနည်းသည့် ဘာသာစကားအုပ်စုငယ်များကိုမူ ထိခိုက်စေမည်ဖြစ်သည်။
ချင်းဘာသာစကားတမျိုးတည်း၊ သို့မဟုတ် အဓိကဘာသာစကားအချို့ကို အဆင့်မြှင့်တင်ခြင်းကို ပညာရေးအစီအစဉ်ဆိုသည်ထက် နိုင်ငံရေးအစီအစဉ်တစ်ခုအဖြစ်သာ ရှုမြင်ကြမည်ဖြစ်သည်။
အကယ်၍ မိခင်ဘာသာစကားမဟုတ်သည့် အခြားဘာသာစကား၊ သို့မဟုတ် အခြားချင်းဘာသာစကားတစ်ခုခု သင်ယူရလျှင်ပင် မူလတန်းအဆင့်ကလေးများအတွက်တော့ နောက်ထပ်ဝန်ထုပ်ဝန်ပိုးတစ်ခုသာဖြစ်လိမ့်မည်။
ထို့ကြောင့် ချင်းပြည်နယ် စာသင်ကျောင်းများ၌ အောင်မြင်မှုရရှိစေရန် ဒေသခံဘာသာစကား အများအပြားနှင့် ဒေသိယစကားများ သင်ကြားခြင်းကို ကူပံ့ပေးရန် လိုအပ်ပေသည်။
ယင်းသို့ လိုအပ်ခြင်းက မိခင်ဘာသာစကားသည် မူလတန်းကျောင်းများတွင် သင်ကြားသည့် ဘာသာရပ် တစ်ခုဖြစ်ခြင်း၊ သို့မဟုတ် ပင်မသင်ရိုးညွှန်းတမ်းကို ထောက်ကူသောအားဖြင့် သင်ကြားရာတွင်အသုံးပြုသည့် ဘာသာစကားအဖြစ် အသုံးပြုခြင်းတို့ အကျုံးဝင်သည်။ သို့ရာတွင် ယင်းသို့ပြုလုပ်ခြင်းမှာ အတိတ်မှလုံးဝဥဿုံ ခွဲထွက်ခြင်းမျိုးလည်း မဟုတ်ပေ။
မိခင်ဘာသာစကားကို တစ်နေ့တစ်ချိန် သင်ကြားပေးသော အစိုးရကျောင်းများရှိ ဆရာများမှာ ၎င်းတို့ကိုယ်တိုင် ဒေသခံတိုင်းရင်းသားဖြစ်ပါက မိခင်ဘာသာစကားကို သင်ပြသည့်ဘာသာစကားတစ်ခုအဖြစ် သုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
ချင်းမိဘများကလည်း ဦးစားပေးထားသည့်ပြင် ချင်းကလေးငယ်များက နိုင်ငံ၏အခြားနေရာများ၌ အခြားချင်းမျိုးကွဲများနှင့် ဆက်ဆံမှုပြုနိုင်စေရန် ဗမာဘာသာစကား သင်ကြားရေးမှာ အလွန်အရေးကြီးသည်။ သို့မှသာ နောက်ပိုင်းတွင် အလုပ်အကိုင်ရရှိရေးနှင့် နောက်ထပ်ပညာဆည်းပူးရေးတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။
ဗမာစကားမပြောသည့် မိသားစုများမှ ကလေးများအတွက် နိုင်ငံ၏တရားဝင်ဘာသာစကားကို သင်ယူရန် အကောင်းဆုံးနည်းလမ်းမှာ ဘာသာစကားများစွာ သင်ယူသည့်နည်းကို ကျင့်သုံးဖြတ်သန်းခြင်းဖြစ်သည်။ ယင်းသို့ချဉ်းကပ်မှုက ကျွမ်းကျင်မှု၊ အသိနှင့် ၎င်းတို့၏မိခင်ဘာသာစကားတွင် ဖွံ့ဖြိုးပြီးဖြစ်သော နားလည်မှုတို့ကို တည်ဆောက်ပေးသည်။
ဘာသာစကားများစွာ သင်ယူရသည့် ပညာရေးသည် တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဝိသေသလက္ခဏာများအပေါ် ဂုဏ်ယူမှုနှင့် ထိန်းသိမ်းမှုတို့ကိုလည်း ထောက်ကူမှုပေးသည်။ ထိုနည်းဖြင့် သမိုင်းအရ ပြည်တွင်းတွင် ဘေးဖယ်ခံခဲ့ရသည့် တိုင်းရင်းသားအသိုင်းအဝိုင်များကြား ပါဝင်လိုသည့် စိတ်ဓာတ်ကို ကူပံ့ပေးခြင်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဆီသို့ ဦးတည်စေနိုင်သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားအုပ်စုများသည် ၎င်းတို့၏ ဘာသာစကား၊ ရိုးရာအစဉ်အလာ၊ ယဉ်ကျေးမှုများနှင့်အတူ ၎င်းတို့၏ဝိသေသလက္ခဏာများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်ခြင်းမှာ ကျိုးကြောင်းဆီလျော်မှုရှိသည်။
သို့ရာတွင် ယခုကစ၍ ရိုးရာအစဉ်အလာနှင့် ယဉ်ကျေးမှုတို့ကို မှတ်တမ်းမတင်ထားလျှင်၊ ဒေသခံဘာသာစကားများသင်ကြားမှုနှင့် ဖွံ့ဖြိုးအောင်မလုပ်နိုင်လျှင် ထိုကြွယ်ဝသည့် အမွေအနှစ်များပင် ဆုံးရှုံးသွားနိုင်သည်။ ယင်းသို့သာ ဆုံးရှုံးသွားပါက ချင်းလူ့အဖွဲ့အစည်းများအတွက်သာမက မြန်မာနိုင်ငံအတွက်လည်း တိုင်းတာ၍မရနိုင်သည့် ဝမ်းနည်းစရာကိစ္စဖြစ်လာမည်သာဖြစ်သည်။
အောင်ကျော်ဦး ဘာသာပြန်သည်။