000_hkg9837670.jpg
ရန်ကုန်၊ ဧပြီ ၂၄
ချင်းပြည်နယ်ရှိ ကျေးရွာများတွင် ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အခြေခံ အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပြန်လည်ထူထောင်ရန် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၀ သန်း ထောက်ပံ့ကူညီမည် ဖြစ်သည်။
ဂျပန်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရန်ပုံငွေမှ ပေးအပ်မည့် အဆိုပါ အထောက်အပံ့ဖြင့် ချင်းပြည်နယ် မြောက်ပိုင်းရှိ ရွေးချယ်ထားသော မြို့နယ် ခုနစ်တွင် ကျေးလက်လမ်းများကို ရာသီဥတု ပြောင်းလဲခြင်းနှင့် အနာဂတ်တွင် သဘာဝဘေးဒဏ်များကို ခံနိုင်ရည်ရှိစေရန်အတွက် အဆင့်မြှင့်တင်သွားမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က ဧပြီ ၂၂ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။
ထို့ပြင် ကျေးရွာ ၂၅ ရွာတွင် လျှပ်စစ်မီးပေးစနစ်များကို ပြုပြင်ခြင်း၊ ကျေးရွာ ၄၄ ရွာတွင် ရေပေးဝေမှုဆိုင်ရာ အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ခြင်းနှင့် ရေလွှမ်းခံခဲ့ရသော စိုက်ပျိုးမြေများကို ပြန်လည်ဖော်ထုတ်ခြင်းများကို ဆောင်ရွက်ကြမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“၂၀၁၅ခုနှစ်၊ ဇွန်နှင့် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော ဆိုးရွား ပြင်းထန်သည့် ရေကြီးမှု၊ မြေပြိုမှုများသည် ချင်းပြည်နယ်တလွှားတွင် ပျက်စီးဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေခဲ့ပါသည်။ လမ်းများ ပျက်စီးခြင်း၊ လျှပ်စစ်မီးနှင့် ရေ ကာလရှည်ကြာ ပြတ်တောက်ခြင်းတို့ကြောင့် ချင်းပြည်နယ်ရှိ ရပ်ရွာလူထုများမှာ တသီးတခြားဖြစ်နေခဲ့ရပါသည်။ ထိခိုက်ခြင်းခံထားရသော ရပ်ရွာလူထုများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် အရေးပါသော ပျက်စီးသွားသည့် အရာများကို ပြန်လည် ထူထောင်ခြင်း၊ အနာဂတ်တွင် သဘာဝဘေးဒဏ် ခံနိုင်စွမ်းမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရန် ယခု ဂျပန်နိုင်ငံမှ ပံ့ပိုးသည့် အထောက်အပံ့တွင် ရပ်ရွာလူထုနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Winfried Wicklein ကပြောကြားသည်။
မြန်မာနိုင်ငံတွင်းနှင့် ဒေသတွင်းရှိ အခြားနိုင်ငံများတွင် မကြာမီကာလများက တွေ့ကြုံခဲ့သော သဘာဝဘေးအန္တရာယ်များမှ ရယူခဲ့သည့် အတွေ့အကြုံသင်ခန်းစာများကို စီမံကိန်းပုံစံတွင် ပေါင်းစပ်ထည်သွင်းထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စီမံကိန်းကာလမှာ သုံးနှစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ပြီးစီးရန် ရည်မှန်းထားသည်။
၂၀၁၅ ခုနှစ်၊ ဇွန်နှင့် ဇူလိုင်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုံးမုန်တိုင်း ကိုမန်ကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့တွင် ရေကြီးမှုများနှင့် မြေပြိုမှုများများ ဖြစ်ပေါ်ခဲ့ရာ လူပေါင်း ၁၃၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၁ ဒသမ ၆ သန်းခန့်မှာ အိုးအိမ်များ စွန့်ခွာထွက်ပြေးခဲ့ရသည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံခန့် ရှိမည်ဟု ခန့်မှန်းထားသည်။
သတင်း- ဆန်းဦး