ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ရွာလေးတစ်ခုတွင် အမာကို လွန်ခဲ့သည့် ဇန်နဝါရီ၂ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - Valeria Mongelli - ဖရွန်တီးယား) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ရွာလေးတစ်ခုတွင် အမာကို လွန်ခဲ့သည့် ဇန်နဝါရီ၂ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - Valeria Mongelli - ဖရွန်တီးယား)

ချင်းပြည်က တော်လှန်ရေးမိခင်တစ်ဦး

စစ်ပွဲများကြောင့် အရပ်သားပြည်သူ ထောင်နှင့်ချီ နေရပ်မှ ထွက်ပြေးတိမ်းရှောင်ကြသော်လည်း မြေးရှင်အဖွားအမာနှင့် လူအချို့သည် ၎င်းတို့၏အိမ်များတွင် ကျန်ရစ်၍ စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင်တပ်များကို ကူညီခြင်းဖြင့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု၏ နောက်ကွယ်က ကျောရိုးကြီးသဖွယ် ရပ်တည်နေကြသည်။

ဆလိုင်းဂျွန်နီနှင့် လော်ကန်လက်ဗတ် ရေးသားသည်။

ယာယီဘုရားကျောင်းအဖြစ်အသုံးပြုနေသည့် သစ်သားအိမ်တစ်လုံးရှိ ကော်ဖီမစ်အခွံများဖြင့် ရက်လုပ်ထားသည့် ဖျာပေါ်တွင် အမာတစ်ယောက် ထိုင်နေပြီး တော်လှန်ရေးတပ်မှူး၏ ပြောစကားကို အာရုံစိုက်၍ နားထောင်နေသည်။

“ထွက်ပြေးကြရတာ အများကြီးပဲ။ အဖွားကတော့ တော်လှန်ရေးအတွက် ဒီမှာနေခဲ့တယ်။ ကျမတို့ရဲ့အိမ်နီးချင်း ဖြစ်လာတယ်။ ဒါက ကျမတို့ရဲ့ရွာ” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ ကာကွယ်ရေးဌာနအတွင်းရေးမှူး အိုလီးဗီးယာထောင်းလွယ်က ပြောသည်။

အိမ်နီးချင်းတစ်စုအကြားတွင် ထိုင်နေသည့် အသက်၅၆နှစ်အရွယ် အဖွားအမာ (အမည်လွှဲ)က ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေသည်။

“အဖွားက ကျမတို့ တပ်သားတွေကို သား၊ သမီး အရင်းတွေလိုချစ်ပေးတယ်”ဟု တပ်မှူးက သူ၏ အကြည့်များကို အဖွားရှိရာသို့ ညွှန်ပြရင်း ပြောဆိုလိုက်သည်။ “လိုအပ်ရင် ဆူတယ်၊ ဆိုဆုံးမတယ်” ဟု သူက အဖွားကို ပြောဆိုလိုက်သည်။

အာဏာသိမ်းချိန်မှ လွန်ခဲ့သည့် လေးနှစ်တာ ပြည်တွင်းစစ်ကာလအတွင်း စစ်တပ်က ခရစ်ယာန် ဘာသာဝင်အများစုနေထိုင်ရာ ချင်းပြည်နယ်တစ်ဝန်းရှိ ဘုရားရှိခိုးကျောင်းများကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သာမန်လူနေအိမ်များသည် ဝတ်ပြုကိုးကွယ်ရန် ပို၍လုံခြုံသော နေရာများဖြစ်လာသည်။ ဖလမ်းမြို့ပြင်တွင်ရှိသော ထိုရွာလေးတွင်မူ ပြည်သူအများ အစဉ်ဆုတောင်းလေ့ရှိသော ဆန္ဒနှစ်ခုရှိသည်။ မြို့တွင်နောက်ဆုံးကျန်ရှိနေသော စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်နိုင်ရန်နှင့် လေကြောင်းတိုက်ခိုက်မှုများအဆုံးသတ်ရန် တို့ဖြစ်သည်။

နေစောင်း၍ မှောင်ရီပျိုးသော် အဖွားအမာက သူ၏နေအိမ်သို့ လမ်းလျှောက်ပြန်သွားသည်။​ ယခုတွင်မူ သူနေထိုင်ရာ ပျဉ်ထောင်သစ်သားအိမ်လေးမှာ ဒဏ်ရာရတပ်သားများကို ထားရှိရာ နေရာလေးတစ်ခု ဖြစ်နေလေပြီ။ ဖွင့်ဟထားသော တံခါးပေါက်မှ နေအိမ်အတွင်းသို့ လှမ်းကြည့်လျှင် လက်တွင် ပတ်တီးစီးထားသည့် လူငယ်တစ်ဦး အပါအဝင် ဖျာပေါ်တွင် လဲလျောင်းနေသော ဒဏ်ရာရတပ်သားများကို မြင်တွေ့ရသည်။ ယမန်နှစ်၊ နိုဝင်ဘာတွင် CNDF က ဦးဆောင်၍ ထိုးစစ်တစ်ရပ် ဆင်နွှဲခဲ့ရာ အဖွားအမာ၏ ဘဝသည်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် တစ်သားတည်းကျသွားသည်။ ချင်းပြည်နယ်၏ ဤဒေသတွင် ရွာခံများသည် တော်လှန်ရေးတပ်သားများနှင့် အစားအစာကို မျှဝေစားသုံးကြရုံမက စိုးရိမ်ထိတ်လန့်မှုများကိုပါ အတူခံစားကြရသည်။

“ကျမဆီနေသွားတဲ့ ကလေးတချို့ ဆုံးပါးသွားကြတာကိုလည်း ကြုံခဲ့ရတယ်။ သူတို့အတွက် တစ်ခုခုလုပ်ပေးရင် စိတ်ကျေနပ်တယ်” ဟု အဖွားအမာက ပြောသည်။

မြန်မာပြည်အနှံ့တွင် ပဋိပက္ခစစ်မီးတောက်လောင်ပြီး လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ရှိသည့်ကြားမှ စစ်ဘေးဒဏ်သင့် ကျေးရွာများတွင် နေထိုင်ပြီး စစ်အာဏာရှင်တော်လှန်ရေး၏ ကျောရိုးသဖွယ် တစ်တက်တစ်အားပါဝင်နေသော အဖွားအမာကဲ့သို့ ပြည်သူများ မရေအတွက်နိုင်အောင် ရှိနေသည်။ ဝရုန်းသုန်းကားအခြေအနေများ ကြားမှာပင် ပြည်သူအချို့သည် တော်လှန်ရေးတပ်သားများကို  နေစရာ၊ စားစရာ ပေးသည့်အပြင် စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုပါ ပေးစွမ်းကြရာ ၎င်းတို့၏ မွေးစားမိဘများသဖွယ်ဖြစ်လာကြသည်။

၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းပြီး တက်ကြွလူငယ်များကို လိုက်လံဖမ်းဆီးသောအခါ ပြည်သူများက တော်လှန်ရေးတပ်သားဖြစ်လာမည့် ထိုလူငယ်များအား ၎င်းတို့၏ နေအိမ်များတွင် ကွယ်ဝှက်ပေးခဲ့ကြပေသည်။

သို့ဖြစ်ရာ အဖွားအမာ အပါအဝင် တော်လှန်ရေးကို နောက်တန်းက ပံ့ပိုးပေးနေသည့် ပြည်သူအများ အဘယ်ကြောင့် နေရပ်မှ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုကြသနည်း။ အချို့ပြည်သူများကမူ ဘိုးဘေးဘီဘင်လက်ထက်ကတည်းက ဆွေစဉ်မျိုးဆက် နေထိုင်လာသည့် မိသားစုပိုင် အမွေအနှစ်သဖွယ်ဖြစ်နေသော ၎င်းတို့၏နေအိမ်များကို စောင့်ရှောက်ရန် ဆက်လက်နေထိုင်ကြသည်။ ထွက်ပြေးတိမ်းရှောင်ရန် ငွေကြေးမတတ်နိုင်၍ မပြေးကြသူများလည်းရှိသည်။ အချို့ကမူ ပြေးရ၊ လွှားရလွန်း၍ ထပ်မံတိမ်းရှောင်ရန် အပင်ပန်းမခံလိုတော့သူများဖြစ်နေသည်။ 

အဖွားအမာကမူ “ကလေးတွေကို” ကူညီဖို့ရာ လိုအပ်သဖြင့် ၎င်း၏နေအိမ်တွင်ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောသည်။ တော်လှန်ရေး ရဲဘော်များကို “ကလေးတွေ”ဟု သူကခေါ်သည်။ အဖွားကို လူအများက “အမာ” ဟုခေါ်သည်။ သူသည် နီပေါလ် မျိုးနွယ်စုဝင်တစ်ဦးဖြစ်ပြီး ၎င်းတို့ဘာသာစကားဖြင့် အမာဆိုသည့် စကားလုံးသည် “အမေ”ဟု အဓိပ္ပာယ်ရသည်။ အမာသည် နီပေါလ်မျိုးနွယ်စုတို့၏ ခံယူချက်အတိုင်း ကောင်းစွာရပ်တည်ပြီး သာမန်အရပ်သားပြည်သူများ စစ်တပ်ဖိနှိပ်မှုအောက်မှလွတ်မြောက်ရေး တိုက်ပွဲဝင်ရာတွင် ပါဝင်နေသည်။

စစ်အုပ်ချုပ်ရေး၏ ဆိုးမွေကို ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့လာရသဖြင့် စစ်တပ်က တစ်ဖန်အာဏာပြန်သိမ်းချိန်တွင် အမာသည်လည်း ဘေးမှ ရပ်ကြည့်၍ မနေနိုင်ခဲ့ပေ။ ဘဝတစ်လျှောက်လုံး လောကဒဏ်ကို ကြံ့ကြံ့ခံလာခဲ့သဖြင့် တိမ်းရှောင်ခြင်းမပြုဘဲ ကျန်ရစ်နေရန် အမာက တမင်ဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်သည်။ ချင်းလူမျိုးများအကြား စည်းလုံးညီညွတ်မှုအတွက် အတားအဆီးတစ်ခု ဖြစ်နေသည့် လူမျိုးနွယ်စု အခြေခံတော်လှန်ရေးဝါဒကို နီပေါလ်အနွယ်ဝင် အမာကဲ့သို့ ချင်းအသိုင်းအဝိုင်း၏ ထောက်တိုင်များက စိန်ခေါ်လျက်ရှိသည်။

“ကျမက သေရမှာကို မကြောက်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ လူတိုင်းက သေရမှာချည်းပဲ။ ဒီကလေးတွေကတိုင်းပြည်အတွက်အသက်ပေးနေကြတဲ့အချိန်မှာ ကျမကရော ဘာလို့ မလုပ်နိုင်ရမှာလဲ” ဟု အမာက ပြောသည်။

၂၀၂၄၊ ဒီဇင်ဘာလ ၃၁ရက်က မြန်မာစစ်တပ် တိုက်လေယာဉ်တစ်စီး၏ ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ဖလမ်းမြို့နယ်အတွင်းရှိ နေအိမ်တစ်ခုအနီး ရွာသားတစ်ဦးကို မြင်တွေ့နေရစဉ်။ (ဓာတ်ပုံ – Valeria Mongelli – ဖရွန်တီးယား)

မြို့သိမ်းတိုက်ပွဲ

ချင်းတော်လှန်ရေးတပ်များသည် စစ်တပ်ကို တောင်တန်းများ ဝန်းရံထားသည့် ၎င်းတို့၏ ပြည်နယ်မှ ခြောက်သွေ့မြေပြန့်ဒေသ ပြည်မအထိ တိုက်ထုတ်နိုင်ရန် ရည်ရွယ်သည်။ သို့သော် ဦးစွာ ၎င်းတို့အနေနှင့် ဖလမ်းမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်တပ်၏ တပ်စခန်းကြီးကို သိမ်းပိုက်နိုင်ရန် လိုအပ်နေသေးသည်။ ထိုစစ်တပ်၏ ခံတပ်စခန်းသည် ယခင်ပြည်နယ်မြို့တော် ဖြစ်ခဲ့သော ဖလမ်းမြို့အနီး တောင်ထိပ်တစ်ခုတွင် တည်ရှိသည်။

ထိုတပ်စခန်းတွင် စစ်ကောင်စီစစ်သား လက်ကျန်ဦးရေသည် ၁၂၀ခန့်သာ ရှိတော့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်လိုက်တိုင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးပစ်ခတ်မှုများဖြင့်တုံ့ပြန်လေ့ရှိသည်။ စစ်ကောင်စီသည် ထိုတပ်စခန်းမကျအောင် လေကြောင်းမှတစ်ဆင့် လက်နက်၊​ လူသူအင်အား ဖြည့်တင်းလေ့ရှိသော်လည်း ၎င်းတို့၏ တပ်သားများသည် မကြာသေးခင်က ပြည်သူ့စစ်မှုထမ်းဥပဒေအရ အတင်းအကျပ် လူသစ်စုဆောင်းခံရသူများဖြစ်ကြောင်း CNDF တပ်မှူးများကဆိုသည်။ ၎င်းတို့သည် အလွယ်တကူ လက်နက်ချလေ့ရှိသလို စစ်မတိုက်လို၍ တောတောင်များသို့ ထွက်ပြေးလျက်ရှိကြကြောင်း CNDFတပ်မှူးတစ်ဦး၏ ပြောကြားချက်အရသိရသည်။

မြို့သိမ်းတိုက်ပွဲများသည် အသက်ပေါင်းများစွာ ရင်းနှီး၍ ဝယ်ယူရသည့် တော်လှန်ရေးဆုတံဆိပ်ကြီးသဖွယ်ဖြစ်သည်။ ယမန်နှစ်၊​ နှစ်ကုန်ပိုင်းတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦးထက်မနည်း သေဆုံးခဲ့ရသလို စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ နှစ်ဘက်လုံးတွင်လည်း ဒါဇင်နှင့်ချီ၍ တိုက်ပွဲကျသူများ ရှိခဲ့ကြောင်း မြေပြင်တပ်မှူးတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ခရစ်ယာန် ဘုရားကျောင်း နှစ်ကျောင်း ပျက်စီးသွားခဲ့သည်။ ဘာသာရေးအဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် စစ်ကောင်စီက ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များကိုရန်တိုက်ပေးရန် လုပ်ကြံဇာတ်ခင်းပုံရသည်ဟု CNDF တပ်မှူးများက ယူဆသည်။ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်၂၀၊ စာသင်ကျောင်း တစ်ဆောင်နှင့် ဆေးပေးခန်းနှစ်ခု ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဆိုသည်။

ထိုအန္တရာယ်များကြားမှာပင် ပါးပြင်ပေါ်က နေလောင်ကွက်များရှိပြီး ပန်းရောင်ဆွယ်တာ အနွေးဦးထုပ်ဝတ်ဆင်ထားသည့် စအမာက “ကလေးများ” အတွက် မွှေးကြိုင်သော နီပေါလ်လက်ဘက်ရည်ကို ဖျော်ပေးနေသည်။ CNDF တပ်မှူးများက အမာ့ကို ချစ်စနိုးဖြင့် “တပ်မှူး” ဟု အမည်ပြောင် ပေးထားသော်လည်း အမာ့တစ်ကိုယ်လုံးတွင် စစ်နှင့်သဏ္ဍာန်တူသည်ဟူ၍ ပျောက်ကျားပုံစံ ခါးစည်းအဝတ်စတစ်ခုသာရှိသည်။

အစိုးရအဆက်ဆက်က အပြင်လူအဖြစ်သာ ဆက်ဆံခံခဲ့ရသော်လည်း အမာတို့ကမူ အစဉ်အမြဲ ဖလမ်းမြို့ကို သူတို့၏အိမ်ဟု ခေါ်ဆိုသည်။ အမာ၏ ဖခင်ဖြစ်သူသည် ၁၉ရာစုနှောင်းပိုင်းတွင် မြင်းထိန်းတစ်ဦးအဖြစ်အသက်မွေးရန် ဗြိတိသျှတို့ ကိုလိုနီပြုထားသည့် မြန်မာပြည်သို့ နီပေါလ်မှ ထွက်လာခဲ့သည်။ နီပေါလ်လူမျိုးများသည် သတ္တုတွင်းလုပ်သားများအဖြစ် မြန်မာနိုင်ငံတောင်ပိုင်းသို့ ဦးစွာရောက်ရှိလာကြပြီး ထိုမှတစ်ဆင့် ချင်းနှင့်ကချင်တောင်တန်း ဒေသများတွင် လယ်သမားများ၊ လက်လုပ်လက်စား အလုပ်သမားများအဖြစ် ရောက်ရှိလာကြသည်။ ထို့ပြင် ထိုစဉ်က ထင်ရှားလှသည့် ဗြိတိသျှ ကိုလိုနီစစ်တပ်လက်အောက်ခံ ဂေါ်ရခါးတပ်တွင်လည်း ၎င်းတို့ ပါဝင်ခဲ့သည်။

အမာ၏ ဖခင်သည် ၁၉၄၈ မြန်မာပြည်လွတ်လပ်ရေးမရမီက ထိုတပ်ရင်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းငယ်စဉ်က မိဘများက အိမ်တွင် နီပေါလ်ဘာသာစကားဖြင့် ပြောဆိုကြောင်း၊ နေအိမ်ပြင်ပ အခြားသူများနှင့်ဆက်ဆံရာတွင်မူ ဖလမ်းချင်းလို ပြောဆိုသည်ကို ပြန်လည်အမှတ်ရမိကြောင်း ချင်းသံဝဲဝဲဖြင့် အမာက ဗမာလိုပြောသည်။ နောက်ပိုင်းတွင် သူသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ ရွှေ့ပြောင်းလုပ်သားတစ်ဦးအဖြစ်သွားရောက်လုပ်ကိုင်ခဲ့ပြီး ထိုင်းစကားကိုလည်း ပိုင်နိုင်စွာ ပြောဆိုတတ်လာသည်။

နောက်ပိုင်းတွင် မြန်မာပြည်ရှိ နီပေါလ်အနွယ်ဖွားများကို “ဂေါ်ရခါး”လူမျိုးများဟု အလွယ်ခေါ်လိုက်ကြသည်။ ရှေးယခင်က ဗမာစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့်တိုင် ၁၉၆၂မှ ၁၉၈၈အထိ အုပ်ချုပ်ခဲ့သည့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ဂေါ်ရခါးလူမျိုးတို့ကို တရားဝင်တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန်ငြင်းဆန်ခဲ့သည်။ နိုင်ငံခြားသားအဖြစ် တံဆိပ်ကပ် ခံခဲ့ရပြီး နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရသည့် ၎င်းတို့မျိုးနွယ်စုများသည် အခွန်အတုတ် မြင့်မားစွာ ပေးဆောင်ခဲ့ရသည်ဟု အမာက ဆိုသည်။ စီးပွားရေးလုပ်ငန်းနှင့်အိမ်ခြံမြေ ပစ္စည်းဥစ္စာ အများအပြား ပိုင်ဆိုင်သူများပင် ၎င်းတို့၏ ပိုင်ဆိုင်ကြွယ်ဝမှုများ ပြည်သူပိုင်သိမ်းသည်ဟုဆိုကာ ထိုအစိုးရက သိမ်းဆည်းခဲ့သည်။ 

ထိုလုပ်ဆောင်ချက်အားလုံးသည် ကိုလိုနီခေတ်က မြန်မာပြည်အတွင်းသို့ ဝင်ရောက်အခြေချနေထိုင်သည့် လူ့အသိုင်းအဝိုင်းများကို ဘေးဖယ်ထုတ်ပြီး ချွတ်ခြုံကျသွားအောင်ရည်ရွယ်သည့် ဦးနေဝင်း၏ အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ကိုလိုနီခေတ်တွင် မြန်မာပြည်သို့ဝင်ရောက်လာသည့် လူ့အသိုင်းအဝိုင်းများသည် တိုင်းပြည်၏စီးပွားရေးကို ဂုတ်သွေးစုပ်၊ ချယ်လှယ်ထားသည်ဟု ဦးနေဝင်းအစိုးရက ထိုစဉ်က စွပ်စွဲခဲ့သည်။

၎င်းခုနှစ်နှစ်သမီးအရွယ်က နီပေါလ်-ဗမာမိသားစုအများအပြား အထုပ်အပိုးပြင်ကာ အိန္ဒိယပြည်သို့ ပြန်သွားသည်ကို နားမလည်နိုင်ဘဲဖြစ်ခဲ့ရကြောင်း အမာက ယခုပြန်ပြောင်းပြောဆိုသည်။ “မြင်ရတာ စိတ်မချမ်းသာစရာပဲ။ တချို့ဆို နီပေါလ်အထိတောင် ပြန်သွားကြတယ်”ဟု သူက ဆိုသည်။

နီပေါလ်အသိုင်းအဝိုင်းတွင် လူဦးရေ လျော့နည်းသွားသော်လည်း ၎င်းတို့မိသားစုသည် မြန်မာပြည်အတွင်းဆက်လက်နေထိုင်ခဲ့ပြီး ဆိတ်နှင့် နွားများမွေးမြူကာ နို့ထွက်ပစ္စည်းများဖြစ်သော ထောပတ်၊ နို့နှင့် ဒိန်ချဉ်စသည်တို့ကို ရောင်းချ၍ အသက်မွေးခဲ့ကြသည်။ ထိုစဉ်က စစ်တပ်၏ အတင်းအဓမ္မ ခိုင်းစေမှုများ ရှိခဲ့သည်။ ဥပမာအားဖြင့် အမာအပါအဝင် နီပေါ်လ်လူမျိုးအချို့ကို စစ်တပ်က အခကြေးငွေမပေးဘဲ လက်ဖက်ခူးရန် အတင်းအဓမ္မ ခိုင်းစေခဲ့သည်။

“အိမ်တိုင်းက လုပ်အားပေးရတယ်။ တကယ်လို့ ပို့စရာ လူငယ်၊ လူရွယ်မရှိရင် သက်ကြီးရွယ်အိုတွေက ဝင်လုပ်ရတယ်” ဟု သူက ပြောသည်။

ဇန်နဝါရီလအတွင်းက ဖလမ်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြုလုပ်သည့် ဝတ်ပြုဆုတောင်းပွဲတစ်ခုတွင် ပါဝင်နေသော အမာကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – Valeria Mongelli – ဖရွန်တီးယား)

ယေရှုကို ရှာဖွေတွေ့ရှိခြင်း

အမာငယ်စဉ်ကမူ ဖလမ်းမြို့ရှိ ဟိန္ဒူဘုရားကျောင်းသို့ သွားရောက်လေ့ရှိသည်။ ထိုဟိန္ဒူဘုရားကျောင်းသည် ယခင်အတိတ်က ဖလမ်းမြို့တွင် စည်ကားသိုက်ဝန်းခဲ့သော ဂေါ်ရခါးအသိုင်းအဝိုင်း၏ ကြွင်းကျန်ပြယုဂ်တစ်ခုဖြစ်သည်။

“လူတွေက ကျမကိုးကွယ်တဲ့ဘာသာက ကောင်းကင်ဘုံကို ရောက်အောင် မပို့ပေးနိုင်ဘူးလို့ အမြဲပြောကြတယ်။ ကျမခရစ်ယာန်တွေကို မုန်းခဲ့ဖူးတယ်” ဟု အမာက ပြောသည်။ အမာသည် ငယ်ရွယ်စဉ်က ဟိန္ဒူဘာသာကို သက်ဝင်ကိုးကွယ်ခဲ့သူဖြစ်သည်။

အမာငယ်စဉ်က အရုဏ်တက်ချိန်တွင် စာသင်ကျောင်းမသွားမီ မိဘများကို အိမ်မှုကိစ္စများတွင် ကူညီရသည်။ နွားနို့ညှစ်၊ ထင်းကောက်စသည့်အလုပ်များကြောင့် ပင်ပန်းလှသဖြင့် အမာသည် ကျောင်းစာတွင် ကောင်းစွာအာရုံမစိုက်နိုင်ပေ။ မိဘများ အတန်တန်တားမြစ်သည့်ကြားက အသက်၁၅နှစ်အရွယ်တွင် အမာသည်မိမိ၏ပညာရေးဆုံးခန်းတိုင်ပြီဟု ဆုံးဖြတ်၍ ကျောင်းထွက်ကာ မိသားစုစီးပွားရေးလုပ်ငန်းထဲ ခြေစုံပစ်ဝင်ခဲ့သည်။

နှစ်အနည်းငယ်အကြာတွင် သူက ချင်းအမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျပြီး သား၊ သမီးလေးဦး ထွန်းကားသည်။ သို့သော် ခင်ပွန်းသည်သည် အရက်စွဲသဖြင့် ၎င်းတို့၏ အိမ်ထောင်ရေးခရီးသည် သာယာဖြောင့်ဖြူးခဲ့ခြင်းမရှိပေ။ အမာအသက်၂၄နှစ်အရွယ်တွင် ခင်ပွန်းဖြစ်သူက ၎င်းကို သား၊ သမီးများနှင့် ထားရစ်ခဲ့ပြီး သူတို့၏ မိသားစုဘဝလေးမှ ထွက်သွားသည်။ ထိုချိန်မှစ၍ အမာသည် တစ်ကိုယ်ရည်မိခင်တစ်ဦးဖြစ်လာသည်။ ငယ်ရွယ်နုနယ်သေးသော သား၊ သမီးများ၏ စားဝတ်နေရေးအတွက် အလုပ်လုပ်ရန် အရေးတကြီး လိုအပ်နေရာ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်မြို့သို့ သွားရောက်ပြီး အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သား၊ သမီးများကိုမူ ညီမဖြစ်သူက ဖလမ်းတွင် ကြည့်ရှုစောင့်ရှောက်ထားသည်။

“ရောက်ခါစက ထိုင်းစကားမပြောတတ်ခဲ့ဘူး” ဟု မျက်ရည်များဝေ့လျက် သူက ပြောသည်။ “လူတွေက နှိမ်ကြတယ်။ ကလေးတွေကိုလည်း အရမ်းလွမ်းတယ်”

ဦးစွာ အမာသည် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် ခေါက်ဆွဲဆိုင်တစ်ခုတွင် အလုပ်ဆက်လုပ်ခဲ့သည်။ ယခင်က ဘုရားသခင် အမှန်တကယ်ရှိလျှင် ရှိကြောင်းသက်သေပြသရန် ခရစ်ယာန် ဘာသာဝင် မိတ်ဆွေများကို စိန်ခေါ်ခဲ့ဖူးသော်လည်း လောကဓံ၏ရိုက်ခတ်မှုကြောင့် မျှော်လင့်ချက် ကုန်ဆုံးလာသည့်အခါ အမာသည် ခရစ်ယာန်ဘာသာ၏ တရားတော်ကို စတင်မြည်းစမ်းကြည့်ရန် ကြိုးပမ်းခဲ့သည်။ နောက်ဆုံးတွင် အမာသည် သူရှာဖွေနေသော ပျော်ရွှင်မှုကို ခရစ်ယာန်အသိုင်းအဝိုင်းတစ်ခုတွင် တွေ့ရှိသွားသည်။ သူသည် ပရိုတက်စတင့်ဂိုဏ်းဝင် ခရစ်ယာန်ဘာသာဝင်တစ်ဦးအဖြစ် ရေနှစ်ခြင်း ခံယူခဲ့သည်။

“ဖလမ်းမှာသာနေခဲ့ရင် ယေရှုခရစ်တော်ကို ရှာတွေ့ခဲ့မှာ မဟုတ်ဘူး”ဟု သူက ပြောသည်။ “ကျမ အနိမ့်ကျဆုံးဖြစ်နေတဲ့အချိန်မှာ သူ့ကိုရှာတွေ့ခဲ့ပါတယ်”

ထိုင်းအမျိုးသားတစ်ဦးနှင့် ဒုတိယအကြိမ် အိမ်ထောင်ပြုခဲ့သော်လည်း ငါးနှစ်အကြာတွင် ကင်ဆာရောဂါကြောင့် ခင်ပွန်းဖြစ်သူကွယ်လွန်သွားသည်။​ အီတလီ စားသောက်ဆိုင်တစ်ခုတွင် အတန်ကြာ အလုပ်လုပ်ခဲ့ပြီးနောက်လမ်းဘေးတွင် အသားကင်ဆိုင်လေးတစ်ခုကို စတင်ဖွင့်လှစ်၍ ကိုယ်ပိုင်လုပ်ငန်း အစပြုခဲ့သည်။ နောက်ပိုင်းတွင် သမီးကြီးက ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး အမာနှင့်အတူ အလုပ်လုပ်သည်။ လက်ရှိတွင် အမာ၏ သားသမီးနှစ်ဦးသည် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ပြီး သုံးဦးမှာ ချင်းပြည်နယ်တွင် နေထိုင်သည်။

“ကျမမှာ မြေးခုနှစ်ယောက်ရှိတယ်။ မိန်းကလေးက တစ်ယောက်ပဲပါတယ်” ဟု ၎င်းက ပြောသည်။ “အဖေတို့မိသားစုမှာတောင် မွေးချင်း ညီ၊ အစ်ကို ၁၁ယောက်နဲ့ ညီမတစ်ယောက်မှ မပါဘူး။ ဒါမျိုးရိုးလိုက်တာပဲဖြစ်မယ်”

အသက်အရွယ်ကြီးရင့်လာသည့် မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရန် အမာသည် ဖလမ်းသို့ ၂၀၀၆၊ ​မေတွင် ပြန်လာခဲ့သည်။ နောက်၁၅နှစ်တာကာလအတွင်း အမာသည် ဘုရားကျောင်းသွားခြင်း၊ အိမ်မှုကိစ္စလုပ်ခြင်း၊ သံတိုသံစနှင့် ပုလင်းခွံများစုဆောင်း၍ ပြန်လည်ရောင်းချခြင်းတို့ဖြင့် နေ့စဉ်ဘဝတွင် အသားကျနေခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ၁ရက်၊ ၂၀၂၁ အရောက်တွင် စစ်တပ်အာဏာသိမ်းမှုနှင့် ကြုံကြိုက်လေတော့သည်။

“တစ်နေ့လုံး ငိုပဲငိုချင်နေတယ်။ နေဝင်းနဲ့ သန်းရွှေလက်အောက်မှာ နေခဲ့ရပြီးပြီ။ ခုကျတော့ မင်းအောင်လှိုင်” ဟု အမာက ပြောသည်။

“စစ်အုပ်ချုပ်ရေးက ဘယ်လောက်ဆိုးတယ်ဆိုတာ ကျမသိတယ်။ စစ်အာဏာရှင်စနစ်ကို တစ်ခါတည်း အပြီးသတ် အမြစ်ဖြတ်မှကို ရမယ်”

“တကယ်လို့ တိုင်းပြည်က စစ်အုပ်ချုပ်ရေးသာမရှိခဲ့ဘူးဆိုရင် ကျမကနိုင်ငံခြားသွားစရာတောင်လိုခဲ့မှာ မဟုတ်ဘူး။ ပြည်သူလူထုလည်း ဒီလို ထိခိုက်ခံစားရမှာမဟုတ်ဘူး” ဟု ၎င်းရုန်းကန်ခဲ့ရပုံများကို ပြန်ပြောင်းသတိရရင်း ပြောဆိုလိုက်သည်။

ဒေသခံများအကြား အမဲလိုက်သည့် ယဉ်ကျေးမှုထွန်းကားသည့်အပြင် ၎င်းတို့၏ တောင်ကုန်း၊ တောင်တန်းထူထပ်သော ချင်းပြည်နယ်၏ ပထဝီဝင်ကို ကျွမ်းကျင်ပိုင်နိုင်မှုတို့ကြောင့် ထိုပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြင်းထန်ခဲ့သည်။ ချင်းတော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်ကို ကျေးလက်ဒေသများမှ တိုက်ထုတ်နိုင်ခဲ့ပြီး တိုက်ပွဲများသည် မြို့များအနီးသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။ သို့သော် စစ်တပ်၏တုံ့ပြန်မှုများက ရက်စက်ကြမ်းကြုတ်လှသည်။ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုတို့ကြောင့် ဒေသခံအများအပြားသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရသည်။ သို့တည်းမဟုတ် နီးစပ်ရာ တော၊ တောင်များတွင် ထွက်ပြေးခိုလှုံကြရသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရန်များကြောင့် အမာသည် ရွာသူကြီး၏ နေအိမ်ရှိ ဗုံးခိုကျင်းသို့တစ်ခါတစ်ရံ သွားရောက်ပုန်းခိုရသည်။ အမာတို့ ကြုံတွေ့ရသည့် အခြားအခက်အခဲများသည် နိစ္စဓူဝ ကိစ္စရပ်များဖြစ်သည့်တိုင် ၎င်းတို့၏ စားဝတ်နေရေးအတွက် အရေးပါလှသည်။ စစ်တပ်က တော်လှန်ရေးအဖွဲ့များထိန်းချုပ်ဒေသများသို့ မရှိမဖြစ် အရေးကြီးကုန်စည်များ သယ်ဆောင်ခွင့်ကို ကန့်သတ်ထားသဖြင့်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများသည် မိုးထိမြင့် ခေါင်ခိုက်လျက်ရှိသည်။ ဆေးဝါးရှားပါးနေပြီး ကလေးသူငယ်များအပါအဝင် လူအများအပြားအတွက် ကာကွယ်ဆေးများ မလုံလောက်သည့်အပြင် စာသင်ကျောင်းများလည်း ပိတ်ထားရသည်။

သို့သော်လည်း မင်းအောင်လှိုင်အတွက် အမာက ဆုတောင်းနေဆဲဖြစ်သည်။ “သူ့ကို ပြောင်းလဲပေးဖို့ ဘုရားကို ဆုတောင်းတယ်” ဟု သူက ပြောသည်။

အမာသည် ရွာသူကြီးနှင့် အလှည့်ကျတာဝန်ယူ၍ ဘုရားကျောင်းပရဝုဏ်ကို အပတ်စဉ်၊ နံနက်ခင်းတိုင်းအမှိုက်လှည်းပြီး တစ်ဦးတည်း ဆုတောင်းသည်။ “ဘုရားကျောင်းကို ဟာလာဟင်းလင်းဖြစ်မနေစေချင်ဘူး” ဟု အမာက ပြောသည်။

၂၀၂၄၊ ဒီဇင်ဘာလ ၃၁ရက်က မြန်မာစစ်တပ် တိုက်လေယာဉ်တစ်စီး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ခရစ်ယာန်ဘုရားကျောင်းတစ်ခုအနီး CNDF တပ်သားတစ်ဦးကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – Valeria Mongelli – ဖရွန်တီးယား)

ကတိတော်ထားရာပြည်

အမာသည် နွားမမွေးသည်မှာ နှစ်အတော်ကြာခဲ့လေပြီ။ အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာသောအခါ ၎င်းနေထိုင်ရာအရပ်ရှိ ရွာသားများသည် ၎င်းတို့ပိုင် နွားများကို ရောင်းချကာ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်ကြသဖြင့် နို့ထွက်ပစ္စည်းများ ရှားပါးသွားသည်။ သို့ဖြစ်ရာ အမာသည် ချင်းမိုင်ကသမီးများပို့သည့် ငွေစများဖြင့် စားဝတ်နေရေး ဖြေရှင်းရသည်။

အမာ့မိခင်သည် ယမန်နှစ် ဩဂုတ်လအတွင်း အသက်၉၅နှစ်တွင် ကွယ်လွန်ခဲ့သည်။ ထိုချိန်မှစ၍ မိမိကိုယ်ကို အိုမင်းရင့်ရော်လာပြီဟု ခံစားလာရကြောင်း အမာက ဆိုသည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က မုန့်ချိုအိတ်တွင်ကျောက်တည်သဖြင့် အမာတစ်ယောက် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ ထိုချိန်မှစ၍ အင်အားဆုတ်ယုတ်လာသည်ဟု ခံစားရကြောင်း သူကဆိုသည်။

“အခုတော့ လွယ်လွယ်နဲ့ မောလာတယ်” ဟု အမာက ပြောသည်။

အေးစက်လှသည့် ဇန်နဝါရီညနေခင်းတစ်ခုတွင် ဖလမ်းမြို့အခြေစိုက် စစ်စခန်းတစ်ခုကို တော်လှန်ရေးတပ်သားများက ထိုးစစ်ဆင်လေသည်။ ထိုးစစ်ဆင်သည်နှင့်တစ်ပြိုင်နက် မြို့နီးနားရှိ ရွာသားများသည် ဗုံးကြဲတိုက်လေယာဉ်အသံကို ရင်တထိတ်ထိတ်ဖြင့် နားစွင့်နေကြသည်။ အချို့က အကာအကွယ်ရစေရန် ကွန်ကရစ်တံတားများအောက်သို့ ရွှေ့ပြောင်းအိပ်စက်ကြပြီး အချို့ကမူ နေအိမ်ထဲတွင်သာ အသံတိတ်၍ လေယာဉ်သံကိုနားစွင့်နေကြသည်။

ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာသည်။ ထိုဆူညံသံများမှ ကောင်းကင်ယံထက်က လေယာဉ်ပျံ အသံမဟုတ်ဘဲ အမာ့နေအိမ်မှ ထွက်ပေါ်လာသော ဆူညံသံများဖြစ်နေသည်။ ဒဏ်ရာမှ ပြန်လည်နာလန်ထူလာသည့် တပ်သားများသည် ဆန်အရက်သောက်ရင်း မူးလာရာမှ ၎င်းတို့အချင်းချင်း စကားများကြ၍ ဆူညံလာခြင်းဖြစ်သည်။ အမာက ၎င်းတို့ကို အော်ဟစ်ငေါက်ငမ်းရင်း ဖျန်ဖြေလိုက်သော်လည်း နေ့ဝက်ခန့်စာ စွမ်းအင်များကုန်ဆုံးသွားသည်။

“သူတို့တွေပြဿနာရှာရင် ဆုံးမရတယ်။ သူတို့က ကျမစကားနားထောင်တယ်။ ကျမဆီမှာ နေရတာလည်းပျော်ကြတယ်။ ကျမကတော့ တတ်နိုင်သမျှ သူတို့ရဲ့ကိစ္စတွေ လိုက်လုပ်ပေးလိုက်တာပဲ” ဟု သူက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုသည် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုမရှိဘဲ လူ့အသိုင်းအဝိုင်းအားလုံးတန်းတူညီမျှရေးအပါအဝင် အပြောင်းအလဲများကို အာမခံချက်ပေးသည်ဟု အမာက ယူဆသည်။ သို့သော်မြန်မာပြည်အနောက်ပိုင်း၊ ချင်းပြည်နယ်အတွင်းရှိ တောင်တန်းဒေသများတွင်မူ ညီညွတ်မှုတည်ဆောက်ရေးသည်အိပ်မက်တစ်ခုသာ ဖြစ်နေသေးသည်။

ပြည်နယ်အတွင်း အဓိကတော်လှန်ရေးတပ်ပေါင်းစုနှစ်ခု မညီညွတ်နိုင်သေးသည်မှာ တစ်နှစ်ကျော်ပင် လာပြီဖြစ်သည်။ ၎င်းတို့အနက် တစ်ဖွဲ့မှာ ချင်းပြည်ကောင်စီဟုခေါ်သည့် အစုအဖွဲ့ဖြစ်ပြီး နောက်တစ်စုမှာ ချင်းညီနောင်အဖွဲ့တို့ဖြစ်သည်။ ၎င်းတို့နှစ်ဖွဲ့လုံးသည် ချင်းအသိုင်းအဝိုင်းမျိုးစုံမှ ဆင်းသက်လာသည့် လက်နက်ကိုင်တပ်များဖြင့် ဖွဲ့စည်းထားသည့် တပ်ပေါင်းစုနှစ်ခုဖြစ်သည်။

ထိုတပ်ပေါင်းစုနှစ်ခုသည် ပြည်နယ်၏ နိုင်ငံရေးအနာဂတ်နှင့်ပတ်သက်၍ အကြီးအကျယ် သဘောထားကွဲလွဲလျက်ရှိပြီး ရံဖန်ရံခါ စိုးမိုးနယ်မြေအတွက် တိုက်ကြခိုက်ကြသည်အထိ အကွဲအပြဲက ပြင်းထန်သည်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်၏ စေ့စစပ်ညှိနှိုင်းမှုဖြင့်ထိုတပ်ပေါင်းစုနှစ်ခုသည် ငြိမ်းချမ်းရေးနှင့် အတူတကွ ပေါင်းစည်းရေးအတွက် သဘောတူညီချက်တစ်ခုကိုဖေဖော်ဝါရီလကုန်တွင် ရယူနိုင်ခဲ့ကြသည်။ သို့သော် ထိုတပ်ပေါင်းစုနှစ်ခုအကြား မယုံကြည်မှုက မြင့်တက်နေဆဲဖြစ်ရာ ထိုသဘောတူညီမှုကို အကောင်အထည်ဖော်ခြင်းသည် ခက်ခဲပေလိမ့်မည်။

အာဏာရှင်တော်လှန်ရေးသည် အမာအတွက်မူ လူမျိုး၊ ဘာသာတိုင်း၏ လွတ်လပ်ရေးတိုက်ပွဲဖြစ်သည်။ သို့သော် ချင်းလူမျိုးများအကြား မျိုးနွယ်စွဲအခြေခံ တော်လှန်ရေးက တဖြည်းဖြည်းလွှမ်းမိုးလာနေသည်ကို မြင်တွေ့ရသည်။

ရွာထဲက ဘုရားကျောင်းတွင်မူ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယဥက္ကဋ္ဌ မိုးစက်စ်က ဓာတ်မီးထွန်း၍ ဖလမ်းဘာသာသို့ ပြန်ဆိုထားသော သမ္မာကျမ်းစာမှ ကယ်တင်ခြင်း၊ ယုံကြည်ခြင်း တရားတော်တို့နှင့်ပတ်သက်သည့် ကျမ်းပိုဒ်အချို့ကို ဖတ်ရှုနေသည်။

“အဲဂုတ္တပြည် (အီဂျစ်)ကနေ ခါနန်ထိ ဣသရေလလူမျိုးတွေရဲ့ ခရီးက ရက်ပေါင်း၄၀ပဲ ကြာခဲ့သင့်တာ။ ဒါပေမဲ့ နှစ်ပေါင်း၄၀ကျော် ကြာသွားတယ်။ နောက်ဆုံးတော့ ပေးပါတယ်။ ဒီလိုပဲ ကျနော်တို့တွေလည်း ဘယ်လောက်ခက်ခဲပါစေ တစ်နေ့တော့ ဖလမ်းမြို့ကို ကျနော်တို့လက်ထဲ ပေးပါလိမ့်မယ်” ဟု CNDF ဒုက္ကဋ္ဌ မိုးစက်စ်က ရွာသားများကို ပြောသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲသည် ယမ်းငွေ့တစ်လူလူဖြင့် အရှိန်ကောင်းနေဆဲပင်။ အမာနှင့် အိမ်နီးချင်းများကမူ ပြည်တွင်းစစ်အနိဋ္ဌာရုံများ လွန်မြောက်သော် ကတိတော်ထားရာ ရွှေပြည်တော်က ၎င်းတို့ကို စောင့်ကြိုနေသည်ဟု ယုံကြည်သဖြင့် ထွက်ပြေးတိမ်းရှောင်ခြင်းမပြုဘဲ ယုံကြည်ရာကို မြဲမြံစွာ ဖက်တွယ်ရင်း ခရီးကြမ်းကြီးကို ဆက်လက်ဖြတ်ကျော်နေသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar