လူနှင့် ကုန်အဆမတန် တင်ဆောင်လာသည့် ရေယာဉ်တစ်စင်း ချင်းတွင်းမြစ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နစ်မြုပ်မှုမှ သေဆုံးသူ ၇၂ ဦး၏ ရုပ်အလောင်းများကို ရှာဖွေ တွေ့ရှိခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနက အောက်တိုဘာ ၂၀ ရက်နေ့က ရေးသားထားသည်။
အောက်တိုဘာ ၁၅ ရက်နေ့က နစ်မြုပ်ခဲ့သည့် အဆိုပါ ချင်းတွင်းမြစ်တွင်းသွား ခရီးသည်တင် အမြန်ရေယာဉ်ပေါ်တွင် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် အလုပ်သမားများ အများအပြား လိုက်ပါလာကြသည်ဟု သိရသည်။
မုံရွာမြို့ မြောက်ဘက် ၇၂ ကီလိုမီတာခန့်အကွာ၌ ရေယာဉ် နစ်မြုပ်သွားချိန်တွင် လူ ၁၅၀ ဦးခန့်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သည်။
အလောင်း ဒါဇင်ပေါင်းများစွာမှာ ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး ရေယာဉ်အား ပြန်လည် ဆယ်ယူမိချိန်တွင် ရေယာဉ် ကိုယ်ထည်အတွင်း၌ ရုပ်အလောင်းအများအပြားကိုလည်း တွေ့ရှိခဲ့သည်။
“ကျွန်တော်တို့ ရေယာဉ်တစ်ခုလုံးကို ဒီနေ့ ဆယ်ယူနိုင်ခဲ့ပါတယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရက်က အေအက်ဖ်ပီကို အောက်တိုဘာ ၂၀ ရက်နေ့က ပြောသည်။
“ရုပ်အလောင်း စုစုပေါင်း ၇၂ လောင်း ရရှိခဲ့တယ်။ အမျိုးသား ၁၄ ယောက်နဲ့ အမျိုးသမီး ၅၃ ယောက်ရဲ့ အလောင်းတွေကို ရေယာဉ်ထဲက ရရှိခဲ့ပြီး ကျန် ငါးလောင်းကိုတော့ ရေထဲက ရရှိခဲ့ပါတယ်။ ဆယ်ယူရေး လုပ်ငန်းတွေ ဒီနေ့ ပြီးဆုံးသွားပါပြီ” ဟု ၎င်းကပြောသည်။
အလောင်း ၄၄ လောင်းကို မိသားစုဝင်များနှင့် မိတ်ဆွေ အပေါင်းအသင်းများက မှတ်မိကာ မည်သူမည်ဝါ ခွဲခြားခဲ့သော်လည်း ကျန်အလောင်းများမှာ ရေထဲတွင် အချိန်ကြာမြင့်နေခြင်းကြောင့် မှတ်မိနိုင်ခြင်း မရှိတော့ဟု ဒေသအာဏာပိုင်များက ပြောကြားသည်။
ရေယာဉ်လုပ်သား ငါးဦးအား ဖမ်းဆီးထားသော်လည်း ရေယာဉ်ပိုင်ရှင်နှင့် မောင်းသူမှာမူ ထွက်ပြေး လွတ်မြောက်နေသည်။
ဒေသခံများ သွားလာရေးအတွက် အားထားနေရသည့် ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် ရေယာဉ်များကို ဗဟိုအစိုးရအနေဖြင့် အဆင့်မြှင့်တင်ပေးသင့်သည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းကျော်က ပြောကြားသည်။
“ရေယာဉ် နစ်မြုပ်မှုကြောင့် သေဆုံးသွားရတဲ့ ဆရာဝန်မတစ်ယောက်ရဲ့ အသုဘမှာ ဒီမနက် ကျွန်တော် ကူညီပေးခဲ့တယ်။ သူ့မင်္ဂလာပွဲကို မနေ့က ကျင်းပဖို့ စီစဉ်ထားခဲ့တာ” ဟု ၎င်းကပြောသည်။
“ပြည်ထောင်စုအစိုးရအနေနဲ့ ပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်သင့်တယ်။ ချင်းတွင်းမြစ်မှာ ဒါမျိုးအဖြစ်အပျက်တွေက ဟိုးတုန်းကတည်းက ဖြစ်နေတာ။ လူငယ်တွေ မသေသင့်ဘူး” ၎င်းကပြောကြားပြီး သေဆုံးသူစာရင်းကိုလည်း အတည်ပြုခဲ့သည်။