တရုတ်နိုင်ငံမြို့တော် ပေကျင်းတွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် တက်ရောက်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ မကြာမီ သွားရောက်မည်ဖြစ်သည်။
ဧပြီ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် အဆိုပါဖိုရမ်၏ ထိပ်သီးဆွေးနွေးပွဲများသို့ နိုင်ငံပေါင်း ၃၇ နိုင်ငံမှ နိုင်ငံအကြီးအကဲများနှင့် အစိုးရခေါင်းဆောင်များ တက်ရောက်ကြမည်ဟု နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဧပြီ ၁၉ ရက်နေ့တွင် ပြောကြားသည်ဟု တရုတ်ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။ အဆိုပါ ဖိုရမ်တွင် တရုတ်သမ္မတ မစ္စတာရှီကျင့်ဖိန် တက်ရောက် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
၂၀၁၇ ခုနှစ်၊ မေလက ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ပထမအကြိမ်ဖိုရမ်သို့လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာလက ဖွဲ့စည်းခဲ့သည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) အကောင်အထည် ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဦးဆောင် အကောင်အထည်ဖော်မည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းမှာ ကမ္ဘာ့နိုင်ငံ ၆၀ ကျော် ပါဝင်ပတ်သက်လျက်ရှိပြီး အခြေခံအဆောက်အအုံ ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မည့် ကျယ်ပြန့်သော အစီအစဉ်တစ်ခုဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ပထဝီအနေအထားအရ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် မဟာဗျူဟာကျသည့် နေရာ၌ တည်ရှိနေသည့်အတွက် ပါဝင်ဆောင်ရွက်သွားရန် ရှိသည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့သည့် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးသည်။
သို့သော် စီမံကိန်းများကိုဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် မျှမျှတတ ဖြစ်အောင် မဟာဗျူဟာနှင့် နည်းဗျူဟာများချမှတ်ဆောင်ရွက်သွားရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောကြားထားသည်။
တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ဆက်လက် သွားရောက်မည်ဖြစ်သည်။