ရန်ကုန်
ရန်ကုန်မြို့၊ မြေနီကုန်း ခုံးကျော်တံတားတွင် ပြုလုပ်ထားသည့် ခုံးကျော်တံတား အနုပညာစီမံကိန်းကဲ့သို့ စီမံကိန်းများကို အခြားခုံးကျော်တံတားများတွင်လည်း ဆက်လက်ဆောင်ရွက်ရန် စီစဉ်နေသည်ဟု စီမံကိန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ ပြင်သစ်ယဉ်ကျေးမှုဌာနအနေနဲ့ ဒီစီမံကိန်းအပြင် အခြားသော စီမံကိန်းကို ဆက်လက် လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်။ အခုလောလောဆယ်ဆယ်မှာတော့ လုပ်ငန်းအကောင်အထည်ဖော်ဖို့ အစီအစဉ် စဆွဲတာပဲ ရှိသေးတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြီးသွားမယ်ဆိုရင် ရန်ကုန်တိုင်းအစိုးရနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ့် အစီအစဉ် ရှိပါတယ်။ ဒါတွေကတော့ ရှေ့ဆက်လုပ်ငန်းစဉ်ပါ” ဟု မြေနီကုန်း ခုံးကျော်တံတား အနုပညာစီမံကိန်း မန်နေဂျာ အဲလက်စ်အောင်ခန့်က ပြောကြားသည်။
မြေနီကုန်း ခုံးကျော်တံတား အနုပညာစီမံကိန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့က စတင်ခဲ့ခြင်း ဖြစ်သည်။ ခုံးကျော်တံတားများအောက်ရှိ နေရာလွတ်များကို အများပြည်သူများ အပန်းဖြေအနားယူမည့် နေရာများအဖြစ် ပြောင်းလဲသည့် အဆိုပါစီမံကိန်းတွင် တံတားများအောက်ရှိ အကာအရံ အတားအဆီးဟောင်းများအား ဖယ်ရှားခြင်း၊ အုတ်ခုံတန်းရှည်များပါဝင်သည့် ဘောလုံးကွင်း၊ ခြင်းလုံးကွင်းနှင့် အကနေရာများ တည်ဆောက်ခြင်း၊ လူကူမျဉ်းကြားများ၊ လမ်အမှတ်အသားများဆောင်ရွက်ခြင်း၊ အပင်များ စိုက်ပျိုးထားခြင်းနှင့် နားနေရန် အုတ်ခုံရှည်များ ပြုလုပ်ပေးခြင်းအပြင် တံတား၏ မြေတားနံရံများတွင် နံရံဆေးမှုတ်ပန်းချီများကို ဒေသခံ အနုပညာရှင်များအား ရေးဆွဲပုံဖော်စေခဲ့သည်။
မြေနီကုန်း ခုံးကျော်တံတား အနုပညာစီမံကိန်းအတွက် Archetype အဖွဲ့အစည်းက အကြံပေးထားပြီး Vivablasti BYMA နှင့် ဒဂုံဆောက်လုပ်ရေးကုမ္ပဏီတို့က စုပေါင်းဆောက်လုပ်ပြီး စုစုပေါင်း ဒေါ်လာ ၁၈၀,၀၀၀ ကုန်ကျခဲ့သည်။ ပြည်တွင်းအလှူရှင်များက ဒေါ်လာ ၇၀,၀၀၀ ထည့်ဝင်ပြီး ကျန်ရှိသည့် ဒေါ်လာ ၁၁၀,၀၀၀ ကို ပြင်သစ်အစိုးရက လှူဒါန်းထားကြောင်း သိရသည်။
ဦးချစ်မောင် ခုံးကျော်တံတား၊ ကမ္ဘာအေး ကုက္ကိုင်း ခုံးကျော်တံတား၊ ရွှေဂုံတိုင်ခုံးကျော်တံတား၊ လှည်းတန်း ခုံးကျော်တံတားနှင့် ရှစ်မိုင်ခုံးကျာ်တံတားများတွင်လည်း ထိုကဲ့သို့ စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်သွားရန် ပြင်သစ်ယဉ်ကျေးမှုဌာနက ဆန္ဒရှိနေသည်။
အခြားသော ခုံးကျော်တံတားများတွင် ထိုသို့စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန်အတွက် ပုံစံငယ်များကို ဇန်နဝါရီ ၂၅ ရက်နေ့က မြေနီကုန်း ခုံးကျော်တံတားအောက်တွင် ပြသခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ကြည့်ရှုခဲ့သည်။
“ခုံးကျော်တံတားနဲ့ ပတ်သက်ပြီး ပုံဖော်ဆောင်ရွက်ထားတဲ့သူတွေကို ဒီနေ့ပွဲလေးမှာ ကျွန်တော်တို့ ဂုဏ်ပြုတာ ဖြစ်ပါတယ်။ လူငယ်မျိုးဆက်တွေဟာ ရန်ကုန်မြို့ကို ပြင်ဆင်ဖန်တီးနိုင်တယ်။ ကိုယ့်ရဲ့အိမ်မက်၊ ကိုယ့်ရဲ့ အတွေးတွေကို ရန်ကုန်မြို့မှာ အကောင်အထည် ဖော်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့ကြီးဟာ ရန်ကုန်သူ၊ ရန်ကုန်သားတွေအတွက် ကိုယ်ပိုင်ဆိုင်တဲ့ မြို့ကြီးလို ဖြစ်စေချင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက အဆိုပါအခမ်းအနားတွင် ပြောကြားသည်။
tzhpublic_space10.jpg
title=
မြန်မာဗိသုကာပညာရှင်များအသင်းနှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ လူငယ်အဖွဲ့များက ရေးဆွဲဖန်တီးခဲ့ကြသည့် ဒီဇိုင်းပုံများကို အဆိုပါအခမ်းအနားတွင် ပြသခဲ့သည်။ ရန်ကုန်မြို့ရှိ ခုံးကျော်တံတား ငါးခုအတွက် တစ်ခုလ ျှင် ဒီဇိုင်းပုံ နှစ်ခုစီ ခင်းကျင်းပြသခဲ့ခြင်း ဖြစ်သည်။
“အခုလို ကိုယ့်မြို့တော်ကို ကိုယ်တိုင်ပုံဖော်ပြီး ပြသခွင့်ရတာဟာ ဝမ်းသာပါတယ်။ မြေနီကုန်း အနုပညာ စီမံကိန်းနဲ့ အလားတူ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုရင် ရန်ကုန်မြို့တော်ကြီးဟာ လူတွေရဲ့ အပန်းဖြေ နားနေရာများနဲ့အတူ စည်ကားလာပါမယ်။ ဒါပေမယ့် တစ်ခုပြောချင်တာက ပြည်သူပြည်သားတွေအနေနဲ့လည်း စည်းကမ်းရှိရှိနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ရှစ်မိုင် ခုံးကျော်တံတား ဒီဇိုင်းပုံစံအဖွဲ့တွင် ပါဝင်သော မစုရည်ဝင်းက ပြောသည်။
သတင်း-ကိုမွန်