မိတ္ထီလာမြို့နယ်တွင် နေထိုင်သည့် မွတ်စလင်အသိုင်းအဝိုင်းသည် ၃၀,၀၀၀မှ ၄၀,၀၀၀ခန့်အထိ ရှိသည်။ မွတ်စလင်ဆန့်ကျင်ရေး လူမျိုးရေးပဋိပက္ခဖြစ်ပွားခဲ့သည်မှာ ခုနှစ်နှစ်ခန့် ရှိပြီဖြစ်သော်လည်း မိတ္ထီလာက မွတ်စလင်များသည် ၎င်းတို့၏ မူရင်းနေရပ်သို့ မပြန်နိုင်ဖြစ်ကြရသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ခိုကိုးရာမဲ့နေသည့် မိတ္ထီလာမြို့က မြန်မာမွတ်စလင်များ

အစ္စလာမ်ဘာသာဝင်များ၏ ဝတ်ပြုဗလီကျောင်းများဖြိုဖျက်ခံခဲ့ရခြင်း၊ အစ္စလာမ်ဘာသာဝင်များအသတ်ခံခဲ့ရခြင်းနှင့် ထောင်ပေါင်းများစွာသောမွတ်စလင်များ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရခြင်းတို့ကို ဖြစ်စေခဲ့သည့် အရေးအခင်း မိတ္ထီလာမြို့တွင်ဖြစ်ပွားခဲ့သည်မှာ ခုနှစ်နှစ်ရှိခဲ့ပြီဖြစ်သည်။

ယင်းမှရရှိခဲ့သော စိတ်ဒဏ်ရာများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် လျော့ပါးသွားမည်ဟု မျော်လင့်ခဲ့ကြသော်လည်း လက်တွေ့တွင် မဖြစ်လာခဲ့ဟု မွတ်စလင်အသိုင်းအဝိုင်းက ယုံကြည်နေသည်။

ဆွေလဲ့မွန် ရေးသားသည်။

မိတ္ထီလာမြို့ရှိ မွတ်စလင်ရပ်ကွက်တစ်ခုဖြစ်သော ချမ်းအေးသာယာရပ်ကွက်အတွင်း ပူပြင်းလှသည့် နေရှိန်က မျက်လုံးများကိုပင် ကြိမ်းစပ်စေသည်။ လွန်ခဲ့သည် ခုနှစ်နှစ်ခန့်က အမျိုးသားရေးအမည်ခံ လှုပ်ရှားသူများကြောင့် မွတ်စလင်ဆန့်ကျင်ရေး အရေးအခင်းပေါ်ပေါက်ခဲ့သည်။ ပဋိပက္ခအတွင်း မွတ်စလင်မိသားစု ၉၀ရာခိုင်နှုန်းနေထိုင်သော ချမ်းအေးရပ်ကွက်တွင် နေအိမ်အချို့ မီးရှို့ခံခဲ့ရပြီး ယင်းမှတစ်ဆင့် ရပ်ကွက်တစ်ခုလုံး မီးကူးစက်လောင်ကျွမ်းခဲ့သည်။ မီးလောင်မှုအတွင်း သစ်ပင်များပါ မကျန် ပြာကျသွားခဲ့သည်။

“မီးရှို့ခံခဲ့ရပြီးနောက်ပိုင်း အပင်တွေလည်း သိပ်မပေါက်တော့ဘူး”ဟု ရပ်ကွက်အတွင်း နေထိုင်သော ဟာဂျီမင်းစိုးက ပြောသည်။

၂၀၁၃၊ မတ်၂၀ရက်တွင် ရွှေဆိုင်ပိုင်ရှင်မွတ်စလင်မိသားစုတစ်ခုနှင့် ဗုဒ္ဓဘာသာဝင် ဈေးဝယ်သူတို့အကြား စတင်ခဲ့သော အငြင်းအခုန်တစ်ခုက နှစ်ရက်တိုင်ကြာမြင့်သည့် လူမျိုးရေး အကြမ်းဖက်မှုသို့ ဦးတည်ခဲ့သည်။ အမှုအခင်းသည် ရပ်တန့်မသွားသည့်အပြင် ပို၍ကြီးထွားလာပြီး နောက်ဆုံးတွင် မွတ်စလင် ၄၀ဦးခန့် သေဆုံးသည်အထိ ပဋိပက္ခက ရက်စက်ကြမ်းကြုတ်ခဲ့သည်။ မိတ္ထီလာမြို့၏ တည်ငြိမ်အေးချမ်းမှုလည်း ပျက်စီးသွားခဲ့သည်။ သေဆုံးသူများအနက် အစ္စလာမ်ဘာသာရေးကျောင်းမှ ဆယ်ကျော်သက် မွတ်စလင်ကျောင်းသား ၃၂ဦးနှင့် ဆရာလေးဦး ပါဝင်ခဲ့သည်။

ထောင်ပေါင်းများစွာသောမွတ်စလင်များလည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၎င်းတို့အနက်က အချို့သည် ယခုချိန်အထိတိုင် မိမိပိုင်ဆိုင်သော မြေနေရာများတွင် ပြန်လည်အခြေချနိုင်ခြင်းမရှိသေးပေ။

အကျည်းတန်လှသော လူမျိုးရေးပဋိပက္ခကြောင့် မိတ္ထီလာမြို့၏ ဂုဏ်သိက္ခာကျဆင်းသွားခဲ့သည်ဟု မိတ္ထီလာမြို့ခံအများစုက ဆိုသည်။ ယင်းလူမျိုးရေးပဋိပက္ခကို နိုင်ငံရေးအကျိုးအမြတ်ရယူလိုသော လူတစ်စုက မီးမွှေးသွားသည်ဟု မြို့ခံများက ယုံကြည်နေကြသည်။ ယင်းလူမျိုးရေးပဋိပက္ခ နောက်ကွယ်တွင် ထိုစဉ်က အာဏာရပါတီဖြစ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီက ပါဝင်ပတ်သက်နေသည်ဟု မြို့ခံများက ယူဆနေကြသည်။

“လုပ်သွားတဲ့သူအတွက်ကတော့ ဘာတွေရသွားလဲမသိဘူး။ ကျွန်မတို့မြို့က လူတွေအတွက်ကတော့ ဆုံးရှုံးသွားတာပဲရှိတယ်”ဟု သာဘာပေါင်းစုံညီညွတ်ရေးအဖွဲ့တစ်ခုဖြစ်သော Religions for Peace၏  မိတ္ထီလာအဖွဲ့ဝင် ဒေါ်သီတာအောင်က ပြောသည်။ အရေးအခင်းမဖြစ်ပွားခင်က မိတ္ထီလာမြို့ရှိ အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များသည် မိသားစုများကဲ့သို့ ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြသည်ဟု ၎င်းကဆိုသည်။

“အားနာတာပေါ့။ ခံခဲ့ရတဲ့အထဲ ကိုယ့်သူငယ်ချင်းတွေ ပါတယ်။ သူတို့ခွဲခြားဆက်ဆံခံရတော့ ကိုယ်လည်း စိတ်မကောင်းဘူး”ဟု ဒေါ်သီတာအောင်က ပြောသည်။

ချမ်းအေးသာယာရပ်ကွက်တွင် နေထိုင်သူ ဟာဂျီမင်းစိုးကို ဩဂုတ်၃၁ရက်က မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မိတ္ထီလာမြို့ရှိ မွတ်စလင်များ၏ စိတ်ဒဏ်ရာသည် မနေ့တစ်နေ့ကမှ ဖြစ်ပွားခဲ့ကသဲ့သို့ လတ်ဆတ်ဆဲ ရှိသေးသည်။ မွတ်စလင်မိသားစု ၆၀ခန့်သည် ယခုချိန်အထိ အစိုးရ၏ယာယီနေအိမ်များတွင် နေထိုင်နေရပြီး အများစုမှာ အစိုးရဌာနဆိုင်ရာများ၏ ခွဲခြားဆက်ဆံမှုကို ခံစားနေရဆဲဖြစ်သည်။

မိတ္ထီလာမြို့နယ်တွင် မွတ်စလင်လူဦးရေ သုံးသောင်းကျော်ခန့် ရှိနေသည်ဟု မြို့နယ်အစ္စလာမ်ရေးရာ ကောင်စီ ဥက္ကဋ္ဌဦးဆန်းဝင်းရှိန်က ပြောသည်။ ၎င်းသည် ၂၀၁၃ ပဋိပက္ခဖြစ်ပွားပြီးနောက် မိတ္ထီလာမြို့တွင် ပထမဆုံးဖွဲ့စည်းခဲ့သော ဘာသာပေါင်းစုံအဖွဲ့ ကြီးဖြစ်သည့် ထီလာသုခသမဂ္ဂီ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သည်။

မိတ္ထီလာမြို့သည် အမျိုးသားရေးလှုပ်ရှားသူများ၏ အမာခံနယ်မြေဖြစ်နေခြင်းကြောင့် မွတ်စလင်များသည် လူမှုရေးနှင့် စီးပွားရေးနယ်ပယ်တွင် ခွဲခြားခံနေဆဲဖြစ်သည်ဟု ဦးဆန်းဝင်းရှိန်က ဆိုသည်။

“တရားဝင်တည်ရှိတဲ့ ဝတ်ကျောင်းတော်တွေကိုလည်း ဖွင့်မပေးဘူး။ နေအိမ်တွေမှာလည်း လူစုလူဝေးနဲ့ ကိုဗစ်မတိုင်ခင်ကလည်း လူနေအိမ်မှာ ဘာသာရေးဝတ်ပြု ကိုးကွယ်မှုမရ ဆိုပြီး ‌အမိန့်တွေ ထုတ်ထားတယ်။ ပြီးတော့ မွတ်စလင်အိမ်ထောင်စု ၆၀လောက်ရှိတယ်။ အိုးပိုင်၊ အိမ်ပိုင်၊ ဂရန်ပိုင်တွေ။ သူတို့ကိုလည်း သူတို့ရဲ့ နေရပ်ရင်းကို ပြန်ခွင့်မပေးသေးဘူး။ ဒီလိုခွဲခြားမှုတွေက ရှိနေသေးတယ်။ ဒါတွေက  စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကို ဖြစ်စေတာပေါ့”ဟု ၎င်းကပြောသည်။

မကုစားနိုင်သေးသော စိတ်ဒဏ်ရာများ

“ကြည့်..ကျွန်တော်တို့မှာ ဝတ်ကျောင်းတော်တွေကို ဝင်ပြီးသန့်ရှင်းရေးလုပ်ခွင့်၊ ပြုပြင်ခွင့်တောင်မရဘူး”ဟု အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ဦးမောင်မောင်က ဖုန်များနှင့် ခြုံပုတ်များဖုံးလွှမ်းနေပြီး ပြတင်းပေါက်မှန်တစ်ချို့ကွဲအက်နေသော သီရိမင်္ဂလာဗလီကို ညွှန်ပြရင်း ပြောသည်။ ယင်းသို့ပြောဆိုချိန်တွင် ၎င်းသည် ဝမ်းနည်းနေပုံပေါက်သည်။

၎င်းသည် အစ္စလာမ်ရေးရာကောင်စီ၏ အတွင်းရေးမှူးတစ်ဦးဖြစ်ပြီး ၂၀၁၃လူမျိုးရေး ပဋိပက္ခတွင် ရင်းနှီးသောမိတ်ဆွေတစ်ဦး ဆုံးရှုံးခဲ့ရသူဖြစ်သည်။

မွတ်စလင်အများစုနေထိုင်ရာ သီရီမင်္ဂလာရပ်ကွက်ရှိ အဆိုပါဗလီသည် လူ၅၀၀ခန့် တပြိုင်နက်တည်း ဝတ်ပြုနိုင်သော ဗလီကြီးတစ်ခုဖြစ်သည်။ ၂၀၁၃မတိုင်ခင်က မိတ္ထီလာမြို့တွင် ဗလီ၁၃လုံးရှိခဲ့ပြီး မင်္ဂလာဇေရုံဗလီမှာ အရေးအခင်းတွင် မီးလောင်ပျက်စီးသွားခဲ့သည်။ ကျန်ရှိသော ဗလီ ၁၂ လုံးအနက် ၅ လုံးကိုသာ အစိုးရက ဝတ်ပြုခွင့်ပေးထားပြီး ဗလီခုနှစ်လုံးကို ယခုအချိန်ထိ ပိတ်ထားသည်။

လွန်ခဲ့သော ခုနစ်နှစ် အကြမ်းဖက်ခံရမှုများမှရရှိသော မွတ်စလင်များ၏စိတ်ဒဏ်ရာများကို အပြည့်အဝကုစားပေးလိုပါက အစိုးရအနေဖြင့် ဝတ်ပြုကျောင်းအားလုံးကို ပြန်ဖွင့်ပေးသင့်သည်ဟု ဦးဆန်းဝင်းရှိန်က ဆိုသည်။

“သီရီမင်္ဂလာရပ်ကွက်ကြီးမှာ မွတ်စလင်အများဆုံးရှိတဲ့ရပ်ကွက်က ဗလီနှစ်လုံးရှိတယ်။ အခုနှစ်လုံးစလုံး အပိတ်ခံထားရတယ်။ ဈေးလာတဲ့မွတ်စလင်တွေက ဒီမြင်ကွင်းကို နေ့တိုင်းမြင်နေရတယ်”ဟု ၎င်းကပြောသည်။

“တရားဝင်တည်ရှိတဲ့ ဝတ်ကျောင်းတော်ကိုလည်း ဖွင့်မပေးဘူး။ နေအိမ်တွေမှာလည်း လူစုလူဝေးနဲ့ ကိုဗစ်မတိုင်ခင်ကလည်း လူနေအိမ်မှာ ဘာသာရေးဝတ်ပြုကိုးကွယ်မှု မရဆိုပြီး ‌အမိန့်တွေ ထုတ်ထားတယ်။ ဒီလိုမျိုးခွဲခြားမှုတွေက ရှိနေသေးတယ်။ အဲ့ဒါတွေက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေပေါ့”ဟု ဦးဆန်းဝင်းရှိန်က ပြောသည်။

အရေးခင်းအတွင်းက မင်္ဂလာဇေရုံအစ္စလာမ်ဘာသာရေးကျောင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် မိတ္ထီလာမြို့တွင် အစ္စလာမ်ဘာသာဝင်များအတွက် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ သင်ကြားရန် အ‌ဆောက်အဦး မရှိတော့သည်မှာ ခုနှစ်ခန့်ကြာမြင့်လာခဲ့ပြီဖြစ်သည်။

မင်္ဂလာဇေရုံအစ္စလာမ်ဘာသာရေးကျောင်းရှိစဉ်က တစ်ရက်လျှင် ကျောင်းသား ၆၀၀ခန့်ကို လက်ခံသင်ကြားပေးနိုင်ခဲ့ကြောင်း အဆိုပါကျောင်းတွင် ဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော မော်လဝီအီဗရာဟင် ခေါ် ဦးတင်ကိုဦးက ဆိုသည်။

“ဗုဒ္ဓဘာသာမှာလည်း ယဉ်ကျေးမှုသင်တန်းဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ဘာသာတရားမှာလည်း ကလေးအတွက် ယဉ်ကျေးလိမ္မာဆိုတာရှိတယ်။ အနယ်နယ်၊ အရပ်ရပ်မှာသင်ကြားမှုတွေက အဆင်မပြေပါဘူး။ ခွဲခြားခံနေရလားဆိုရင် တကယ်ကို ခွဲခြားဆက်ဆံခံနေရပါတယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် သူက “ဘယ်သူကိုမှ ကျွန်တော်တို့မစော်ကားဘူး။ မတိုက်ခိုက်ဘူး။ ဘာသာတရားကိုပဲ လွတ်လွတ်လပ်လပ်ကိုးကွယ်ချင်တယ်။ သင်ကြားချင်တယ်”ဟု ၎င်းကပြောသည်။

၂၀၁၃က ကြုံတွေ့ခဲ့ရသည့် အစ္စလာမ်ဘာသာရေးကျောင်းအတွင်း သတ်ဖြတ်ခံခဲ့ရသည့် အတိတ်အကြောင်းများကို ပြန်ပြောပြရန် သူက ငြင်းဆိုသည်။

“ကျွန်တော် ဒီအကြောင်းတွေကို ပြန်မပြောချင်ဘူး။ တွေးတိုင်း အသစ်ပြန်ဖြစ်ရတယ်။ စိတ်ထဲမှာ တကယ်ကိုလည်း ဝမ်းနည်းကြေကွဲရတယ်။ ကျွန်တော့် တပည့်တွေ၊ ဆရာတွေ အကြောင်းပြချက်မရှိဘဲ အသတ်ခံရတယ်။ ဒီအကြောင်းတွေကတော့ ကျွန်တော်သေတဲ့နေအထိတော့ မေ့မှာမဟုတ်သလို ခွင့်လည်းမလွှတ်ဘူး”ဟု ဦးတင်ကိုဦးက ယူကျုံးမရပြောသည်။

မိတ္ထီလာမြို့အတွင်း စွန့်ပစ်ခံထားရသည့် ဗလီတစ်ခုကို ဩဂုတ်၃၁ရက်က မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

အစ္စလာမ်ဘာသာဝင်များအတွက် စာသင်ကျောင်းလိုအပ်ချက်ကိုသာ သူကအတွင်တွင်ပြောဆိုပြီး ကလေးငယ်များအတွက် ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများသင်ကြားခွင့်ဆုံးရှုံးနေရသည်ဟု ဆိုသည်။

“ကျွန်တော်တို့စာသင်ကျောင်းတွေက ဘာသာတစ်ခုတည်းကိုပဲ ဦးတည်သင်ကြားပေးနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ မြန်မာစာဖတ်တတ်ဖို့၊ သင်္ချာတွက်တတ်ဖို့ ဒါမျိုးလေးတွေပါ သင်ကြားပေးတော့ အတန်းကျောင်းတွေအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။ ပြီးတော့ လူအချင်းချင်း ကူညီရိုင်းပင်းဖို့၊ အပြန်အလှန်လေးစားဖို့ ဒါမျိုးလူမှုအခြေခံကျင့်ဝတ်လေးတွေ သင်ကြားပေးတာပါ” ဟု ၎င်းက ပြောသည်။

ကလေးနှစ်ဦး၏ဖခင် ဦးမြင့်ဦးကလည်း ဘာသာရေးကျောင်းလိုအပ်ချက်ရှိသည်ကို ထောက်ခံပြီး ၎င်း၏ ငါးနှစ်အရွယ်သမီးငယ်ကို ဘာသာတရားအဆုံးအမ သင်ကြားရေးအတွက် စေလွှတ်ရန် ကျောင်းမရှိဟုဆိုသည်။

“ကျွန်တော်အားတဲ့အချိန်တွေမှာ နားလည်သလောက်ပြန်သင်ပေးရတယ်။ ကျွန်တော်တို့ကတော့ ကလေးအတွက် စာသင်ကျောင်းကို ဖြစ်နိုင်သမျှမြန်မြန်လေး ပြန်ဖွင့်စေချင်တာပေါ့”ဟု ၎င်းကပြောသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးလည်းဖြစ်သည့် ထီလာသုခသာမဂ္ဂီအဖွဲ့၏ ဥက္ကဋ္ဌဒေါက်တာခင်စိုးက အစိုးရသည် အစ္စလာမ်ဘာသာဝင်များအတွက် ဘာသာရေးဆိုင်ရာစာသင်ကျောင်းများ ပြန်ဖွင့်ပေးသင့်နေပြီဟု ဆိုသည်။

“သူတို့ အခွင့်အရေးတွေ အပြည့်အဝ ပြန်မရသေးတာတာတော့ စိတ်မကောင်းဘူးပေါ့နော်။ ဘာမှလည်း မဖြစ်တော့ဘဲနဲ့ နေရာတွေ ပြန်မပေးတာတွေကလည်း ရှိသေးတယ်လေ။ ကျွန်တော်တို့ကတော့ အရင်လို ပြန်ပြီးဖွင့်စေချင်ပါပြီ။ အုပ်ချုပ်ရေးပိုင်းက ဘာအခက်အခဲရှိနေလည်း ကျွန်တော်လည်း မသိဘူးပေါ့”ဟု ၎င်းကပြောသည်။

ဒေါက်တာခင်စိုးသည် ၂၀၁၅ရွေးကောက်ပွဲတွင် အင်န်အယ်ဒီကိုယ်စားလှယ်လောင်းအဖြစ် မိတ္ထီလာ၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီဝင်  ဦးစိုးသန်းကို ရှုံးနိမ့်ခဲ့သည်။

မိတ္ထီလာမြို့တွင် စာသင်ကျောင်းနှင့် ဗလီများပြန်ဖွင့်ပေးရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနသို့ မွတ်စလင်ခေါင်းဆောင်များက အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့ကြသော်လည်း မြို့နယ်ထွေအုပ်က ခွင့်မပြုခဲ့ကြောင်း ဦးဆန်းဝင်းရှိန်က ဆိုသည်။

“သူတိုကတော့ လုံခြုံရေးအပြည့်အဝ အပေးနိုင်သေးဘူးဆိုပြီး ပြောတယ်”ဟု ၎င်းကပြောသည်။

ဖရွန်းတီးယားမြန်မာက မိတ္ထီလာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးဌာနသို့ ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

မိတ္ထီလာအခြေစိုက် ၈၈ငြိမ်း/ပွင့်အဖွဲ့ဝင် ဦးထိန်မင်းခိုင်က ဩဂုတ်၃၁ရက်တွင် ဖရွန်းတီးယားမြန်မာကို လက်ခံတွေ့ဆုံ စကားပြောခဲ့သည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးထိန်မင်းခိုင်က မြို့နယ်ထွေအုပ်၏ အကြောင်းပြချက်သည် အခြေအမြစ်မရှိဟုဆိုသည်။ ထို့ပြင် အာဏာပိုင် အဖွဲ့အစည်းများသည် မွတ်စလင်အသိုင်းအဝိုင်းကို ကာကွယ်ပေးမှု အားနည်းနေသည်ဟု ၎င်းကဆိုသည်။

၂၀၁၃လူမျိုးရေးပဋိပက္ခများ ကျရောက်ချိန်တွင်လည်း ၈၈ငြိမ်း/ပွင့်အဖွဲ့ဝင်များက ပစ်မှတ်ထား ခံရသူများကို အကာအကွယ်ပေးရန် အာဏာပိုင်အဖွဲ့အစည်းများထံ အကူအညီတောင်းခံခဲ့သော်လည်း မရရှိခဲ့ကြောင်း သူကဆိုသည်။

“ရဲဝန်ထမ်းမလုံလောက်လို့ လုံခြုံရေးကို အပြည့်အဝ မထိန်းသိမ်းနိုင်ပါဘူးလို့ မပြောနဲ့။ ကျွန်တော်တို့ကတော့ လက်မခံဘူး။ ဒီလိုဝန်ထမ်းတွေမလုံလောက်ရင် ဗဟိုအစိုးရဆီမှာ အစီရင်ခံပြီး တောင်းလေ။ ဘာကို စောင့်နေစရာရှိလဲ”ဟု ၎င်းကပြောသည်။

အိမ်ပြန်ချင်သူ

နေအိမ်ဆုံးရှုံးသွားသူများအတွက် မွတ်စလင် အဖွဲ့အစည်းများက လှူဒါန်းသော ငွေကြေးများဖြင့် နေအိမ် ၇၀၀ကျော်ကို အစိုးရက ၂၀၁၄နှင့်၂၀၁၅တွင် ဆောက်လုပ်ပေးခဲ့သည်။ သို့သော် အိမ်ထောင်စု ၆၈စုမှ လူဦးရေ ၁၀၀ခန့်သည် အစိုးရစီစဉ်ပေးထားသော ယာယီအဆောက်အအုံများတွင်သာ ယခုအထိ နေထိုင်ရဆဲဖြစ်သည်ဟု ဦးဆန်းဝင်းရှိန်က ဆိုသည်။

“သူတိုက အိုးပိုင်၊ အိမ်ပိုင်၊ ဂရန်ပိုင်တွေ။ ဒါပေမဲ့ သက်ဆိုင်ရာက သူတို့ရဲ့ နေရပ်ရင်းကို ပြန်ခွင့်မပေးသေးဘူး။ လွန်ခဲ့တဲ့သုံးနှစ်က ကန့်တွေကို ပိတ်လိုက်တဲ့အခါမှာ ချမ်းအေးသာယာရပ်ကွက်မှာ အိမ်လေးတွေနဲ့ ယာယီနေခွင့်ပေးထားတယ်”ဟု ၎င်းကပြောသည်။

အဆိုပါအိမ်ထောင်စု ၆၈စု၏ မူလနေရပ်သည် ကန်တော်မင်နှင့် မင်္ဂလာဇေရုံရပ်ကွက်တွင်ဖြစ်သည်။ လက်ရှိတွင်မူ ၎င်းတို့သည် တစိတ်အိမ်ဟုခေါ်သော ပုံမှန်မိသားစုတစ်စုစာ နေထိုင်၍ရသည့် နေအိမ်ကို နှစ်ခြမ်းခွဲ၍ မိသားစုနှစ်စု မျှဝေနေထိုင်ကြရသည်။

ဒုက္ခသည် စခန်းများ ဖျက်သိမ်းစဉ်က ယခင်နေရပ်ရင်းသို့သာ ပြန်ပို့ရန် အထွေထွေအုပ်ချုပ်ရေးဌာန တာဝန်ရှိသူများထံ​ တင်ပြတောင်းဆိုခဲ့သော်လည်း ၎င်းတို့က ယခုနေရာတွင် ယာယီသာ နေထိုင်ရမည်ဟု အာမခံခဲ့ကြောင်း ကန်တော်မင်ရပ်ကွက်သူတစ်ဦးဖြစ်ခဲ့သော ၅၆နှစ်ရှိပြီဖြစ်သည့် ဒေါ်သန်းသန်းဦးကဆိုသည်။

“အရင်နေရာကို ပြန်ပို့ပေးပါဆိုတော့ လုံခြုံရေးမပေးနိုင်ဘူး။ စိတ်ချပါ။ ကျွန်တော်တို့ စီစစ်ပြီးပို့ပါ့မယ်ဆိုပြီးပြောခဲ့တာ အခုဆိုသုံးနှစ်တောင်ရှိပြီ။ အဲဒီနောက်ပိုင်း ဘာမှလည်း လာမပြောတော့ဘူး။ ကျွန်မကတော့ အိမ်ပြန်ချင်တယ်။ ဒီမှာမနေချင်ဘူး။ ဒီရပ်ကွက်ထဲက လူတွေကလည်း ကျွန်မတို့ကို “ဧည့်သည်တွေ”လို့ သုံးနှုန်းတယ်”ဟု ၎င်းကပြောသည်။

အစ္စလာမ်ရေးရာကောင်စီ အတွင်းရေးမှူး ဦးမောင်မောင်က ကန်တော်မင်နှင့် မင်္ဂလာဇေရုံ ရပ်ကွက်နှစ်ခုသည် အမျိုးသားရေးလှုပ်ရှားသူ အများစုနေထိုင်နေသော ရပ်ကွက်များဖြစ်ခြင်းကြောင့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများက မွတ်စလင်များကို နေရပ်ရင်းသို့ ပြန်မပို့ပေးခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“အထူးသဖြင့် မင်္ဂလာဇေရုံရပ်ကွက် မဘသအမာခံတွေများတယ်”ဟု ၎င်းကပြောသည်။

ကိုမြင့်ဦးနှင့် မချိုမာလွင်တို့ ဇနီးမောင်နှံနှစ်ဦးကို ဩဂုတ်၃၁ရက်က ၎င်းတို့၏ နေအိမ်တွင် မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ဘာသာရေးကို အခြေခံသည့် နိုင်ငံရေး

၂၀၁၃လူမျိုးရေးပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ခဲ့သော အမျိုးသားရေးအမည်ခံ လှုပ်ရှားမှုများ နောက်ကွယ်တွင် မဘသအဖွဲ့နှင့် ထိုအချိန်က အာဏာရပါတီဖြစ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များ ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများက ယုံကြည်ထားကြသည်။ မိတ္ထီလာမြို့တွင် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် များမကြာမီတွင် ရှမ်းပြည်နယ်၊ လားရှိုးနှင့် ရခိုင်ပြည်နယ် သံတွဲမြို့များတွင်လည်း လူမျိုးရေးအသွင် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်ဒီပါတီက ဝင်ပြိုင်သည့် မဲဆန္ဒနယ်အားလုံးနီးပါးတွင် အနိုင်ရရှိခဲ့သည်။​ ယင်းကြောင့် ပြည်ခိုင်ဖြိုးပါတီ အကျပ်ရိုက်ခဲ့သည်ဟု ဦးထိန်မင်းခိုင်ကဆိုသည်။

“ပြည်ခိုင်ဖြိုးအစိုးရက အန်အယ်ဒီကို အများကြီးရှုံးသွားလိမ့်မယ်လို့ မထင်ထားဘူး။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီ လွှတ်တော်ထဲရောက်သွားတော့ သူတို့အနေနဲ့ အကျပ်ရိုက်သွားတယ်” ဟု ၎င်းကပြောသည်။

ပဋိပက္ခနောက်ကွယ်က ပါဝင်သည်ဆိုသည့် စွပ်စွဲချက်များကို ပြည်ခိုင်ဖြိုးပါတီက အာဏာရစဉ် ထိုချိန်ကတည်းက ငြင်းဆိုခဲ့ပြီး ကျူးလွန်ခဲ့သူများကို အရေးယူခဲ့ပြီးဖြစ်သည်ဟု ပါတီတာဝန်ရှိသူများက ဆိုသည်။ သို့သော် အရေးအခင်းပြီးနောက် ကျင်းပခဲ့သော ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက မိတ္ထီလာမြို့အပါအဝင် အနီးအနားရှိမြို့နယ်များရှိ မဲဆန္ဒနယ် အားလုံးတွင် အနိုင်ရရှိခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များအနက် ၂၀၁၃ မိတ္ထီလာအရေးခင်းကာလက မန္တလေးတိုင်းနယ်လုံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီးအောင်ကျော်မိုးလည်း ပါဝင်သည်။ ၎င်းသည် အရေးခင်းကာလအတွင်း အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် ရပ်ကွက်များတွင် လုံလောက်သော လုံခြုံရေးအင်အားချထားရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံရသူဖြစ်သည်။

“သူ့မှာ အာဏာအများကြီးရှိတယ်။ ဒါတွေအတွက် အမိန့်ပေးနိုင်စွမ်းရှိတယ်။ နောက်ဆုံး အကြမ်းဖက်သူတွေကို သေနတ်နဲ့ပစ်ဖို့အတွက် အမိန့်ထုတ်ပိုင်ခွင့်ရှိတယ်။ သူကိုယ်တိုင် မိတ္ထီလာမှာ ရုံးလာထိုင်နေရက်သားနဲ့ လိုအပ်တဲ့အမိန့်မပေးခဲ့ဘူး”ဟု ဦးထိန်မင်းခိုင်ကပြောသည်။

ဦးအောင်ကျော်မိုးသည် ယခုနှစ်တွင်လည်း ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု၍ ဝင်ရောက်အရွေးခံဦးမည်ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့၌ အင်န်အယ်ဒီပါတီရှုံးနိမ့်ခဲ့သော်လည်း မွတ်စလင်အများစု နေထိုင်ရာ ရပ်ကွက်နှစ်ခုဖြစ်သည့် ချမ်းအေးသာယာနှင့် သီရိမင်္လာရပ်ကွက်တို့ရှိ မဲရုံခြောက်ရုံလုံးတွင် အင်န်အယ်ဒီက မဲအများစုရရှိခဲ့သည်။

မွတ်စလင်အသိုင်းအဝိုင်းက ၂၀၁၅တွင် အင်န်အယ်ဒီအပေါ်စုပုံ၍မဲထည့်ခဲ့ကြသော်လည်း ယခုနှစ်တွင် မွတ်စလင်အများစုက အင်န်အယ်ဒီအပေါ်စိတ်ပျက်လာကြခြင်းကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးလာသည်ဟု ဦးဆန်းဝင်းရှိန်က ဆိုသည်။

“မွတ်စလင်လူထုက တအားမျှော်လင့်တယ်။ အမေစုတတ်လာရင်တော့ ငါတို့အရင်က ခွဲခြားခံရတာတွေ၊ ဘာသာရေးလွတ်လပ်ခွင့်မရှိတာတွေ၊ ပိတ်ခံထားရတာတွေတော့ ပြန်ရတော့မယ်လို့ မျှော်လင့်ထားတာ ယုံကြည်ထားတာ။ ဒါပေမဲ့ အဲဒီလိုအနေအထား မရောက်တဲ့အပေါ်မှာ အစိုးရအပေါ်မှာ တချို့က အားမလို၊ အားမရဖြစ်တာရှိတယ်။ တချို့က စိတ်ပျက်သွားကြတယ်”ဟု ၎င်းက ပြောသည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များအောက်တွင် တပ်မတော်နှင့် အာဏာခွဲဝေကျင့်သုံးရသော အင်န်အယ်ဒီအစိုးရ၏ အကျပ်အတည်းကို နားလည်ပေးပြီး ဆက်လက်ထောက်ခံနေသူအများအပြားလည်း ရှိသေးသည်ဟု ၎င်းကဆိုသည်။

ယင်းတို့အနက် ဦးမောင်မောင်လည်းပါဝင်ပြီး ၎င်းလက်လှမ်းမီသမျှ မွတ်စလင်အသိုင်းအဝိုင်းကို အင်န်အယ်ဒီပါတီအား ထောက်ခံမဲပေးရန်သာ တိုက်တွန်းနေသည်။

“တချို့က ဘယ်သူတက်တက် ငါတို့ဘာသာငါတို့လုပ်စားရမှာလို့ ဆိုကြတယ်။ လုပ်စားရတာ အေးအေးဆေးဆေးလုပ်စားရတာနဲ့ အကြောက်တရားနဲ့ လုပ်စားရတာနဲ့ မတူဘူးလေ”ဟု ဦးမောင်မောင်က ပြောသည်။

မိတ္ထီလာမြို့နယ် အစ္စလာမ်ရေးရာကောင်စီ ဥက္ကဋ္ဌဦးဆန်းဝင်းရှိန်ကို ဩဂုတ်၃၁ရက်က မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

သို့သော်မွတ်စလင်လူငယ်တစ်ဦးဖြစ်သည့် ကိုဝင်းမင်းထွန်းကတော့ အင်န်အယ်ဒီပါတီအပေါ်စိတ်ပျက် နေပြီး နိုဝင်ဘာ၈ရက်တွင် မဲမထည့်ရန် ဆုံးဖြတ်ထားသည်။

“အစိုးရအသစ်တက်လာရင် အရင်ထက်ကောင်းမွန်အောင် လုပ်ဆောင်ပေးမယ်လို့လည်း‌ မျှော်လင့်ခဲ့တယ်။ ကိုယ်တွေမျှော်လင့်တဲ့အတိုင်း ဖြစ်မလာတော့ ကိုယ်တွေပဲ ဆုံးရှုံးရတယ်။ နစ်နာရတယ်။ ဒီသမ္မတတက်ရင်တော့ ငါတို့လွတ်လွတ်လပ်လပ်ရှိမယ်။ ဘုရားဝတ်ပြုရမယ် ထင်ခဲ့တယ်။ ဒါပေမဲ့ သမ္မတတစ်ယောက်ဆင်းပြီး နောက်တစ်ယောက်တက်လာတော့လည်း ဒီပုံစံအတိုင်းပဲ။ မျှော်လင့်နေလည်း အလကားဖြစ်နေသလိုပါပဲ။ မမျှော်လင့်ရဲတော့ဘူးပေါ့”ဟု ၎င်းက ပြောသည်။

မူလနေရပ်သို့ အိမ်ပြန်ခွင့် မရသေးသော ဒေါ်သန်းသန်းဦးကလည်း ကိုဝင်းမင်းထွန်းအတိုင်း စဉ်းစားထားသည်ဟု ဆိုသည်။

“စာမတက်ဘူးပြောပြော မဲလည်းမပေးချင်ဘူး။ ပေးချင်စိတ်လည်းမရှိဘူး။ ဘုရားသခင်ကလွဲလို့ ကျွန်မတို့မှာ အားကိုးအားထားရာ မရှိတော့ဘူး”ဟု ဆိုသည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar