ကွမ်းဓလေ့

မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူငယ်တွေရဲ့ သုံးပုံတစ်ပုံက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကွမ်းကို စားသုံးကြသူတွေ ဖြစ်ပါတယ်။

ကွမ်းရွက်ခူးသူတွေကို ကွမ်းခြံတစ်ခြံမှာ တွေ့ရစဉ်။

ကွမ်းရွက်ခူးသူတွေကို ကွမ်းခြံတစ်ခြံမှာ တွေ့ရစဉ်။

အိုလီဗာ ဆလိုး ရေးသားသည်။ ဓာတ်ပုံ – ချီယာရာ လူဆာဒို

“ကွမ်းစားတာဟာ ကျန်းမာရေး ဘယ်လောက်ထိခိုက်တယ်ဆိုတာ ကျွန်တော် သူ့ကို ခဏခဏ ပြောပြီးပါပြီ”လို့ ဇနီးဖြစ်သူရဲ့ ကွမ်းစားတတ်တဲ့ အကျင့်နဲ့ပတ်သက်ပြီး ကိုအောင်မျိုးက ပြောပြပါတယ်။

“အဲဒီအကြောင်းတွေ သူသိပေမယ့် ဒီအကျင့်ကိုတော့ မဖျောက်နိုင်ပါဘူး”လို့ သူက ဆက်ပြောပါတယ်။ ရန်ကင်းမြို့နယ်က ကွမ်းယာဆိုင်မှာ သူ့ယောကျ်ားဘေးမှာ ရပ်နေတဲ့ ဒေါ်ဟန်စုဟာ ပါးစပ်လှုပ်လိုက်တိုင်း နှစ်ပေါင်းများစွာ ကွမ်းစားလာတာကြောင့် နီရဲနေတဲ့ သွားတွေကို လှစ်ဟပြသနေသလို ဖြစ်နေပါတယ်။

“ကွမ်းမစားရင် ကျွန်မပါးစပ်ထဲမှာ တစ်ခုခု လိုနေသလိုပဲ၊ ကျွန်မ စားတော့ မစားချင်ပါဘူး”လို့ သူက ရယ်မောပြောပြပါတယ်။ ဘေးနားက သူ့ခင်ပွန်းကတော့ စိတ်ပျက်စွာပဲ သက်ပြင်းချလိုက်တာ တွေ့ရပါတယ်။

ဒေါ်ဟန်စု တစ်ယောက်တည်း ကွမ်းစားနေတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့ မှတ်တမ်းတွေအရ မြန်မာနိုင်ငံ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းဟာ ခံတွင်းကင်ဆာ ဖြစ်ပေါ်စေတဲ့ ကွမ်းစားခြင်း အလေ့အထ ရှိတယ်ဆိုတာ သိရပါတယ်။

ကွမ်းသီးပင်ကရတဲ့ ကွမ်းသီးကို စိတ်ပစ်လိုက်လို့ ရလာတဲ့ ကွမ်းသီးစိတ်လေး နည်းနည်းကို ကွမ်းရွက်ထဲထည့်၊ တစ်ခါ စားသုံးသူတွေရဲ့ ကွမ်းစားဓလေ့အလိုက် ဆေးရွက်ကြီးနဲ့ တခြားအရာတွေကို ထပ်ထည့်ကာ ကွမ်းကို ယာတတ်ကြပါတယ်။

မန္တလေးတိုင်း ညောင်ဦးမြို့ဈေးမှာ ကွမ်းရွက်တွေကို ချိန်တွယ်နေစဉ်။

မန္တလေးတိုင်း ညောင်ဦးမြို့ဈေးမှာ ကွမ်းရွက်တွေကို ချိန်တွယ်နေစဉ်။

ကွမ်းသီးပင်ကို မြန်မာတစ်နိုင်ငံလုံးမှာ စိုက်ပျိုးနိုင်ပေမဲ့ အကောင်းဆုံး ကွမ်းသီးတွေက တနင်္သာရီတိုင်း တောင်ပိုင်းက ရရှိတယ်လို့ ကွမ်းသီးရောင်းသူ အသက် ၄၄ နှစ်အရွယ်ရှိ ဒေါ်လှလှက ဆိုပါတယ်။

“ကွမ်းသီးအကောင်းဆုံးနေရာက မြိတ်၊ ထားဝယ်နဲ့ ကော့သောင်းတို့ ဖြစ်ပါတယ်”လို့  ဗဟန်းမြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ ဆိုင်အပြင်မှာရပ်ရင်း သူက ပြောပြပါတယ်။ ဗဟန်းမြို့နယ်ဟာ ကွမ်းသီးဆိုင်တွေ တစုတစည်းတည်း တည်ရှိရာ ဖြစ်တဲ့အတွက် “ကွမ်းသီးမြို့နယ်”လို့လည်း လူသိများကြပါတယ်။

နေလှမ်းထားတဲ့ ကွမ်းသီးရဲ့ အတွင်းပိုင်းကို ပြသနေစဉ်။

နေလှမ်းထားတဲ့ ကွမ်းသီးရဲ့ အတွင်းပိုင်းကို ပြသနေစဉ်။

“ကွမ်းသီးကို တစ်နှစ်လောက်ပဲ စိုက်ရပြီး နှစ်အတော်ကြာကြာ ထားနိုင်ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့ကို သယ်လာပြီးရင်တော့ ရေထဲမှာ ၂၄ နာရီလောက် စိမ်ထားရပါတယ်။ ပြီးရင်တော့ လေးရက်အတွင်း အသုံးပြုနိုင်ပါပြီ”လို့ သူက ပြောပါတယ်။

ဒေါ်လှလှက ကွမ်းယာကို ထွေးထုတ်လိုက်ပြီး ချက်ချင်းပဲ နောက်ထပ်တစ်ယာကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြန်ပါတယ်။

“ကျန်းမာရေး ထိခိုက်တယ်ဆိုတာ ကျွန်မသိပေမဲ့ မရပ်နိုင်ပါဘူး၊ စွဲနေပါပြီ”လို့ သူက ပြောပါတယ်။

အဆောက်အအုံ ထောင်ချိုးနေရာတွေမှာ စည်းမဲ့ကမ်းမဲ့ ကွမ်းတံတွေး ထွေးတတ်ကြတယ်။

အဆောက်အအုံ ထောင်ချိုးနေရာတွေမှာ စည်းမဲ့ကမ်းမဲ့ ကွမ်းတံတွေး ထွေးတတ်ကြတယ်။

ကွမ်းယာထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေ ရောထွေးဓာတ်ပြုပြီး ထွေးထုတ်လိုက်တဲ့အခါ သွေးလို နီညစ်ညစ် အရောင် ကွမ်းတံတွေးတွေ ထွက်လာပါတယ်။ အဲဒီလို အရောင်တွေကို အဆောက်အအုံတွေရဲ့ ထောင့်ချိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။

ကွမ်းစားတာက ရုပ်ဆိုးတယ် ဆိုရပေမဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူတွေက အနည်းနဲ့ အများကတော့ စမ်းသပ်စားကြည့်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ ကွမ်းစားတာက နိုင်ငံခြားသားတွေအတွက်တော့ ခက်ခဲတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။

၁၉၈၂ ခုနှစ်က ကလောင်နာမည် ရွှေရိုး အဖြစ် ဆာဂျိမ်းဂျော့ချ်စကော့ Sir James George Scott ရေးသားခဲ့တဲ့ “သည် ဘာမင်” The Burman စာအုပ်ထဲမှာ နိုင်ငံခြားသားတစ်ယောက် ပထမဆုံးအကြိမ် ကွမ်းစားတဲ့ အတွေ့အကြုံအကြောင်း “ပါးစပ်ထဲ ဝါးရတာ ခက်ခဲပြီး ကွမ်းသီးတွေကလည်း သွားကြားထဲမှာ ညပ်နေပါတယ်။  ဦးဆုံး သူဟာ ကွမ်းသီးနည်းနည်းကို ညှပ်လိုက်ပါတယ်၊ ကွမ်းရွက်ပေါ်မှာ ထုံးပါးပါး သုတ်လိုက်ပါသေးတယ်၊ ဆေးရွက်ကြီးနဲ့ ဆေးနည်းနည်း ထည့်ပြီး ကွမ်းယာယာကာ သူ့ ပါးစောင်ထဲ ထည့်ပြီး သွားတွေနဲ့ ဖိကြိတ်ဝါးချလိုက်ပါတယ်”လို့ ရေးသားထားတာ တွေ့ရပါတယ်။

အများပြည်သူ သွားလာတဲ့နေရာမှာ ကွမ်းစားတာကို တားမြစ်ဖို့ အစိုးရက ကြိုးစားနေပေမဲ့လည်း လူငယ်တွေကြားမှာ ကွမ်းစားသူ အရေအတွက်က ဆက်လက်တိုးပွားနေပါတယ်။ အသက် ၁၅ နှစ်အောက် ဆေးရွက်ကြီး အသုံးပြုသူများရဲ့ ကမ္ဘာလုံးဆိုင်ရာ လူငယ်များ ဆေးရွက်ကြီး သုတေသနမှတ်တမ်းထဲမှာ ၂၀၁၁ ခုနှစ်အတွင်း အငွေ့မထွက်တဲ့ ဆေးရွက်ကြီး အသုံးပြုသူတွေက ၁၈ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ၂၀၀၁ ခုနှစ်က ၅ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အသက် ၁၅ နှစ်နဲ့ အထက် အမျိုးသား ၅၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၁၆ ရာခိုင်နှှုန်းက အငွေ့မထွက်တဲ့ ဆေးရွက်ကြီး စားသုံးတယ်လို့ သိရပါတယ်။

ကင်ဆာရောဂါအတွက် နိုင်ငံတကာ သုတေသန အေဂျင်စီက ပြုလုပ်တဲ့ စစ်တမ်းမှာ ဆေးရွက်ကြီးနဲ့ ကွမ်းသီးတို့ဟာ ကင်ဆာဖြစ်စေနိုင်တယ်လို့ ဖော်ပြထားတဲ့အတွက် ကွမ်းစားတာက ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကွမ်းစားသူ ၁၀ ရာခိုင်နှုန်းက ပါးစောင်ကင်ဆာ ဖြစ်ကြတယ်လို့ ရန်ကုန်အခြေစိုက် အင်န်ဂျီအိုအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း People’s Health Foundation ဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ဆိုပါတယ်။

“ကွမ်းသီးကို သံပရာနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ပါးစပ်ပျက်တာမျိုး ဖြစ်နိုင်ပြီး ဒါက ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဆေးရွက်ကြီးသာ ထပ်ပြီးပေါင်းလိုက်မယ်ဆိုရင် ကင်ဆာဖြစ်ဖို့ အခြေအနေ ပိုများသွားပြီ”လို့ ဒေါက်တာ သန်းစိန်က Frontier ကို ပြောကြားပါတယ်။

“လူတွေက အန္တရာယ်ကို သိကြပါတယ်။ သူတို့ ကွမ်းပြတ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ ကျွန်တော်တို့ ပြသဖို့လိုတယ်”လို့ သူက ပြောပါတယ်။

“ဥပမာအနေနဲ့ဆိုရင် လူတွေက နီကိုတင်းကို စွဲလမ်းကြတော့ ကျွန်တော်တို့က လူတွေမစွဲလမ်းဖို့ ပညာပေးကြပါတယ်၊ ဒါက အဓိက စိန်ခေါ်မှုတစ်ခုပါ။ ဒါပေမဲ့ လူငယ်တွေကြားထဲ စားသုံးသူ လျော့ကျသွားအောင် လုပ်နိုင်ရင် အစကောင်းပါပြီ”လို့ ဒေါက်တာ သန်းစိန်က ဆက်ပြောပါတယ်။

နောက်ထပ် ကွမ်းစားဓလေ့ ခေတ်စားတဲ့ ထိုင်ဝမ်နိုင်ငံမှာ ထိုင်ဝမ် တရုတ်ဆေးတက္ကသိုလ်က သုတေသန ပါမောက္ခ ကိုယင်ချင်ကလည်း ကွမ်းရွက်ထဲ ဆေးရွက်ကြီး ထည့်သွင်းစားသုံးတာက ကင်ဆာဖြစ်နိုင်တယ် ဆိုတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကွမ်းကြိုက်တတ်သူတစ်ဦးကို တွေ့ရစဉ်။

ကွမ်းကြိုက်တတ်သူတစ်ဦးကို တွေ့ရစဉ်။

ကွမ်းမစားသူနဲ့ ကွမ်းစားသူကြား ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေမှာ ကွမ်းစားသူက ၂၆ ဆ ပိုများပြီး ကွမ်း၊ ဆေးလိပ်၊ အရက် သုံးမျိုးစလုံး သုံးစွဲပါက ၁၂၃ ကြိမ် ပိုများတယ်လို့ ပါမောက္ခ ကိုယင်ချင်က Frontier ကို အီးမေးလ်ကတစ်ဆင့် ပြောကြားပါတယ်။

အသက် ၁၈ နှစ်အောက် လူငယ်တွေကို ကွမ်းစားတာ တားမြစ်ပြီး ကွမ်းစားလို့ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ထိခိုက်မှုတွေနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပညာပေးအစီအစဉ်တွေ ပြုလုပ်ဖို့လည်း သူက အကြံပေးပါတယ်။

ကွမ်းစားတာ တိုက်ဖျက်ဖို့ လုပ်ဆောင်နေတဲ့ အကြံပေးပုဂ္ဂိုလ်တွေဟာ လက်ရှိအချိန်မှာတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အသက် ၄၄ နှစ်အရွယ်ရှိ ကိုဇာနည်ရဲ့ ပြောစကားအရ သူဟာ တစ်ရက်ကို ကျပ် ၂,၀၀၀ ဖိုး ကွမ်းစားလေ့ရှိပြီး ဒီလိုစားတာကလည်း ၇ နှစ်ခန့်ရှိပြီလို့ သိရပါတယ်။ တခြားကွမ်းစားသူတွေလိုပဲ သူ့အနေနဲ့လည်း ကျန်းမာရေးအန္တရာယ်ကို သိပေမဲ့ မဖြတ်နိုင်ဘူးလို့ ဆိုပါတယ်။

“အိပ်ရာ နိုးလာတာနဲ့ ကွမ်းစားချင်တာပါပဲ။ ထမင်းစားပြီးရင်လည်း ကွမ်းစားချင်လာတယ်။ ကျွန်တော် ကွမ်းဖြတ်ချင်ပါတယ်၊ ဒါပေမယ့် ဖြတ်ဖြစ်မလားတော့ မသိသေးပါဘူး”လို့ သူက ပြောပြပါတယ်။

ရဲထွဋ်သိန်း ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar